မိုးကုတ်မှာ ပစ်ခတ်ဖြိုခွဲမှု သေဆုံး ဒဏ်ရာရသူရှိ

မိုးကုတ်မြို့မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြသူတွေကို ပစ်ခတ်နှိမ်နင်းနေတဲ့ ရဲတပ်ဖွဲ့ဝင်များ။ (ဧပြီ ၁၇၊ ၂၀၂၁။ ဓာတ်ပုံ - CJ)

ဒီကနေ့ မြန်မာ့ရိုးရာ နှစ်ဆန်း ၁ ရက်နေ့မှာ မိုးကုတ်မြို့ ဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ ရဲက ပစ်ခတ်ဖြိုခွဲတာကြောင့် ဆန္ဒပြသူ ၁ ဦးထက်မနည်း သေဆုံးပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရပါတယ်။ ရန်ကုန်မှာတော့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးတရုံးမှာ ဗုံးပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တယောက် သေဆုံးပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုရန်နိုင် တင်ပြပေးထားပါတယ်။

နိုင်ငံတဝန်း စစ်အာဏာသိမ်းဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေတာမှာ မိုးကုတ်မြို့မှာတော့ ဒီနေ့ ဆန္ဒပြတဲ့သူတွေကို စစ်ကောင်စီတပ်တွေက အကြမ်းဖက် ပစ်ခတ်ဖြိုခွဲခဲ့ပါတယ်။

မိုးကုတ်မြို့ အရှေ့ခြမ်းက အောင်ချမ်းသာရပ်ကွက်မှာ ဆန္ဒပြတဲ့လူငယ်တွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေ ပစ်ခတ်နှိမ်နင်းခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ မိုးကုတ်မြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“မိုးကုတ် အောင်ချမ်းသာရပ်မှာ ပစ်ခတ်မှုတွေ ဖြစ်ပါတယ်၊ ဆန္ဒပြတဲ့သူတွေကို။ နေ့လယ်ပိုင်း ၁၂ နာရီ ပတ်ဝန်းကျင်လောက်ကပါ။ သေဆုံးတာ ၂ ယောက်၊ ဒဏ်ရာရတာ ၁ ယောက်လို့ ကျနော် သိရပါတယ်။”

ဒီနေ့အစောပိုင်းက စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်တွေက လူ ၅ ယောက်ကို အသေလိုချင်တယ်ဆိုပြီး ပြောထားတဲ့ ဗွီဒီယိုဖိုင်တခုလည်း လူမှုကွန်ရက် မီဒီယာတွေမှာ ပျံ့နှံ့နေပါတယ်။ မိုးကုတ်မြို့က ဒီနေ့ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေနဲ့ ပတ်သက်ပြီး လူမှုကူညီရေးအဖွဲ့ဝင် တဦးကတော့ အခုလို ပြောပါတယ်။

“သေဆုံးတာတော့ တယောက်ပဲ။ အဲဒါကတော့ ဘယ်လိုဖြစ်သလဲဆိုတော့ သူတို့ ရပ်ကွက်တေ လမ်းတွေ ဘာတွေ ပိတ်တာပေါ့လေ။ ပိတ်ထားတော့ တပ်တွေ ရဲတွေက အဲဒီလမ်းတွေကို ဖွင့်တာ။ ဖွင့်တဲ့အချိန်မှာ ရပ်ကွက်ထဲက လူငယ်တွေနဲ့ ဆန္ဒပြတဲ့ပုံစံမျိုး ဖြစ်သွားတာပေါ့။ ဒဏ်ရာရတာ ၄ ယောက်တဲ့။ အခု နောက်တယောက်နဲ့ဆို ၅ ယောက်ပေါ့။ သေဆုံးတာနဲ့ဆိုရင် ၆ ယောက်။ အောင်ချမ်းသာရပ်ကွက်၊ အဲဒါနဲ့ ရွှေဘုံသာအစပ်ပေါ့။”

အခုလောလောဆယ်မှာ သေဆုံးသူ ၁ ယောက်ပဲ အတည်ပြုနိုင်ပေမယ့် လူငယ် ၂ ဦးရဲ့ ရုပ်အလောင်းကို စျေးလှည်းတခုပေါ်မှာတင်ပြီး ရဲတွေက တွန်းသွားတဲ့ပုံကို လူမှုကွန်ရက်မှာ တွေ့ရပါတယ်။ ဒဏ်ရာရထားတဲ့သူတွေ ရှိတာကြောင့် ထိခိုက်သေဆုံးသူစာရင်းမှာ နောက်ထပ် အပြောင်းအလဲတွေ ရှိလာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

မိုးကုတ်မြို့မှာ ဒီနေ့ ဆန္ဒပြတဲ့လူငယ်တွေ ၂၅ ယောက်ကနေ ၅၀ လောက်သာ ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ရက်က မိုးကုတ်မြို့က လမ်းတွေပေါ်မှာ လူငယ်တွေက Welcome KIA ဆိုတဲ့ စာတမ်းကို ရေးဆွဲခဲ့တာကြောင့် အခုလို ပစ်ခတ်နှိမ်နင်းတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

“မိုးကုတ်မှာ ရွှေဂူရပ်နားမှာ Welcome KIA ဆိုပြီး သူတို့ လမ်းပေါ်မှာ ရေးထားတာ ရှိပါတယ်။ အဲဒါကို အဓိကထားပြီးတော့ သူတို့ ပစ်တယ် ခတ်တယ်လို့ ပြောပါတယ်။ သိပ်မရှိပါဘူး၊ ကြိုးကြား ကြိုးကြား အစိတ် ငါးဆယ် ဒီလောက်ပါပဲ။ ကျနော်တို့ကလည်း ပြောက်ကျားစနစ်လေးပေါ့၊ အဝေးကနေ ပြလိုက်၊ နီးလာရင်ပြေးလိုက်၊ အဲလိုလေးနဲ့ပဲ။”

ရန်ကုန်မြို့မှာတော့ ဒီနေ့ နေ့လယ် ၂ နာရီလောက်က ရန်ကင်းမြို့နယ်ထဲ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီပေါက်ကွဲမှု အခြေအနေနဲ့ပတ်သက်ပြီး ရန်ကင်းမြို့နယ်မှာ နေထိုင်သူတဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“အခုလောလောဆယ်တော့ ၂ ယောက်ထိတယ်လို့တော့ ကြားတယ်။ အခုတော့ ၃ ယောက်ထိပြီး ၁ ယောက်သေတယ်လို့တော့ သတင်းရထားတယ်။ အသံကတော့ ၂ နာရီလောက်မှာ အသံအကျယ်ကြီး သုံးချက်လား လေးချက်လားပေါ့၊ သုံးချက်လို့ ထင်တာပဲ၊ သုံးချက်လောက်တော့ ကြားလိုက်ရတယ်။ အသံအကျယ်ကြီး သုံးချက်လောက်လို့ ထင်တာပဲ၊ ကြားလိုက်ရတယ်။ ပြီးတော့ အပြင်မှာပဲ တယောက်ကတော့ လဲနေတာပေါ့။ ငါထိသွားပြီတဲ့၊ လာကူကြပါဦးဆိုပြီး တယောက်ကတော့ လမ်းပေါ်မှာ လဲနေတာတော့ တွေ့လိုက်တယ်။ သူတို့အော်တာ ကြားတာတော့ နှစ်ယောက်ထိထားတယ်လို့ အဲလိုပြောတာတွေ ကြားတယ်။ ဒါပေမယ့် အနီးအနားက တခြားလူတွေ ပြောတာကတော့ လှမ်းကြည့်လိုက်တော့ မီးခိုးတွေ မြင်ရတယ်။ အပျက်အစီးတွေလည်း မြင်ရတယ်လို့ ပြောပါတယ်။ ပေါက်တာက ၃ ချက် အကျယ်ကြီးပဲ ကြားလိုက်တယ်။ ပြီးတော့ အဲဒီနားမှာ ပစ်တဲ့အသံတွေလည်း ကြားလိုက်ရသေးတယ်။ ဖြစ်တာ ၂ နာရီအတိမှာ ဖြစ်သွားတာ။ လဲတဲ့တယောက်ကတော့ စစ်ဝတ်စုံ ဝတ်ထားတယ်။”

ဒါ့အပြင် ရန်ကင်းမြို့နယ်မှာ နေထိုင်သူ နောက်တဦးကလည်း ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ပထမတချက် ကြားလိုက်တော့ မိုးတွေကအုံ့တော့ မိုးခြိမ်းတယ် ထင်တာပေါ့။ နောက်တော့ နောက်တချက်ဆက်ပေါက်တော့ မဟုတ်မှန်းသိတယ်။ ပြီးတော့ နောက်တချက် ဆက်ပေါက်တော့မှ သေချာသွားတော့မှ ကိုယ်တွေလည်း ပြေးပုန်းတာပေါ့။ ပြီးတော့ အဲဒီအနောက်မှာလည်း အသံသေးသေးလေး တချက်၊ ညီမတို့တော့ နှစ်ချက်လောက် ကြားလိုက်တယ်။ တချို့ကလည်း တချက်လို့ပြောတယ်။ တချို့ကလည်း အသံသေးသေးကို လုံးဝမကြားဘူး။ အဲဒါပဲသိတယ်။”

ကိုရန်နိုင် - ပေါက်ကွဲတဲ့အားက ဘယ်လောက်လောက်ရှိလဲ။

ရန်ကင်းမြို့နယ်မှာ နေထိုင်သူ - “တော်တော်ကြီးတော့ ကျယ်တယ်။ အစကတော့ မိုးကြိုးပစ်ချလိုက်တယ် ထင်တာပေါ့။ ဒါပေမယ့် ဒုတိယအလုံးမှာ မဟုတ်မှန်း သိသွားတာပေါ့။”

ရန်ကင်းမြို့နယ် ၂ ရပ်ကွက်အတွင်းမှာရှိတဲ့ မြို့နယ်ထွေအုပ်ရုံးမှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ဒီပေါက်ကွဲမှုကြောင့် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ၄ ယောက် ဒဏ်ရာရတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁၂ ရက်နေ့တုန်းကလည်း အဲဒီ မြို့နယ်ထွေအုပ်ရုံးမှာ အသေးစားပေါက်ကွဲမှုတခု ဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ နေရာတချို့မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အပြည့်အဝ ထောက်ခံပါတယ်ဆိုတဲ့ စာတမ်းတွေ၊ ပိုစတာတွေကို တက်ကြွလှုပ်ရှားသူ ပြည်သူတွေက ကိုင်ဆောင်ပြီးတော့ ထောက်ခံကြိုဆိုတာတွေ စာရွက်တွေကို နေရာအနှံ့မှာ လိုက်ကပ်တာတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် မန္တလေးနဲ့ မုံရွာမြို့တွေမှာလည်း ဆန္ဒပြပွဲတွေ ရှိခဲ့ပေမယ့် အပြင်းအထန် ဖြိုခွဲတဲ့ သတင်းတွေတော့ မရပါဘူး။

အခုလို စစ်ကောင်စီဘက်က ဆန္ဒပြတာတွေကို ပစ်ခတ်နှိမ်နင်းမှုတွေ ရှိနေပေမယ့်လည်း နိုင်ငံတဝန်းက စစ်ကိုင်းတိုင်း ဆားလင်းကြီး၊ ကျွန်းလှနဲ့ မွန်ပြည်နယ် ပေါင်မြို့နယ်နဲ့ နိုင်ငံတဝန်းက တချို့မြို့တွေမှာလည်း ဆက်ပြီး ဆန္ဒပြ ကန့်ကွက်နေကြဆဲ ဖြစ်ပါတယ်။


ရန်နိုင်/ VOA Burmese

https://burmese.voanews.com/a/mogok-protest-crack-down/5856909.html

မိုးကုတ်မှာ ပစ်ခတ်ဖြိုခွဲမှု သေဆုံး ဒဏ်ရာရသူရှိ မိုးကုတ်မှာ ပစ်ခတ်ဖြိုခွဲမှု သေဆုံး ဒဏ်ရာရသူရှိ Reviewed by THITHTOOLWIN on 21:39 Rating: 5

No comments:

Powered by Blogger.