အုပ်ချုပ်သူမရှိတဲ့မြို့ပေါ်ရပ်ကွက်များ

အသစ်ခန့်အပ်တဲ့အုပ်ချုပ်ရေးမှူးတွေကို ဆန့်ကျင်ဆန္ဒပြမှုတွေရှိခဲ့

ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးရုံးတွေ ပြန်လည်ဖွင့်လှစ်နိုင်ရေးကို အာဏာသိမ်းစစ်ကောင်စီက အထူးကြိုးစားဆောင်ရွက်နေသလို ဖိအားပေးမှုတွေလည်း အများအပြား ပြုလုပ်နေပါတယ်။ အထူးသဖြင့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနဲ့ မြို့ကြီးတွေမှာ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေ ပြန်လည်ဖွင့်လှစ်နိုင်ရေးကို ကြိုးစားဆောင်ရွက်နေတာတွေ့ရပါတယ်။

ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတွေကို တာဝန်ရပ်စဲခဲ့

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ တပ်မတော်က အာဏာသိမ်းခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ တည်ဆဲ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းတွေကို တာဝန်ကရပ်စဲကြောင်း ကြေညာခဲ့ပါတယ်။ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတွေဟာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်ဦးဆောင်တဲ့ အစိုးရက ခန့်ထားခဲ့တာဖြစ်ပါတယ်။အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဟာ အရင်ကပြည်ထဲရေး ဝန်ကြီးဌာနလက်အောက်မှာ ရှိခဲ့ပြီး ၂၀၁၈ ဒီဇင်ဘာ ၂၈ရက်​နေ့မှာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနလက်​အောက်ကို ဌာနလွှဲ​ပြောင်းခဲ့ပါတယ်။ ဒါ့ကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာသိမ်းစစ်ကောင်စီက ရပ်၊ကျေးအုပ်ချုပ်ရေးမှူးဟောင်းတွေကို တာဝန်ရပ်စဲလိုက်တာဟာ အောက်ခြေအဆင့်မှာ အာဏာဟောင်းနေရာကို အာဏာသစ်နဲ့ အစားထိုးဖို့လုပ်ဆောင်တာလို့ ဆိုနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ အောက်ခြေအဆင့် အာဏာဟောင်းသာ ပျက်ပြားသွားပြီး အာဏာသစ်ထူထောင်ရေးဟာ အခက်အခဲများစွာနဲ့ ကြန့်ကြာခဲ့ပါတယ်။

ကိုယ့်ဘာသာကိုယ်အုပ်ချုပ်မယ်

အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ လူထုလှုပ်ရှားမှုတွေ ဖြစ်ပွားနေစဥ်ကာလအတွင်း စစ်ကောင်စီက ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးသစ် အစားထိုးဖို့ ကြိုးစားတဲ့ လုပ်ဆောင်ချက်ဟာ နည်းမျိုးစုံနဲ့ ဆန့်ကျင် ကန့်ကွက်တာခံနေရပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေကို သော့ခတ်တာ၊ အသေပိတ်ဆို့တာတွေကို ရပ်ကွက်တော်တော်များများမှာ ပြုလုပ်ခဲ့ကြပါတယ်။

ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်ခန့်ထားတာတွေရှိပေမဲ့ ရပ်ကွက်နေပြည်သူတော်တော်များများက လက်မခံဘဲ ကန့်ကွက်ခဲ့ကြပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ်ခန့်ထားတာကို ဆန္ဒပြကန့်ကွက်မှုတွေရှိတဲ့ အတွက် နေရာတော်တော်များများမှာ ရဲတွေကလုံခြုံရေးယူစောင့်ကြပ်ပြီး ခန့်ထားခဲ့ရပါတယ်။

ကိုယ့်ဘာသာကိုယ်အုပ်ချုပ်မယ်

ချောက်မြို့မှာဆိုရင် မြို့နယ်ထွေအုပ်နဲ့ရဲအပြင် စစ်တပ်ကပါလိုက်လာပြီး ပိတ်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေကိုဖွင့်လှစ်ဖို့ကြိုးစားတဲ့အတွက် ဆန္ဒပြသူလူအုပ်နဲ့ တင်းတင်းမာမာ ထိပ်တိုက်ရင်ဆိုင်ခဲ့ရပါတယ်။ “မည်သည့်ထွေအုပ်စာရေး၊ မည်သည့်ရပ်ကွက်လူကြီးမှအလိုမရှိ၊ ကိုယ်ပိုင်အုပ်ချုပ်မည်။ ပုံဒေသခံများ” ဆိုပြီး ချောက်မြို့ရပ်ကွက်ရုံးတွေမှာ စာတန်းချိတ်ဆွဲထားခဲ့ကြပါတယ်။

ပြင်းပြင်းထန်ထန်ဆန့်ကျင်မှုများ

ဧပြီလ ၄ ရက်မနက်မလင်းမီ ကာဖျူးချိန်အတွင်း စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းမှာရှိတဲ့ ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး မီးလောင်ကျွမ်းခဲ့ပါတယ်။

ဧပြီလ ၄ ရက်မနက် ကာဖျူးချိန်အတွင်းမှာပဲ တောင်တွင်းကြီးမြို့နယ် မောင်းတိုင် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးလည်း မီးလောင်ကျွမ်းခဲ့ပါတယ်။

ဘားအံမြို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး အသစ်တွေကို မလိုလားကြောင်း ဆန္ဒပြတာ၊ သံပုံးတီးကန့်ကွက်တာတွေ ဖေဖော်ဝါရီလအတွင်းက လုပ်ခဲ့ကြပါတယ်။ မတ်လ ၃၀ ရက်နေ့မှာတော့ ဘားအံ အမှတ် ၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးအိမ်ကို လက်ပစ်ဗုံးနဲ့ပစ်မှုဖြစ်ပွားခဲ့ပါတယ်။

မတ်လ ၂၉ ရက်နေ့မှာ မြောက်ဥက္ကလာပ ပုရွက်ဆိတ်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဓာတ်ဆီပုလင်း မိုလိုတော့ဗ်နဲ့ ပစ်ခတ်မှုကြောင့် မီးလောင်ခဲ့ပါတယ်။

မတ်လ ၂၈ ရက်နေ့မှာ မြဝတီမြို့ အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးနဲ့ အထုခံခဲ့ရပါတယ်။

မတ်လ ၂၇ ရက်နေ့ကလည်း မန္တလေးမြို့ အောင်မြေသာဇံမြို့နယ် ၁၉ လမ်းနဲ့ လမ်း ၉၀ ထောင့်မှာရှိတဲ့ မင်းတဲအီကင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဟာ ကာဖျူးချိန် ည ၉ နာရီမှာ မီးလောင်ခဲ့ပါတယ်။

မတ်လ ၂၂ ရက်နေ့က သာကေတမြို့နယ် နွယ်အေးရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးရုံး မီးလောင်ကျွမ်းခဲ့ပြီး ရပ်ကွက်ထဲမှာလည်း သေနတ်နဲ့လိုက်လံပစ်ခတ်မှု အကြီးအကျယ်ဖြစ်ပွားခဲ့ပါတယ်။

မတ်လ ၁၉ ရက်နေ့ကလည်း မြဝတီခရိုင် ဇရပ်ဖြူကုန်ကျေးရွာအုပ်စုမှာ အသစ်ခန့်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အစည်းအဝေးလုပ်စဥ် သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်မှုကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၂ ဦးသေဆုံးခဲ့ပါတယ်။

အဲသလို ဆန့်ကျင်ကန့်ကွက်မှုတွေကြောင့် အာဏာသိမ်းစစ်ကောင်စီဟာ ရပ်ကွက်၊ ကျေးရွာ အောက်ခြေ အုပ်ချုပ်ရေးကို ပြန်လည် မထူထောင်နိုင်ဘဲ ကြန့်ကြာနေပါတယ်။

ရွှေပြည်သာမှာ ဧည့်စာရင်းတိုင်ဖို့ တန်းစီစောင့်ဆိုင်းနေကြစဥ်

အာဏာသိမ်းစစ်ကောင်စီအတွက် ရပ်၊ကျေးအုပ်ချုပ်ရေးကို အခုအချိန်မှာ အမြန်ဆုံးပြန်လည် အသက်သွင်းနိုင်ဖို့ အရေးတကြီးလိုအပ်နေတာဟာ လုံခြုံရေး အကြောင်းကြောင့်ဖြစ်နိုင်တယ်လို့ မန္တလေးမြို့က ဦးတင်အေးကဆိုပါတယ်။

မြန်မာနိုင်ငံမှာ ထောက်လှမ်းရေးအဖွဲ့အဆက်ဆက်ဟာ ရပ်ကွက်သတင်းပေးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေ ချိတ်ဆက်ပြီး အလုပ်လုပ်ကိုင်လေ့ရှိပါတယ်။ အခုအခါမှာ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေ မလည်ပတ်တဲ့ အတွက် အခက်အခဲရှိပုံရပါတယ်။

စစ်ကောင်စီကို ဆန့်ကျင်အာခံကြသူတွေဟာ တခြားနေအိမ်တွေမှာ တိမ်းရှောင်ပုန်းခိုနေထိုင်ကြတဲ့အတွက် ရဲက လိုက်လံရှာဖွေဖို့အခက်အခဲရှိပါတယ်။ အဲဒီအခက်အခဲကို ဖြေရှင်းနိုင်ဖို့အတွက် အာဏာသိမ်း စစ်ကောင်စီဟာ ဧည့်စာရင်းပြန်တိုင်ဖို့လိုအပ်တဲ့ ဥပဒေပြင်ဆင်ချက်ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းတွေကို ဖျက်သိမ်းလိုက်ပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ဧည့်စာရင်းနဲ့ပတ်သက်တဲ့ ဥပဒေပြင်ဆင်ချက်လုပ်လိုက်တာဟာ ရပ်ကွက်ထဲမှာ လူစိမ်းလာရောက်တည်းခိုမှုတွေကို ပိုက်စိပ်တိုက်ရှာဖွေလိုတဲ့ ရည်ရွယ်ချက်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

အခုနောက်ပိုင်းမှာ အာဏာသိမ်း စစ်ကောင်စီက ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်တော်တော်များများမှာ ဧည့်စာရင်းတိုင်ဖို့ ဖိအားပေးဆောင်ရွက်မှုတွေ အများအပြားပြုလုပ်နေပါတယ်။ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ သာကေတ၊ လှိုင်မြို့နယ်၊ သံလျင်မြို့နယ်တွေမှာ လိုက်လံဖိအားပေးတာတွေ ဘီဘီစီကတွေ့ရှိရပါတယ်။ တခြားမြို့နယ်တော်တော်များများမှာလည်း အလားတူဖိအားပေးမှုတွေရှိနိုင်ပါတယ်။

လှိုင်မြို့နယ် ၁၃ ရပ်ကွက်မှာတော့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ ရဲတွေက ဧည့်စာရင်းတိုင်ဖို့လိုက်လံဖိအားပေးနေပြီး ဧည့်စာရင်းမတိုင်ရင် ဒဏ်ငွေ ၃ သိန်းဆောင်ရမယ်လို့ ဧပြီလ ၃ ရက်နေ့ကလိုက်လံကြေညာနေပါတယ်။

အာဏာသိမ်းစစ်ကောင်စီတက်လာပြီးနောက် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ပြင်ဆင်လိုက်တဲ့ဥပဒေပြင်ဆင်ချက်ထဲမှာ ဧည့်စာရင်းမတိုင်ရင် ကျပ် ၁ သောင်းထက်မပိုတဲ့ဒဏ်ငွေ သို့မဟုတ် ၇ ရက်ထက်မပိုတဲ့ ထောင်ဒဏ်ကျခံစေရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒီဥပဒေကိုကျော်လွန်ပြီး ဒဏ်ငွေ ၃ သိန်းဆောင်ရမယ်လို့ ကြေညာလိုက်တာဟာ ဧည့်စာရင်းတိုင်ကြားရေးကို စစ်ကောင်စီအနေနဲ့ ဘယ်လောက်ပြင်းပြင်းပြပြလိုလားနေသလဲဆိုတာကို ဖော်ပြတာလို့ ရန်ကုန်မြို့စမ်းချောင်းမြို့နယ်က ဦးမြင့်ဦးက ဘီဘီစီကိုပြောပါတယ်။

အုပ်ချုပ်ရေးမှူးအဟောင်းတွေကိုပြန်ခန့်သည့်တိုင် လူအများအပြားကလက်မခံကြတော့

ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးဘာ့ကြောင့်လိုအပ်သလဲ

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ရပ်ကျေးဟောင်းတွေကို ပယ်ဖျက်ပြီး ရပ်ကျေးသစ်ကို ပြန်မတည်ဆောက်နိုင်တဲ့အတွက် အုပ်ချုပ်ရေးအခက်အခဲရင်ဆိုင်ရပါတယ်။ ဒါ့ကြောင့် တချို့နေရာတွေမှာ ရပ်ကွက်နေပြည်သူတွေရဲ့ ဆန့်ကျင်မှုကို ကျော်လွှားနိုင်အောင် အုပ်ချုပ်ရေးမှူးဟောင်းတွေကို ပြန်ခန့်တာမျိုးလုပ်ခဲ့ပါတယ်။ ကလေးမြို့မှာတော့ အဲသလို ဆောင်ရွက်ချက်ဟာ မအောင်မြင်ပါဘူး။

“ကျွန်မတို့ရပ်ကွက်မှာ ပြည်သူလူထုနဲ့အဆင်ပြေတဲ့ အရင်အုပ်ချုပ်ရေးမှူးဟောင်းတွေကို ပြန်ခန့်ပေးပါမယ်ဆိုပြီး သူတို့ကပြန်ခန့်ပါတယ်။ ဒါပေမဲ့ ရပ်ကွက်ထဲကလူတွေက သူတို့နဲ့တည့်တဲ့လူဖြစ်ပေမဲ့ စစ်တပ်ကခန့်တာမို့ အသိအမှတ်မပြုဘူးဆိုပြီး လက်မခံကြပါဘူး။ အဲသလိုလက်မခံကြဘဲ ဆန့်ကျင်ကြတော့ အုပ်ချုပ်ရေးမှူးတွေကလည်း ဆက်မလုပ်ရဲဘဲ ရာထူးက နုတ်ထွက်ကြပါတယ်။” လို့ ကလေးမြို့ခံ ဒေါ်အေးက ဘီဘီစီကို ပြောပါတယ်။

မန္တလေးမြို့ အောင်မြေသာဇံမြို့နယ် မင်းတဲအီကင်း ရပ်ကွက်မီးလောင်မှုနဲ့ ပတ်သက်ပြီး “လူတွေက စစ်ကောင်စီရဲ့အုပ်ချုပ်ရေးခိုင်မြဲသွားမှာကို စိုးရိမ်ကြတယ်ဗျ။ အဲဒါကြောင့် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမတည်ဆောက်နိုင်အောင် အခုလို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မီးရှို့သွားတာလို့ ကျွန်တော်မြင်ပါတယ်”လို့ မန္တလေးမြို့က ဦးတင်အေးကလည်း ဘီဘီစီကို ပြောပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေဟာ အများပြည်သူအတွက် ဘာတွေလုပ်ဆောင်ပေးနိုင်ပါသလဲ။ “တကယ် အထောက်အကူပေးနိုင်တာကတော့ ထောက်ခံစာပဲဗျ။ ဗမာပြည်မှာက ထောက်ခံစာက တစ်ခါတလေ တော်တော်အရေးကြီးတယ်။ ရဲစခန်းထောက်ခံစာလိုချင်ရင် ရပ်ကွက်ထောက်ခံစာအရင်လိုအပ်တယ်ဗျ။ မှတ်ပုံတင်ပျောက်လို့ ခရီးသွားချင်ရင်လည်း ရပ်ကွက်ထောက်ခံစာလိုတယ်ဗျ။ ပြည်သူလူထုတွက် သူတို့ပေးနိုင်တာ အဲဒါပဲရှိတယ်လို့ ကျွန်တော်ထင်တာပဲ။” လို့ စမ်းချောင်းမြို့နယ်က ဦးမြင့်ဦးကဆိုပါတယ်။

အုပ်ချုပ်ရေးမှူးမရှိတဲ့ ရန်ကုန်မြို့ သင်္ဃန်းကျွန်းက ရပ်ကွက်ရုံးတစ်ရုံးရှေ့ လူတွေစောင့်နေကြစဥ်

ကာကွယ်ဆေးထိုးလုပ်ငန်းတွေ လုပ်ဆောင်ရာမှာလည်း ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေနဲ့ ဆက်သွယ်လုပ်ဆောင်လေ့ရှိပါတယ်။ ရပ်ကွက်ထဲမှာ ပွဲလမ်းသဘင်ပြုလုပ်ဖို့၊ အသံချဲ့စက်ဖွင့်ဖို့လိုအပ်ရင်လည်း ရပ်ကွက်ရုံးရဲ့ ခွင့်ပြုချက်နဲ့ လုပ်ဆောင်ကြရပါတယ်။ ရွေးကောက်ပွဲမဲစာရင်းပြုစုရင်လည်း ရပ်ကွက်ရုံးတွေနဲ့ ဆက်သွယ်လုပ်ဆောင်ရပါတယ်။

“အဓိကကတော့ လူစာရင်းပဲဗျ။ လူစာရင်းကို တကယ်သိတာက ရပ်ကွက်ရုံးကပဲ သိတာ။ လူတစ်ယောက်ဒီရပ်ကွက်ထဲမှာ တကယ်နေမနေ။ တခြားရပ်ကွက်က လာရောက်နေထိုင်သူရှိမရှိ ရပ်ကွက်ကပဲသိတာ။ တခြားအလုပ်ကတော့ဗျာ။ သူတို့လုပ်တဲ့ အလုပ်တော်တော်များများက သတင်းပေးတဲ့ အလုပ်နဲ့ အထက်ကခိုင်းတာ လုပ်ရတဲ့အလုပ်ပါပဲ။ ဥပမာ ဒုစရိုက်မှုဖော်ထုတ်ရေးတို့ ရပ်ကွက်ထဲမှာ လောင်းကစားတိုက်ဖျက်ရေးတို့ဆိုတာမျိုးတွေက သူတို့တကယ်လုပ်နိုင်တာ မဟုတ်ပါဘူး။ ရဲကို သတင်းပေးရတာပါပဲ။ ဧည့်စာရင်းဆိုတာကလည်း အထက်ကို သတင်းပေးဖို့အတွက်ပါပဲ။” လို့ဦးတင်အေးက ဘီဘီစီကို ပြောပါတယ်။

ဒီတော့ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးဆိုတာ မရှိမဖြစ်ရှိဖို့လိုအပ်ပါသလား။ စမ်းချောင်းမြို့က ဦးမြင့်ဦးက လိုတော့လိုအပ်တယ်လို့ ယူဆပါတယ်။

“လိုတော့လိုတယ်ထင်တယ်ဗျ။ မြန်မာနိုင်ငံမှာ ရှေးကတည်းကလည်း ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေး ဆိုတာရှိခဲ့တာပဲ။ ရှေးခေတ်တုန်းကဆိုရင်တော့ သူကြီးပေါ့ဗျာ။ ရှိဖို့တော့လိုမယ်ထင်တယ်ဗျ။ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးက လူထုကို နှိပ်စက်သလား၊ မနှိပ်စက်ဘူးလားဆိုတာကတော့ အုပ်ချုပ်သူအစိုးရ ကောင်းတာ၊ ဆိုးတာနဲ့ ဆိုင်လိမ့်မယ် ထင်ပါတယ်။ အခုလည်း လူတွေက ရပ်ကွက်အုပ်ချုပ်ရေး မတည်မြဲအောင် နှောင့်ယှက်နေကြတယ်ဆိုတာ မလိုအပ်လို့ဆိုတာထက် အာဏာသိမ်းစစ်တပ်ရဲ့ အုပ်ချုပ်ရေးခိုင်မြဲသွားမှာစိုးလို့ အမျိုးမျိုးသော့ခတ်တာတွေ၊ မီးရှို့တာတွေလုပ်နေတယ်လို့မြင်ပါတယ်ဗျ။” လို့ဦးမြင့်ဦးကဆိုပါတယ်။

မြန်မာနိုင်ငံမှာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးစနစ်တည်တံ့နေတာ ကြာလှပါပြီ။ ဒါပေမဲ့ အမေရိကန်၊ အင်္ဂလန်နဲ့ ဥရောပနိုင်ငံကြီးတွေမှာ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးဆိုတာ လုံးဝမရှိပါဘူး။ မြို့နယ်ကောင်စီတွေ၊ မြို့နယ်အဖွဲ့အစည်းတွေရှိကြပါတယ်။ ဒါပေမဲ့မြို့နယ်အဖွဲ့အစည်းတွေကလည်း ကျန်းမာရေး၊ပညာရေး၊လူမှုရေး၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအလုပ်တွေကိုသာ အများစုလုပ်ကြပါတယ်။

လုံခြုံရေးနဲ့ ဥပဒေစိုးမိုးရေးကိုတော့ ရဲအဖွဲ့နဲ့ တရားရုံးတွေကသာဆောင်ရွက်ကြပါတယ်။ တရုတ်နိုင်ငံမှာတောင် မြန်မာနိုင်ငံလို ရပ်ကွက်အုပ်ချုပ်ရေးရုံးမျိုးမရှိပါဘူး။ တရုတ်နိုင်ငံမှာ ပြည်နယ်အဆင့်အုပ်ချုပ်ရေး၊ မြို့နယ်အဆင့်အုပ်ချုပ်ရေးပြီးရင် အောက်အဆင့်ဟာ ကျေးရွာအဆင့် အုပ်ချုပ်ရေးသာရှိပါတယ်။ တရုတ်ရပ်ကွက်တွေမှာ ပါတီကော်မတီလို အဖွဲ့အစည်းမျိုးတွေရှိပေမဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အလုပ်တွေကိုပဲ လုပ်ပါတယ်။ ရပ်ကွက်အတွက် စည်းကမ်းထုတ်တာ၊ အမိန့်ထုတ်တာ၊ ဧည့်စာရင်းတိုင်ခိုင်းတာဆိုတဲ့ အုပ်ချုပ်ရေးမျိုးမရှိပါဘူး။

ဒေသန္တရအုပ်ချုပ်ရေးစနစ်ကို အဓွန့်ရှည်ကြာအောင်အသုံးပြုခဲ့တဲ့ မြန်မာနိုင်ငံမှာတော့ ရပ်ကွက်အုပ်ချုပ်ရေး မရှိရင် အုပ်ချုပ်ရေးယန္တရားလည်ပတ်ဖို့ အလွန်ခက်ခဲပါတယ်။ အထူးသဖြင့် ထောက်လှမ်းရေးနဲ့ လုံခြုံရေး လုပ်ငန်းတွေမှာ အုပ်ချုပ်သူတွေအတွက် ပိုမိုခက်ခဲနေပုံရတယ်လို့ ပြည်သူအများက ခန့်မှန်းယူဆကြပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုကာလအတွင်းက ရပ်ကွက်အုပ်ချုပ်ရေး မရှိဘဲနေခဲ့ကြဘူးသလို၊ အခု ၂၀၂၁ လူထုလှုပ်ရှားမှုကာလအတွင်းမှာလည်း ရပ်ကွက်အုပ်ချုပ်ရေးပျက်ပြားနေပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-56634959

အုပ်ချုပ်သူမရှိတဲ့မြို့ပေါ်ရပ်ကွက်များ  အုပ်ချုပ်သူမရှိတဲ့မြို့ပေါ်ရပ်ကွက်များ Reviewed by THITHTOOLWIN on 05:36 Rating: 5

No comments:

Powered by Blogger.