ဖမ်းဆီးခံရသူများကို ညှင်းပမ်းနှိပ်စက်မှု လူ့အခွင့်အရေးသမားတွေ ဝေဖန်

မုံရွာမြို့ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်

အာဏာသိမ်း အုပ်ချုပ်နေတဲ့ စစ်ကောင်စီက ဖမ်းဆီးထားသူတွေကို နှိပ်စက်ထားတဲ့ ပုံတွေကို ထုတ်ပြန်ခဲ့ပြီးနောက် ဒါဟာ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်တယ်လို့ လူ့အခွင့်အရေးဆောင်ရွက်နေသူတွေနဲ့ ဥပဒေပညာရှင်တွေက ပြောကြားလိုက်ပါတယ်။ အမျိုးသမီးငယ်တွေကိုပါ ရုပ်ပျက် ဆင်းပျက်ဖြစ်တဲ့အထိ ရိုက်နှက်ထားတာဟာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမြောက်တယ်လို့ ထောက်ပြနေတဲ့အကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မစုမြတ်မွန် ကတင်ပြပါမယ်။

စစ်အာဏာရှင်ဆန့်ကျင်မှုတွေရှိနေတဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်းအုပ်ချုပ်နေတဲ့ စစ်ကောင်စီက ကိုယ်ထိလက်ရောက် ရိုက်နှက် နှိပ်စက်ထားပုံရတဲ့ ဖမ်းဆီးခံထားရသူပုံတွေကို လူသိရှင်ကြားထုတ်ပြန်ခဲ့ပါတယ်။ မုံရွာမြို့က ဆန္ဒပြပွဲတွေကို ဦးဆောင်သူတယောက်ဖြစ်တဲ့ ကိုဝေမိုးနိုင်ရဲ့ ဖူးယောင်နေတဲ့မျက်နှာနဲ့ ဓါတ်ပုံတွေ ပေါ်ထွက်လာပြီး မကြာခင်မှာပဲ၊ ရန်ကုန်မြို့ ရန်ကင်းမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့က ဖမ်းဆီးခံလူငယ်တွေကို ရုပ်ပျက်လောက်အောင် အပြင်းအထန်ရိုက်နှက်ထားတဲ့ ပုံတွေကို စစ်တပ်ပိုင် မြဝတီ ရုပ်သံမှာ တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့တာပါ။ အဲဒီလို ရိုက်နှက်ခံထားရသူတွေထဲမှာ မိန်းကလေးတွေလည်း ပါနေပါတယ်။ ဖမ်းဆီးထားသူတွေကို နှိပ်စက်မှု၊ အထူးသဖြင့် အမျိုးသမီးတွေကို ရိုက်နှက် နှိပ်စက်တာမျိုးတွေအထိ စစ်ကောင်စီက လူ့အခွင်းအရေးချိုးဖောက်မှုတွေကို ပြောင်ပြောင်တင်းတင်း လုပ်ပြနေတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားနေသူ ဦးအောင်မျိုးမင်း က ပြောပါတယ်။

“ပထမဦးဆုံးကတော့ ခုလိုမျိုးဖမ်းဆီးမှု ကိုယ်တိုင်ကိုယ်က လူ့အခွင့်အရေးချိုးဖောက်မှု မြောက်နေပါပြီ။ ဘာကြောင့်လဲဆိုတော့ ဒီလိုမျိုးဖမ်းဆီးတဲ့ ကိစ္စတွေက ဘာမှ ခိုင်လုံတာမရှိဘူး။ ခိုင်လုံမှုမရှိဘဲ၊ တရားဥပဒေလုပ်ထုံးလုပ်နည်းအရ ဖမ်းဆီးတာ မဟုတ်ဘူး။ ဒါပထမတစ်ချက်ပါ။ ပိုဆိုးဝါးတာကတော့ ဖမ်းဆီးပြီးတော့ နောက်တစ်ရက်မှာပဲ ချက်ချင်း ရုပ်ပျက်ဆင်းပျက်နဲ့ နှိပ်စက်ခံရတဲ့ ပုံတွေတွေ့ရတယ်။ ဒါဆိုရင် နှိပ်စက်ညှင်းပန်းမှုဆိုတဲ့ နောက်လူံအခွင့်အရေးတစ်ခုကို ထပ်ပြီးချိုးဖောက်တာဖြစ်ပါတယ်။ နှိပ်စက်ညှင်းပန်းမှုကို ကျွန်တော်တို့စစ်ပွဲအတွင်းမှာတောင် နှိပ်စက်ညှင်းပန်းခွင့်မရှိဘူး။ နောက်တစ်ခါ ဘယ်လိုမျိုး အကြောင်းပြချက်မှာပဲ ဖြစ်ဖြစ် နှိပ်စက်ညှင်းပန်းမှုကို မလုပ်ဆောင်ရဘူးဆိုပြီး ကမ္ဘာတစ်ဝန်းလုံးမှု ဒါတွေကို ပိတ်ပင်တားဆီးထားတာ ရှိပါတယ်။ အဲ့တော့ နောက်ထပ်ပိုမိုဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တစ်ခုလို့ ပြောချင်ပါတယ်။ ဒီထဲမှာ မိန်းကလေးတွေပါပါတယ်။ မိန်းကလေးတွေအပေါ်မှာ စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တစ်ခုဖြစ်လို့ရှိရင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု နောက်ထပ်ပစ်ချက်တစ်ခုဖြစ်ပါတယ်။ အဲ့တော့ အခုလိုမျိုးဖြစ်တဲ့ ကိစ္စတွေမှာ လူအခွင့်အရေးအရ ချိုးဖောက်မှုဖြစ်သလို အမျိုးသမီးငယ်တွေကို လုပ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ အမျိုးသမီးငယ်တွေအပေါ်အကြမ်းဖက်ခြင်းဆိုတဲ့ နောက်ထပ်ပစ်ချက်တစ်ခုတိုးပါတယ်။”

ဥပဒေအရ ရိုက်နှက်ဖမ်းဆီးပိုင်ခွင့်မရှိပေမယ့် ဒီကာလမှာ ဥပဒေကို ပြောလို့မရတဲ့ အနေမထားမျိုးဖြစ်နေတယ်လို့ ရှေ့နေတစ်ဦးက VOA ကို ပြောပါတယ်။

“အစကတည်းက ဥပဒေကြောင်းအရ ရိုက်နှက် စစ်ဆေးပိုင်ခွင့်၊ ရိုက်နှက်ဖမ်းဆီးပိုင်ခွင့်လည်း မရှိဘူးလေ။ ဒါပေမယ့် ဒီအချိန်မှာကတော့ ဥပဒေကြောင်းအရ လုပ်တယ်ဆိုတာမျိုးကတော့ ပြောလို့မရပါဘူး။ အားလုံးကတော့ ဥပဒေကြောင်းအရ လုပ်နေတာတွေ မရှိပါဘူးရှင့်။ ရိုက်နှက်ဖမ်းဆီးခံရတယ်ဆိုတာတွေ ကျွန်မတို့ ခုပေါ့နှော်၊ တစ်ချို့တွေ ထွက်လာတယ် တစ်ချို့ဆိုတာက သူတို့ဖမ်းဆီးခံရပြီးတော့ တရားရုံးကို ရုံးထုတ်လာတဲ့ခါပေါ့နှော်၊ ကျွန်မတို့ရဲ့ တစ်ချို့ အမှုသည်တွေကျတော့ ရိုက်နှက်ခံထားရတာတွေကို အပေါ်သွားအောက်သွားမရှိတာမျိုးတွေ ပြီးတော့ ဒဏ်ရာဒဏ်ချက်တွေ၊ ခေါင်းကွဲတာမျိုးတွေပေါ့။ အဲ့လိုမျိုးတွေရှိမယ်။ ပြီးရင် ဒဏ်ရာရနေတဲ့သူတွေကိုလည်း အထဲမှာ ဆေးကုသခွင့်မပေးတာတွေလည်းရှိတယ်။”

မြန်မာ နှစ်ဆန်းတစ်ရက်နေ့က စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်နဲ့ လွတ်မြောက်လာသူတစ်ဦးကတော့ သူအင်းစိန်အကျဉ်းထောင်ထဲမှာ မြင်တွေ့ခဲ့ရတာကို ခုလို ပြောပါတယ်။

“အကျဉ်းထောင်ဆေးရုံရှိတယ်ဗျ။ အဲ့ဒီမှာက ဖမ်းဆီးစဉ်က ပါလာတဲ့ ဒဏ်ရာတွေကို၊ ထောင်မှာတော့ နှိပ်စက်တာတော့ မရှိတော့ဘူးပေါ့။ ဒါပေမယ့် အပြင်ကနေ ပါလာတဲ့ ဒဏ်ရာတွေကိုတော့ အကျဉ်းထောင်ထဲမှာ ကုသပေးတာတော့ရှိတယ်။ ဒါပေမယ့် ခုစကပြောသလို အများကြီး Gun Shoot တွေ ပါလာတာတွေရှိတယ်။ ရိုက်နှက်ပြီးတော့ ခေါင်းကွဲပြီး အဲ့လို ပါလာတာတွေရှိတယ်။ ညိုမဲဖူးရောင်ပြီးတော့ ရောက်လာတာတွေရှိတယ်။ အဲ့လိုလူတွေကိုတော့ အကျဉ်းထောင်ထဲမှာ ကုပေးတာရှိတယ်။”

ဖမ်းဆီးတရားစွဲထားသူတချို့ကို အကျဉ်းထောင်ထဲ ပို့ပြီး ဖမ်းချုပ်ထားပေမဲ့ တချို့ကတော့ ဘယ်ရောက်နေမှန်း မသိရတာရှိသလို တချို့ကလည်း ဆုံးပြီလို့ မိသားစုကို အကြောင်းကြားတာတွေရှိပါတယ်။ အဲဒီသူတွေထဲက အလောင်းကို ပြန်မရတာမျိုးတွေရှိတယ်လို့ အကူအညီပေးနေတဲ့ ရှေ့နေတွေက ပြောပါတယ်။ စစ်အာဏာသိမ်းထားချိန်မှာ ဖမ်းဆီးတရားစွဲခံထားရသူတွေအနေနဲ့ ရှေ့နေနဲ့ ပြောဆိုဆွေးနွေးနိုင်ခွင့် မရဖြစ်နေတဲ့ အခြေအနေကိုလည်း ဖမ်းဆီးခံရသူတွေအရေးလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ခုလိုပြောပြပါတယ်။

“သူတို့တွေကို ရုံးထုတ်လာတဲ့ခါမှာ ကျွန်မတို့ကို ကောင်းကောင်းစကားပြောခွင့်မရှိတာမျိုးတွေ ရှိတယ်။ ပြီးရင် အော်ဟစ်ပြောဆိုတာမျိုးတွေပေါ့။ ဒီရှေ့နေတွေနဲ့ အမှုသည်တွေနဲ့ စကားပြောတဲ့အခါမှာ သူတို့ ခွင့်မပြုတာတွေ။ ပြီးတော့ သူတို့အမှုစစ်တဲ့ခါမှာ အမှုတွဲကို ကြည့်ခွင့်မပေးတာတွေ။ ကျွန်မတို့ ရှေ့နေတွေက ဒီအမှုတွဲတွေကို လေ့လာခွင့်ရှိတယ်လေ။ ဥပဒေကြောင်းအရလည်းရှိတယ်။ အမှုစစ်တဲ့ခါမှာလည်း ဒီအမှုတွဲကို ကျွန်မတို့ လေ့လာပြီးတော့မှပဲ အမှုလိုက်ပေးလို့ရတယ်ပေါ့။ အဲ့ဒီအပေါ်မှာ သူတို့က ကျွန်မတို့ကို အမှုတွဲကို လေ့လာစစ်ဆေးခွင့်မပေးတာမျိုးတွေပေါ့နှော် အဲ့လိုတွေရှိတယ်။ ပြီးရင် အမှုသည်တွေနဲ့ ကျွန်မတို့ကို စကားအေးဆေးပြောခွင့်မပေးတာတွေရှိတယ်။”

မတရားဖမ်းဆီးထားသူတွေကို ချက်ချင်းလွတ်ပေးဖို့နဲ့ ဖမ်းဆီးခံထားရသူတွေထဲက ဆေးကုသခွင့်လိုနေသူတွေကို ကုသပေးဖို့အတွက် အမေရိကန်၊ ဆွီဒင် စတဲ့နိုင်ငံတကာတွေက တောင်းဆိုထားကြပါတယ်။ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ မတ်လ ၁၈ ရက်နေ့အထိ နိုင်ငံတစ်ဝန်း တပ်တွေပစ်ခတ်လို့ သေဆုံးသူ ဧပြီလ ၁၈ ရက်နေ့အထိ ၇၃၇ ယောက် စာရင်းရထားပေမဲ့ အရေအတွက် အတိအကျက ဒီထက်ပိုများနိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က စာရင်းထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးခံရသူ အရေအတွက်ကတော့ ၃၂၀၀ ကျော် ရှိနေပါတယ်။ 


စုမြတ်မွန်/ VOA Burmese

https://burmese.voanews.com/a/military-councial-violates-human-rights/5858590.html

ဖမ်းဆီးခံရသူများကို ညှင်းပမ်းနှိပ်စက်မှု လူ့အခွင့်အရေးသမားတွေ ဝေဖန် ဖမ်းဆီးခံရသူများကို ညှင်းပမ်းနှိပ်စက်မှု လူ့အခွင့်အရေးသမားတွေ ဝေဖန် Reviewed by THITHTOOLWIN on 21:43 Rating: 5

No comments:

Powered by Blogger.