ရန်ကုန်မှာ ပန်းသပိတ်ဆင်နွှဲ

ရန်ကုန်မြို့က ပန်းသပိတ် (အေပြီ၊၀၂၊၂၀၂၁)

စစ်ကောင်စီ အာဏာသိမ်းပြီး ၆၁ ရက်မြောက် ဒီနေ့ ဧပြီလ ၂ ရက်နေ့မှာလည်း နိုင်ငံအနှံ့မှာ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဆက်ရှိနေပါတယ်။ ရန်ကုန်မြို့မှာ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူတွေအတွက် ပန်းတွေနဲ့ ဂုဏ်ပြုတဲ့ ပန်းသပိတ်အပါအဝင် စစ်ကောက်စီ အာဏာသိမ်းထားတဲ့ လုပ်ရပ်အပေါ်ပြည်သူတွေက ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေက လက်နက်နဲ့ ခြောက်လှန့်တာတွေရှိပေမယ့် ပြည်သူတွေကတော့ ပုံစံမျိုးစုံနဲ့ ဆန့်ကျင်ဆန္ဒပြခဲ့ကြတာပါ။ ရန်ကုန်ကလာတဲ့ ဆန္ဒပြပွဲအခြေအနေတွေကို မခင်ဖြူထွေး ပြောပြထားပါတယ်။

အိမ်မပြန်နိုင်ဘဲ ကျဆုံးသွားပြီဖြစ်တဲ့ နွေဦးပန်းကလေးတွေကို ရည်စူးပြီး ဒီကနေ့မှာတော့ ရန်ကုန်မြို့က နေရာတော်တော်များများမှာ ပန်းသပိတ် ပြုလုပ်ခဲ့ပါတယ်။ စစ်ကောင်စီ အာဏာသိမ်းပြီး ၂ လကျော် ကာလအတွင်းမှာ တပ်တွေရဲ့ အင်အားသုံး ပစ်ခတ်နှိမ်နှင်းမှုအတွင်း သေဆုံးခဲ့ကြသူတွေအတွက် ဘတ်စ်ကားမှတ်တိုင်တွေနဲ့ ဆန္ဒပြသပိတ်ရှိရာ နေရာတွေအပါအဝင် လမ်းလျှောက်သပိတ်တွေမှာလည်း ပန်းတွေကို ကိုင်ဆောင်ပြီး အာဏာရှင်ကျဆုံးရေးအတွက် ဆန္ဒပြခဲ့ကြတာပါ။

နွေဦးတော်လှန်ရေးလို့ အမည်ပေးထားတဲ့ အာဏာရှင်ကျဆုံးရေး ဆန္ဒပြသပိတ်တွေထဲ ကျဆုံးသူများခဲ့တဲ့ မြောက်ဥက္ကလာမြို့နယ်မှာလည်း ဒီကနေ့ ကျည်အစစ်နဲ့ပစ်ခတ်တာတွေ ရှိခဲ့ပါတယ်။ ခရီးသည်တင်ဆောင်လာတဲ့ ဘတ်စ်ကားကို ရပ်ခိုင်းတာ၊ လမ်းထဲဝင်လာတဲ့ ကားတွေကို ထွက်ကြည့်တဲ့ ပြည်သူတွေကို ဆဲဆိုတာနဲ့ ကျည်အစစ်နဲ့ ပစ်တာတွေရှိခဲ့တယ်လို့ အဲဒီအနီးမှာ နေထိုင်သူတဦးက VOA ကိုပြောပါတယ်။

"YBS ကိုရပ်ခိုင်းတော့ YBS ကားပေါ်က လူတွေကိုဆင်းခိုင်းပြီး စစ်လည်းစစ်တယ်၊ ပစ်လည်းပစ်တယ်။ မနေ့တုန်းတော့ အစ်မတို့က( ဈ) စျေးမှာ မနက်ပိုင်းသပိတ်လုပ်တယ်။ အင်တာနက်လိုင်းက မရတော့ သုံးလို့လည်းမရဘူး ဖြစ်နေတယ်။ သတင်းအမှောင်ချထားတာ။"

အခုလို ပစ်ခတ်ခြိမ်းခြောက်တာတွေ ရှိခဲ့တဲ့ ရပ်ကွက်ထဲကို မနေ့ညနေကပဲ လက်နက်ကိုင်တပ်ဖွဲ့တွေ ရောက်လာပြီးတော့ ပြည်သူတွေကို အနုနည်းသုံး နှုတ်ဆက်တာတွေ လုပ်ခဲ့ပေမဲ့၊ ဒီကနေ့မှာတော့ ဆိုင်ကယ်တွေကို သိမ်းဆည်းပြီး လူတချို့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ CNN သတင်းထောက်ကို ဒီနေ့ အင်တာဗျူးဖြေခဲ့တဲ့ ပြည်သူတွေကိုလည်း အရပ်ဝတ်နဲ့ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာ ညနေအချိန်အထိ ပြန်လွတ်မလာသေးဘူးလို့ အနီးဝန်းကျင်မှာ နေထိုင်သူတွေက ပြောပါတယ်။ မင်္ဂဒုံမြို့နယ် ၁၀ မိုင်စျေးက ၂ ယောက်နဲ့ မင်္ဂလာဒုံစျေးက ၂ ယောက်စုစုပေါင်း ၄ ယောက်ဖြစ်ပါတယ်။

မတ်လ ၃၁ ရက် ဗုဒ္ဓဟူးနေ့ ညနေပိုင်းတုန်းက ဦးချစ်မောင်လမ်းမှာ မောင်းနှင်လာတဲ့ ဝန်ထမ်းကြိုပို့ယာဉ်ကို စစ်တပ်နဲ့ရဲတွေဘက်က ပစ်ခတ်လို့ ဦးခေါင်းကိုကျည်ထိခဲ့တဲ့ Shinhan တောင်ကိုရီးယားဘဏ်ဝန်ထမ်း အမျိုးသမီးကတော့ ဒီကနေ့မှာ ကွယ်လွန်သွားပါတယ်။ စစ်ကောင်စီရဲ့ ဖိအားပေးမှုကြောင့် ဒီကနေ့မှာပဲ ချက်ချင်း သဂြိုလ်ခဲ့ရတယ်လို့လည်း နီးစပ်သူတွေက ပြောပါတယ်။

အကြမ်းဖက်ပစ်ခတ်ခံရပြီး ကျဆုံးသူများခဲ့တဲ့ တောင်ဒဂုံမြို့နယ်မှာလည်း ဒီနေ့အထိ ဆန္ဒပြသပိတ်တွေရှိနေတုန်းပါ။ တောင်ဒဂုံမြို့နယ်ထဲက စည်ပင်ဝင်း ၁ မှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးညတုန်းက တိုက်ပေါ်ထိဝင်ရောက် ပစ်ခတ်ခံလိုက်ရသူ အမျိုးသားတဦးရဲ့ အလောင်းကိုတော့ ဒီကနေ့အချိန်အထိ ပြန်မရသေးဘူးလို့ ရပ်ကွက်နေပြည်သူတဦးက VOA ကိုပြောပါတယ်။

"အဲဒီ စည်ပင်ဝင်း ၁ ကို ဝင်ရောက်ပစ်ခတ်မှု ဖြစ်စဉ်တုန်းက တယောက်သေတယ်၊ အလောင်းပြန်မရလိုက်ဘူး။ သေနပ်လုတယ်ဆိုပြီးတော့ ရင်ဘတ်ကို ၃ ချက် တေ့ပစ်သွားတယ်။ သူကဆုံးသွားတယ်၊ အလောင်းပြန်မရဘူး။ ဒီနေ့တော့ ၅၆ လမ်းဆုံမှာတော့ ပြနေကြတယ်။ ၁၀၇ ဘက်ခြမ်းကတော့ နည်းနည်းငြိမ်သွားတယ်ပေါ့။ ငြိမ်သွားတယ်ဆိုတာက သူတို့က တပ်စွဲထားတာရော၊ ပစ်ခတ်ခံထားရတော့ ဘယ်လိုမှလှုပ်လို့မရတဲ့ အနေအထားမျိုးမှာ ငြိမ်နေရတာပေါ့။"

တပ်တွေဖက် အကြမ်းဖက် ပစ်ခတ်တာတွေ၊ လက်နက်ကိုင် ခြိမ်းခြောက်တာတွေရှိနေလို့ ဆန္ဒပြသူတွေဖက်ကလည်း ရတဲ့နည်းနဲ့ ခုခံကာကွယ် ဆန္ဒပြနေကြပါတယ်။ ဒီလိုအခြေအနေမှာပဲ မြန်မာနိုင်ငံမှာ Fiber optic ဖန်ကြိုးမ ျှင်ကြိုးနဲ့ သွယ်ထားတာ မဟုတ်တဲ့ ကြိုးမဲ့ Broadband အင်တာနက်ဆက်သွယ်မှုတွေကို မနေ့ညကစလို့ အကန့်အသတ်မရှိ ပိတ်ထားသလို၊ လက်ကိုင်ဖုန်းပေါ်ကနေ အင်တာနက် သုံးနိုင်တဲ့ Wifi နဲ့ Mobile date အင်တာနက်ဆက်သွယ်မှုတွေကိုလည်း စစ်အာဏာသိမ်းပြီးထဲက ပိတ်ပင်ထားတဲ့အတွက် ပြည်သူတွေဟာ သတင်းမှန်ရရှိရေးအတွက်ကိုလည်း စိုးရိမ်နေကြပါတယ်။


 မခင်ဖြူထွေး/ VOA Burmese

https://burmese.voanews.com/a/5838331.html

ရန်ကုန်မှာ ပန်းသပိတ်ဆင်နွှဲ ရန်ကုန်မှာ ပန်းသပိတ်ဆင်နွှဲ Reviewed by THITHTOOLWIN on 22:31 Rating: 5

No comments:

Powered by Blogger.