ပြည်နယ်အများမှာ သင်္ကြန်ပွဲတော်မရှိ၊ ရခိုင်နဲ့ ပလက်ဝမှာ အနည်းငယ်ရှိ

ရိုးရာသင်္ကြန်အကျနေ့ဖြစ်တဲ့ ဧပြီလ ၁၄ ရက် ဒီကနေ့မှာ ပြည်နယ်အတော်များများမှာ ရေကစားပျော်ပါးတာ မရှိသလောက်ပါပဲ။ ဒါပေမယ့်လည်း စစ်ရေးပဋိပက္ခဖြစ်ခဲ့တဲ့ ဒေသတချို့မှာတော့ အရင်နှစ်တွေက သင်္ကြန်ပွဲ မဆင်နွှဲနိုင်ခဲ့ဘဲ ဒီနှစ်မှာ သင်္ကြန်ပွဲ ဆင်နွှဲကြတာရှိပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ယခင် ရိုးရာအတာသင်္ကြန်စည်ကားစွာကျင်းပခဲ့တဲ့ မွန်ပြည်နယ်မှာတော့ ဒီနှစ်မှာ မကျင်းပဘူးလို့ မော်လမြိုင်ဒေသ ခံတဦးက ပြောပါတယ်။

“မော်လမြိုင်သင်္ကြန်အခြေအနေကငြိမ်သက်။ ဘာမဏ္ဍာပ်မှမရှိဘူး။ လမ်းမှာရေအနည်းအကျဉ်းပက်တာကလွဲရင် ဘာမှ မဏ္ဍာပ်တွေဘာတွေမရှိဘူး။ ကျိုက်မရောမှာတော့ အဲဒီဘုရားကြီးဝင်းထဲမှာတော့ ကခုန်နေကြတယ် ဝတ်စုံတွေနဲ့ ဘာတွေနဲ့ ယိမ်းတွေဘာတွေလုပ်နေကြတယ်။ မဏ္ဍာပ်အကြီးကြီးတော့မဟုတ်ဘူးပေါ့။”

ဒါ့အပြင် သင်္ကြန်အကြိုနေ့ကစပြီး ရွာစဉ်လှည့် ဘုရားပွဲတော်ကျင်းပလေ့ရှိတဲ့ ဘီလူးကျွန်းလို့ခေါ်တဲ့ ချောင်းဆုံမြို့ နယ်မှာ ဒီနှစ် အဖြစ်သဘောလောက်ပဲ လုပ်တယ်လို့သူကပြောပါတယ်။

“ဘီလူးကျွန်းပွဲတော်မှာကျတော့ ကျနော် ဒီနေ့သွားတော့ ဒီနေ့နတ်မှော်ဘုရားပွဲ။ (၃) အိမ် (၄) အိမ်လောက်ပဲ ဧည့်ခံနေတာတွေ့တယ်။ တခြားအိမ်တွေကျတော့ကိုယ့်ဟာနဲ့ကိုယ်နဲ့ပဲ သဘောမျိုးတွေ့ရတယ်။ ရပ်ဝေးဧည့်သည် တွေမရှိဘူး။ ဒီနှစ်ကျတော့ COVID ဆိုတဲ့အခြေအနေကလဲမပြီးဆုံးသေးဘူး။ ဒီအာဏာသိမ်းတဲ့ကိစ္စက ပြန်ပြီး ထပ်ဖြစ်လာတဲ့အခါကျတော့ ရပ်ရွာမှာကတော့ ကောလဟာလတွေနဲ့ ကြောက်လန့်ပြီးတော့ တချို့အိမ်တွေက ရိုးရာမပျက် လောက်ဧည့်ခံပြီးတော့ တချို့အိမ်ကတော့ဧည့်မခံတာရှိတယ်။”

ဘီလူးကျွန်းဘုရားပွဲတော်မှာ သင်္ကြန်အကြိုနေ့ကစပြီး ရွာတွေမှာအလှည့်ကျပွဲတော်ကျင်းပပြီး အယုတ်အလတ် အမြတ်မရွေးကျွေးမွေးဧည့်ခံတဲ့ဓလေ့ဟာ ထင်ရှားသလို ရပ်နီးရပ်ဝေးဧည့်သည်တွေနဲ့စည်ကားနေပေမဲ့ ဒီနှစ်မှာ တော့ခြောက်ကပ်နေတယ်လို့ဆိုပါတယ်။

ကရင်ပြည်နယ် ဘားအံမြို့မှာလည်း ဒီနှစ်သင်္ကြန်ပွဲကျင်းပတာမရှိဘူးလို့ ဘားအံမြို့ခံတဦးကပြောပါတယ်။

“ဖားအံမြို့ထဲမှ ာရိုးရာသင်္ကြန်က မြို့နားလေးမှာတော့ ကလေးတွေလောက်ပဲရှိတာပေါ့။ ခြောက်ကပ်တာထက် မရှိသလောက်ရှိတာပေါ့။ (၁၀) နှစ်အောက်ကလေးတွေ ကစားတာမျိုး နည်းနည်းပါးပါးလောက်ပဲရှိတယ်လေ။”

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာတော့ အတာသင်္ကြန်မဏ္ဍာပ်မရှိဘူးလို့ဒေသခံတဦးကဆိုပါတယ်။

“မဏ္ဍာပ်တော့မရှိဘူး။ ဒါပေမဲ့ရေကစားတာတော့ရှိတယ်။ ဟိုနားနည်းနည်း ဒီနားနည်းနည်းပေါ့။”

အလားတူ စစ်အာဏာရှင်ဆန့်ကျင်ရေး အပြင်းအထန်ဆန္ဒပြသပိတ်မှောက်ခဲ့တဲ့ မူဆယ်မြို့မှာ သင်္ကြန်ပွဲမကျင်းပတဲ့ အကြောင်းကိုတော့ မူဆယ်မြို့ခံ ဦးအောင်ဝင်းကပြောပါတယ်။

“ဘာမှမရှိဘူး မပက်ကြဘူး။ ဒီမြို့နယ်ထဲက။ အင်းဝဘဏ်တခုဘဲရေပက်တယ်။ မဏ္ဍာပ်နဲ့တော့မဟုတ်ဘူး။ ဒီအတိုင်း ပုံးချပြီးတော့ပက်နေတယ်။ ကြည့်ရတာသူတို့ဝန်ထမ်းအပိုင်းတွေကပဲ။ တယောက်နှစ်ယောက်ပါပဲ။ ကျနော်တို့ အခုဟာက သင်္ကြန်မကစားဘူးဆိုပြီးတော့ သပိတ်လုပ်နေကြတာပေါ့။ အဲတာကိုတော်တော်များများကလည်း လိုက်လုပ်နေကြတယ်။”

ဒါပေမယ် မြန်မာ့စစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးခဲ့တဲ့ ချင်းပြည်နယ် ပလက်ဝ မြို့မှာ တော့ အခုနှစ် သင်္ကြန်ပွဲကျင်းပနေတယ်လို့မြို့ခံတဦးကဆိုပါတယ်။

“ရှိတယ်။ မဏ္ဍာပ် (၃) မဏ္ဍာပ်တောင်ရှိတယ်။ ရေဖြန်းရေပက်တော့ရှိတာပေါ့။ အရင်နှစ်ကထက်စာလို့ရှိရင် ဒီနှစ်ကစည်တာပေါ့။ အရင်နှစ်ကဆိုရင်မဆောက်ဘူးလေမဏ္ဍာပ်။”

အလားတူပဲ ရခိုင်ပြည်နယ်အတွင်း ရိုးရာသင်္ကြန်ပွဲ ကျင်းပနေတဲ့အခြေအနေကို ဒေသခံတဦးကအခုလိုပြောပါတယ်။

“သံတွဲကတော့ လောလောဆယ် ဗဟိုမဏ္ဍာပ်ဆိုပြီးတော့ ငပလီသွားလမ်းဆေးရုံဘေးမှာ တခုလုပ်ထားတာရှိတယ်။ တခြားဒီမဏ္ဍာပ် တွေချတာတော့မရှိဘူး။ ဒါပေမဲ့ကလေးတွေကတော့ ရပ်ကွက်အလိုက် ကိုယ့်အိမ်ဘေးမှာ သွားလောင်းကြတဲ့ဟာတော့ရှိတာပေါ့။ ငပလီမှာကတော့ တော်တော်စည်တယ်လို့ပြောရမှာပေါ့။ ငပလီက ပင်လယ်ထဲမှာဆိုတာ့လေ။”

ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ထဲမှာလည်း ရိုးရာသင်္ကြအနေနဲ့ ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင် နေတယ်လို့ ဆိုပါတယ်။

“စစ်တွေမှာကတော့ ဘုရားရေသပ္ပါယ်ရေသွန်းတာတော့ရှိတာပေါ့။ နံသာသွေးပွဲကပြီးသွားပြီး။ အဲတာတွေတော့ လုပ်တယ်။ မြို့တွေမှာက ပြဿနာတွေအများကြီးဖြစ်နေတယ်။ ဆန္ဒပြမှုတွေဘာညာ အပစ်ခံရမှုတွေရှိတယ် ဆိုတော့ ရခိုင် မှာလဲအဲတာမျိုး ကိုယ်ချင်းစာတဲ့အနေနဲ့ ထိန်းထိန်းသိမ်းသိမ်းရေကစားကြတဲ့အခြေအနေမျိုးရှိတာပေါ့။”

တနိင်ငံလုံးအတိုင်းတာနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်မှောက်မှုတွေမှာ နစကစစ်ကောင်စီတပ်ဖွဲ့ တွေကနေ အကြမ်းဖက်ပစ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရတဲ့ဖြစ်စဉ်တွေကို ဝမ်းနည်းတဲ့အထိမ်းအမှတ်နဲ့ ရိုးရာ သင်္ကြန် ပွဲနဲ့ပျော်ပွဲရွှင်ပွဲတွေမလုပ်ကြဖို့ ဆန္ဒပြသူတွေက တိုက်တွန်းနေကြတာပါ။

ဆန္ဒပြသူတွေကတော့ သင်္ကြန်အကြိုနေ့ကို အတာအိုးသပိတ်၊ အကျနေ့ကို သွေးမတိတ်သပိတ်၊ အကြတ်နေ့ကို ကားသပိတ်၊ အတက်နေ့ကို ဝမ်းနည်းခြင်းသပိတ်နဲ့ နှစ်ဆန်း တစ်ရက်နေ့ကိုတော့ ဆုတောင်းသပိတ် ဆင်နွှဲသွားကြ မယ် လို့ ကြေညာထားပါတယ်။


VOA Burmese

https://burmese.voanews.com/a/there-are-no-water-festival-except-arakan-and-paletwa/5852640.html

ပြည်နယ်အများမှာ သင်္ကြန်ပွဲတော်မရှိ၊ ရခိုင်နဲ့ ပလက်ဝမှာ အနည်းငယ်ရှိ ပြည်နယ်အများမှာ သင်္ကြန်ပွဲတော်မရှိ၊ ရခိုင်နဲ့ ပလက်ဝမှာ အနည်းငယ်ရှိ Reviewed by THITHTOOLWIN on 21:07 Rating: 5

No comments:

Powered by Blogger.