ထိုင်းစားသောက်ကုန်ပစ္စည်း ၅ မျိုး မြဝတီနယ်စပ်မှတဆင့် တင်သွင်းခွင့် ရုတ်တရက်ပိတ်လိုက်ခြင်းကြောင့် မြန်မာကုန်သည်များ ထိခိုက်မှုကြီးမား




ဧပြီလ ၁၉ ရက် ၂၀၂၁ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံသို့ တင်သွင်းနေသည့် ထိုင်းစားသောက် ကုန် ပစ္စည်း ၅ မျိုး မြဝတီနယ်စပ်မှတဆင့် တင်သွင်းခွင့်ကို ရုတ်တရက်ပိတ်လိုက်ခြင်းကြောင့် မြန်မာကုန်သည်များအတွက် ထိခိုက်နစ်နာမှု ကြီးကြီးမားမား ရှိနေကြောင်း မြဝတီနယ်စပ်ကုန်သည်ကြီးများ အသင်း ဥက္ကဌ ဒေါ်သင်းသင်းမြတ်က ယနေ့(ဧပြီ ၁၉ရက်) ပြောသည်။ 

ထိုင်းစားသောက်ကုန်ပစ္စည်း ၅ မျိုး ဖြစ်သော အချိုရည်မျိုးစုံ၊ ကော်ဖီမစ်မျိုးစုံနှင့် တီးမစ်မျိုးစုံ၊ Instant Coffee၊ နို့ဆီ နှင့် နို့စိမ်း တို့အား လာမည့် မေလ ၁ ရက်နေ့မှစ၍ မြဝတီနယ်စပ်မှတဆင့် တင်သွင်းခွင့်မပြုတော့ဘဲ ပင်လယ်ရေကြောင်းမှသာ တင်သွင်းခွင့်ပြုသွားမည် ဟု 

ယမန်နေ့ ဧပြီလ ၁၈ ရက်နေ့ ရက်စွဲဖြင့် ကုန်သွယ်ရေးဦးစီးဌာန မြဝတီကုန်သွယ်ရေးဇုန် ဒုတိယညွှန်း ရေးမှူးမှ မြဝတီနယ်စပ်ကုန်သည်များ အသင်းသို့ စာထုတ်ပြန် အသိပေးထားသည်။

ထိုသို့ ထိုင်းစားသောက်ကုန်များ တင်သွင်းခွင့် ရုတ်တရက် ပိတ်လိုက်ခြင်းနှင့်ပတ်သက်၍ မြဝတီနယ်စပ်ကုန်သည်ကြီးများအသင်း ဥက္ကဌ ဒေါ်သင်းသင်းမြတ်က “ယခုလို ရုတ်တရက် ပိတ်လိုက်တဲ့ အတွက် ထိုင်းဘက်ခြမ်းက ကုန်သည်များအနေဖြင့် နစ်နာမှု ကြီးကြီးမားမား သိပ်မရှိပေမယ့် မြန်မာဘက်ခြမ်းက ကုန်သည်တွေ အနေနဲ့ကတော့ တော်တော်လေးကို ထိခိုက်နစ်နာမှုရှိပါတယ်။ ဘာကြောင့်ဆိုတော့ ထိုင်းဘက်ခြမ်းက ကုန်ပစ္စည်းများကို ဝယ်ယူ တင်သွင်းဖို့အတွက် ထိုင်းကို ကြိုတင်စရံငွေပေးပြီးတော့ တစ်နှစ်စာချုပ်ချုပ်ရတာပါ။ ကိုယ်ဘက်ခြမ်းက တင်သွင်းခွင့်ပိတ်လိုက်တော့  ပေးထားတဲ့ငွေတွေ ဆုံးရှုံးမှုရှိလာမယ်။ ပင်လယ်ရေကြောင်းက သွင်းခိုင်းတယ်ဆိုပေမယ့်လည်း အခုအချိန်မှာ ပင်လယ်ရေကြောင်း ထွက်ခွင့်တွေ ပိတ်ထားတဲ့အတွက် မြန်မာ့လယ်ယာထွက်ကုန်တွေဖြစ်တဲ့ ပဲတို့၊ ကြက်သွန်တို့တောင်မှ မြဝတီနယ်စပ်ကတဆင့် ထိုင်းသို့ပို့ပြီး ထရန်စစ်ယူ၍ အခြားနိုင်ငံသို့ ပို့နေရတယ်”ဟု  ပြောသည်။

ယခု ပိတ်လိုက်သည့် ထိုင်းစားသောက်ကုန် ၅ မျိုးမှာ

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မြဝတီနယ်စပ်မှတဆင့် တင်သွင်းသည့် သွင်းကုန်၏ ၇၀ ရာခိုင်နှုန်းခန့် ရှိခဲ့ကြောင်လည်း ဒေါ်သင်းသင်းမြတ်က ဆက်ပြောသည်။

အဆိုပါ ထိုင်းစားသောက်ကုန်ပစ္စည်း ၅ မျိုးအား နယ်စပ်မှတဆင့် တင်သွင်းခွင့် ရုတ်တရက်ပိတ်လိုက်ခြင်းကြောင့် ပြည်တွင်း၌ အဆိုပါ စားသောက်ကုန်များ ရှားပါးလာပြီး ဈေးကွက် မတည်ငြိမ်မှု ဖြစ်လာနိုင်သည်ဟု မြဝတီနယ်စပ် ကုန်သည်အသိုင်းအဝိုင်းတွင် သုံးသပ်ပြောကြားမှုများ ရှိနေသည်။


Karen Information Center -KIC

https://www.facebook.com/KICNewsPage

ထိုင်းစားသောက်ကုန်ပစ္စည်း ၅ မျိုး မြဝတီနယ်စပ်မှတဆင့် တင်သွင်းခွင့် ရုတ်တရက်ပိတ်လိုက်ခြင်းကြောင့် မြန်မာကုန်သည်များ ထိခိုက်မှုကြီးမား ထိုင်းစားသောက်ကုန်ပစ္စည်း ၅ မျိုး မြဝတီနယ်စပ်မှတဆင့် တင်သွင်းခွင့် ရုတ်တရက်ပိတ်လိုက်ခြင်းကြောင့် မြန်မာကုန်သည်များ ထိခိုက်မှုကြီးမား Reviewed by THITHTOOLWIN on 20:00 Rating: 5

No comments:

Powered by Blogger.