ဦးဇင်ဝိုင်း ဖမ်းဆီးခံရ

နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်လည်းဖြစ်၊ ဒီမိုကရေစီအရေးနဲ့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ရှေ့တန်းကနေ အမြဲတမ်း ပါဝင်လေ့ရှိတဲ့ ဦးဇင်ဝိုင်းကို အာဏာသိမ်းစစ်ကောင်စီက မကြာသေးခင် အချိန်ပိုင်းအတွင်းကပဲ အိမ်မှာ လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။

ဦးဇင်ဝိုင်းကို အခုလို နေအိမ်မှာ လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားတဲ့အကြောင်း မိသားစုဝင်တစ်ဦးက လူမှုကွန်ယက်မှာ အတည်ပြု ရေးသားထားပါတယ်။

ဦးဇင်ဝိုင်းဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေး လူထုလှုပ်ရှားမှုမှာလည်း အနုပညာရှင်တစ်ဦးအနေနဲ့ တက်တက်ကြွကြွ ထိပ်ဆုံးကနေ ဦးဆောင် ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

အခုတကြိမ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းတော့လည်း အနုပညာရှင် ညီအကို မောင်နှမတွေနဲ့အတူ အာဏာရှင်ဆန့်ကျင်ရေး လူထု ဆန္ဒပြပွဲတွေမှာ ထိပ်ဆုံးကနေ ဦးဆောင်ပါဝင်ခဲ့သလို CDM အကြမ်းမဖက် အာဏာရှင် ဖီဆန်ရေး လှုပ်ရှားမှုတွေအတွက်လည်း စည်းရုံး ပြောဆိုခဲ့တာပါ။

အဆိုတော် ပိုပိုလည်း ဒီကနေ့မှာပဲ နေအိမ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သူ့ရဲ့မန်နေဂျာဖြစ်သူက ဖေ့စ်ဘုတ်မှာရေးထားပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ဆန္ဒပြပွဲတွေမှာ ပါဝင်သူတွေနဲ့ CDM လှုပ်ရှားမှုကို ပံ့ပို့ပေးနေသူ အနုပညာရှင်အများစုကို ဖမ်းဝရမ်းထုတ်ထားတာမှာ ဝါရင့် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးလည်းဖြစ်၊ NLD ပါတီ စတင်တည်သူတွေထဲ ပါဝင်သူတစ်ဦးလည်းဖြစ်တဲ့ ဦးအောင်လွင်၊ ရုပ်ရှင်သရုပ်ဆောင် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံ၊ လူရွှင်တော် ဇာဂနာ၊ ရုပ်ရှင်မင်းသား လူမင် းစတဲ့ အထင်ကရပုဂ္ဂိုလ် အတော်များများလည်း အခုချိန်မှာ ဖမ်းဆီး ထိန်းသိမ်းခံထားကြရပြီး ဖြစ်ပါတယ်။

ဒါ့အပြင် လူကြိုက်များ ထင်ရှားတဲ့ မော်ဒယ်နဲ့ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်သူ ပိုင်တံခွန်ဟာလည်း လွန်ခဲ့တဲ့သီတင်းပတ်က ဖမ်းဆီးခံခဲ့ရပါတယ်။

စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဝရမ်းထုတ်ထားတဲ့ထဲမှာ အနုပညာလောကသား အများအပြားသာမက သတင်းမီဒီယာသမားတွေ၊ တခြားလူပုဂ္ဂိုလ်တွေလည်း ပါဝင်ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/5854119.html

ဦးဇင်ဝိုင်း ဖမ်းဆီးခံရ ဦးဇင်ဝိုင်း ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 20:50 Rating: 5

No comments:

Powered by Blogger.