အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဝန်ကြီးနှင့် အမျိုးသားညီညွတ်ရေးအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ ဆာဆာ၏ ထုတ်ပြန်ချက်





မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြေညာချက်

၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်

မြန်မာနိုင်ငံ၏ နှစ်သစ်ကူးအကြို သင်္ကြန်အတက်နေ့ဖြစ်သည့် ဤကနေ့တွင် ကျွန်ုပ်တို့သည် အမျိုးသားညီညွတ်ရေးအစိုးရသစ်ကို ဖွဲ့စည်းလိုက်ပြီဖြစ်ပြီး မြန်မာပြည်သူလူထုအတွက် ခေတ်သစ်ကို စတင်လိုက်ပြီဖြစ်ကြောင်း ဝမ်းမြောက် ဂုဏ်ယူစွာဖြင့် ကြေညာအပ်ပါသည်။ 

ကျွန်ုပ်တို့၏ သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံတွင် ညီညွတ်သော အစိုးရတစ်ရပ်ကို ရရှိခြင်းဖြစ်ပြီး ကျွန်ုပ်တို့နိုင်ငံ၏ အကြီးမားဆုံးသော ခွန်အားဖြစ်သည့် မတူကွဲပြားသော ကျွန်ုပ်တို့၏ ပြည်သူများ အားလုံးကို ရောင်ပြန်ဟတ်နေမည် ဖြစ်ပေသည်။ ဤမတူကွဲပြားမှုသည် ကျွန်ုပ်တို့၏ အမျိုးသား ညီညွတ်ရေးအစိုးရ ဦးဆောင်မှုတွင် ရောင်ပြန်ဟတ်မည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ယာယီသမ္မတ အဖြစ် တာဝန်ထမ်းဆောင်မည့် ဒုတိယ သမ္မတသည် ကချင်ပြည်နယ်မှ လေးစားအပ်ပါသော ကချင်တိုင်းရင်းသားခေါင်းဆောင် ဒူဝါ လရှီးလ ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဝန်ကြီးချုပ်သည် လေးစားအပ်ပါသော ကရင်တိုင်းရင်းသားခေါင်းဆောင် ဦးမန်းဝင်းခိုင်သန်း ဖြစ်ပြီး ကျွန်ုပ်တို့၏ အမျိုးသား ညီညွတ်ရေးအစိုးရကို ဒုတိယသမ္မတ ဒူဝါ လရှီးလနှင့် အတူ လက်တွဲပြီး ဦးဆောင်သွားပါမည်။ သူတို့နှင့် အတူ အခြား အမျိုးသားခေါင်းဆောင်များက ကျွန်ုပ်တို့၏ အစိုးရ ဝန်ကြီးဌာနများကို ဦးဆောင် ပါဝင် တာဝန်ယူသွားကြမည် ဖြစ်ပါသည်။ 

ကျွန်တော့်အား မြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြောခွင့်ရပုဂ္ဂိုလ်အဖြစ် တာဝန် ထမ်းဆောင်ပါရန် ဖိတ်ခေါ် ကမ်းလှမ်းလာသည့်အတွက် ဂုဏ်ယူမိပါသည်။ ဤတာဝန်ကို ကျွန်တော့် အနေနှင့် လေးစားစွာဖြင့် လက်ခံယူပါသည်။ 

ကျွန်ုပ်တို့ အမျိုးသား ညီညွတ်ရေးအစိုးရ၏ အရေးကြီးဆုံး တာဝန်မှာ ရာဇဝတ်မှုများကို ရက်စက် ကြမ်းကြုတ်စွာ ကျူးလွန်နေသည့် စစ်အာဏာရှင်များလက်အောက်တွင် မြန်မာပြည်သူများ ခံစားနေရသည့် ကြီးမားလှစွာသော ဒုက္ခအပေါင်းကို အဆုံးသတ်ရေးပင် ဖြစ်ပါသည်။ စစ်အာဏာရှင်များသည် ကျွန်ုပ်တို့၏ ကလေးများ အပါအဝင် ပြည်သူများအား မြို့များ ရွာကြီးများ ရွာငယ်များပါ မကျန် မြန်မာတစ်နိုင်ငံလုံးအနှံ့တွင် ဆိုးရွားလှသော အကြမ်းဖက်မှုကြီးကို ကျူးလွန်နေခြင်း ဖြစ်သည်။ စစ်အာဏာရှင်များသည် ကျွန်ုပ်တို့နိုင်ငံ၏ ချမ်းသာကြွယ်ဝမှုများကို လုယက်ယူငင်နေပြီး ကျွန်ုပ်တို့၏ အနာဂတ်နှင့် မျှော်လင့်ချက်များကို ဖျက်ဆီးရန် ကြိုးပန်းနေကြ ပါသည်။ လေးစားအပ်ပါသော ဂုဏ်သရေရှိ လူကြီးမင်းများနှင့် အမျိုးကောင်းသမီးတို့ ခင်ဗျား၊ သူတို့ကျရှုံးရမည်ဟု ကျွန်ုပ်တို့က အာမခံနိုင်ပါသည်။ 

ကျွန်ုပ်တို့ အမျိုးသားညီညွတ်ရေးအစိုးရ၏ အခြေခံအုပ်မြစ်သည် မျှော်လင့်ချက်များ၊ အနာဂတ် အိပ်မက်များ၊ ရဲဝံ့မှု သတ္တိအားမာန်များနှင့် မြန်မာပြည်သူအားလုံးအတွက် မမှိတ်မသုန် ဆောင်ရွက်သွားမည် ဟူသည့် အဓိဌာန်အပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ ဦးဆောင်သူများအနေနှင့် ကျွန်ုပ်တို့သည် ပြည်သူအားလုံးကို ညီအစ်ကို မောင်နှမများသဖွယ် လူမျိုးမရွေး၊ ဘာသာမရွေး၊ မည်သည့် လူ့အသိုင်းအဝိုင်းကမဆို ဖြစ်စေ၊ အဆင့်နေရာမရွေး လေးစားစွာ အလုပ်အကျွေးပြု သွားကြပါမည်။ စစ်အာဏာရှင် လူသတ်သမားများ၏ ညှဉ်းပန်း နှိပ်စက်မှုများမှ ကျွန်ုပ်တို့နိုင်ငံ လွန်မြောက်နိုင်ရေး လှုပ်ရှားမှုကြီးတွင် လူတိုင်းသည် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်ကြရမည် ဖြစ်ပြီး အားလုံးသည် မြန်မာနိုင်ငံသားများအဖြစ် အခွင့်အရေး တန်းတူ ရရှိကြမည် ဖြစ်သည်။ 

လာမည့် သတင်းပတ်များ၊ လများတွင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ အမျိုးသားညီညွတ်ရေး အစိုးရတွင်းသို့ တိုင်းရင်းသား လူမျိုးများအားလုံး ပါဝင်လာစေရန် ဆက်လက်ကြိုးပန်း လုပ်ဆောင် သွားကြမည် ဖြစ်ပြီး သို့မှသာ ဤကောင်းမြတ်သော မြန်မာနိုင်ငံတော်ကြီး၏ မတူကွဲပြားမှုများနှင့် ခွန်အားများကို ကိုယ်စားပြုနိုင်မည် ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ရိုဟင်ဂျာညီအစ်ကို မောင်နှမများနှင့် အားလုံးအတွက် တရားမျှတမှုကို ဆောင်ကျဉ်းပေးသွားပါမည်။

ဤအစိုးရသည် တရားမဝင် စစ်အာဏာရှင်ကို ဆန့်ကျင်ရင်ဆိုင်ခဲ့ကြသူများအားလုံး၏ စွမ်းရည်သတ္တိ၊ စွန့်လွှတ်မှုများနှင့် ခိုင်မာသော ဆုံးဖြတ်ချက်များမှ မွေးဖွားလာခြင်း ဖြစ်သောကြောင့် တာဝန်ကြီးစွာ ရှိပါသည်။ တရားမဝင် စစ်အာဏာသိမ်းခဲ့ချိန်မှစပြီး ဒီမိုကရေစီတိုက်ပွဲအတွက် နိုင်ငံ့အာဇာနည် သူရဲကောင်း ၇၀၀ ကျော်က သူတို့၏ အသက်ကို စွန့်လွှတ်ပေးအပ်ခဲ့ကြပါပြီ။ ဒီကနေ့တွင် သူတို့၏ စွန့်လွှတ်စွန့်စားမှုများကို ကျွန်ုပ်တို့က လေးစားစွာ ဂုဏ်ပြုအပ်ပါသည်။ 

အမျိုးသား ညီညွတ်ရေး အစိုးရသည် ယခင် အတိတ်မှ စစ်တပ်နှင့် အရပ်သားအစိုးရတို့နှင့် တူညီမှု လုံးဝ မရှိကြောင်း သိစေလိုပါသည်။ ၎င်းသည် ဒီကနေ့တွင် ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီခေါင်းဆောင်များနှင့် - CDM အာဏာဖီဆန်ရေးလှုပ်ရှားမှုမှ အလုပ်သမား၊ ကျောင်းသားနှင့်  ဆရာဆရာမများသမဂ္ဂအထိ ပါဝင်သော - လူမှုအဖွဲ့အစည်းများမှ အဖွဲ့ဝင်များအကြား လေးနက် မှန်ကန်သော ညှိနှိုင်းမှုများမှတစ်ဆင့် တည်ဆောက်ရယူထားခြင်း ဖြစ်ပါသည်။ မည်သည့်ကာလနှင့်မျှ မတူအောင်ပင် မြန်မာနိုင်ငံတော်သည် ညီညွတ်စည်းလုံးနေခဲ့ပြီး အမျိုးသားညီညွတ်ရေး အစိုးရက ယင်းကို ထင်ဟပ်နေပါသည်။ 

ဤသမိုင်းဝင် ဖြစ်ရပ်ကို ကွန်ုပ်တို့ ဆင်နွှဲနေကြချိန်တွင် ရှေ့အနာဂတ်အတွက် ကျွန်ုပ်တို့ ထမ်းဆောင်ရမည့် တာဝန်များစွာ ရှိနေသည်ကိုလည်း ကျွန်ုပ်တို့ သိရှိပါသည်။ ကျွန်ုပ်တို့သည် နှစ် ၆၀ နီးပါး စစ်တပ်အုပ်စိုးမှုကို ဖယ်ရှားအဆုံးသတ်မည့် အချိန် ဖြစ်ပါသည်။ ဤ ဆယ်စုနှစ် ခြောက်ခုတွင် ကျွန်ုပ်တို့၏ ပြည်သူများသည် တပ်မတော်၏ အကြမ်းဖက်မှုများကို တဖန်တလဲလဲ ခံစားနေခဲ့ ရသည်ကို ကျွန်ုပ်တို့ တွေ့မြင်ခဲ့ရပါသည်။ သူတို့ အလွယ်တကူ အလျှော့ပေးမည် မဟုတ်ကြောင်း ကျွန်ုပ်တို့ သိရှိပါသည်။ မြန်မာနိုင်ငံ၏ သမိုင်းမှ ဤအမှောင်ခတ်ကြီးကို အဆုံးသတ်နိုင်ရန် ကျွန်ုပ်တို့ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ လုပ်ဆောင်သွားကြရမည် ဖြစ်ပါသည်။ 

တစ်နိုင်ငံလုံးကြုံတွေ့နေရသည့် ဤအိပ်မက်ဆိုးကြီးကို အဆုံးသတ်နိုင်ရေးနှင့် ကျွန်ုပ်တို့၏ အနာဂတ်ကို ဆိုးယုတ်သည့် စစ်အာဏာရှင်များလက်မှာ ပြန်လည်ရယူနိုင်ရေး ဟူသည့် ကျွန်ုပ်တို့၏ပန်းတိုင်ကို ရောက်လှမ်းနိုင်ရန် အတွက် မြန်မာပြည်သူလူထုအနေနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ခိုင်မာ အားကောင်းသော ပံ့ပိုးမှုရရန် လိုအပ်ပါသည်။ 

တစ်ကမ္ဘာလုံးမှ အစိုးရများက စစ်အာဏာရှင်များ လိုချင်လှသော အသိအမှတ်ပြုမှုကို ဆက်လက် ငြင်းဆိုသွားရန် အလွန် အရေးကြီးလှပါသည်။ ကျွန်ုပ်တို့ပြည်သူများအား ဆက်လက် သတ်ဖြတ် နေသည့် စစ်အာဏာရှင်များက ငွေကြေးနှင့် လက်နက်ရယူမှုမရှိစေရန် ငြင်းဆိုရေးမှာ အရေးကြီးလှ ပါသည်။ အဆုံးမသတ်နိုင်သည့် ရက်စက် ကြမ်းကြုတ်မှုများနှင့် ဆက်လက် တိုက်ခိုက် ခံနေရသည့် ကျွန်ုပ်တို့ပြည်သူများ အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ရက်ရက်ရောရော ကူညီပံ့ပိုးပေးရန် မှာလည်း အရေးကြီးလှပါသည်။ 

ကျွန်ုပ်တို့၏ အမျိုးသားညီညွတ်ရေးအစိုးရသည် ကျွန်ုပ်တို့နိုင်ငံမှ ရဲရင့်သတ္တိရှိလှသည့် ပြည်သူများ အတွက် ထိုက်တန်သည့်အစိုးရတစ်ရပ်ဖြစ်ရန် အလွန်ပင်ကြိုးပန်းအားထုတ် လုပ်ဆောင်နေပါသည်။ ကျွန်ုပ်တို့သည် မြန်မာပြည်သူများကို အမှန်တကယ် ကိုယ်စားပြုသည့် တရားဝင်အစိုးရအဖြစ် ကမ္ဘာ့နိုင်ငံ အစိုးရများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ အသိအမှတ်ပြုမှုနှင့် ပံ့ပိုးမှုကို ရယူနိုင်ရန် ကြိုးပန်းသွားကြပါမည်။ 

ကျွန်ုပ်တို့က ရှေ့ဆက်ဆောင်ရွက်နေချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရသည် ဝန်ကြီးရာထူး တာဝန်များနှင့် အမျိုးသားညီညွတ်ရေးပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ အဖွဲ့ဝင်များကို ကြေညာ သွားမည် ဖြစ်ပါသည်။ ဤအရေးကြီးလှသော ကော်မတီသည် အစီအစဉ်များ၊ မူဝါဒများ ချမှတ် ရေးဆွဲရာတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်မည်ဖြစ်ပြီး ၎င်းတို့ကို အမျိုးသား ညီညွတ်ရေး အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ပါသည်။ အမျိုးသား ညီညွတ်ရေး အစိုးရ ကဲ့သို့ပင် အမျိုးသား ညီညွတ်ရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ အဖွဲ့ဝင်များသည် ကျွန်ုပ်တို့နိုင်ငံ၏ မတူကွဲပြားခြားနားမှုများကို ထင်ဟပ်စေမည် ဖြစ်ပါသည်။ 

တရားမဝင် စစ်အာဏာရှင်သည် ကျွန်ုပ်တို့ ပြည်သူလူထုနှင့် တိုင်းရင်းသားများ အတူ ပူးပေါင်းပြီး အောင်နိုင်မည့် စွမ်းရည်ကို ကြောက်ရွံ့နေပါသည်။ တပ်မတော်သည် ဆယ်စုနှစ်ပေါင်းများစွာပင် သွေးခွဲ အုပ်ချုပ်မှု ဗျူဟာကို အသုံးပြုပြီး အုပ်စိုးခဲ့ခြင်း ဖြစ်သည်။ ဒီကနေ့သည် သူတို့၏ မုန်းတီးမှု၊ သွေးခွဲမှု ခေတ်ဆိုးကြီးကို အဆုံးသတ်သည့်နေ့ ဖြစ်သည်။ ဒီကနေ့သည် ကြံ့ခိုင်သည့် ညီညွတ်သည့် မျှော်လင့်ချက်များ ရှိသည့် ခေတ်သစ်တစ်ခုကို စတင်လိုက်ပြီ ဖြစ်ပါသည်။ 

ကျွန်ုပ်တို့ အောင်နိုင်ပါမည်။


ဒေါက်တာ ဆာဆာ

CRPH_International Relations Office

https://www.facebook.com/crph.ir.office/

အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဝန်ကြီးနှင့် အမျိုးသားညီညွတ်ရေးအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ ဆာဆာ၏ ထုတ်ပြန်ချက် အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဝန်ကြီးနှင့် အမျိုးသားညီညွတ်ရေးအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ ဆာဆာ၏ ထုတ်ပြန်ချက် Reviewed by THITHTOOLWIN on 20:51 Rating: 5

No comments:

Powered by Blogger.