ဖမ်းထားသူတွေ မလွှတ်မချင်း စစ်ကောင်စီနဲ့ မဆွေးနွေးနိုင်ဘူးလို့ ဒေါက်တာဇော်ဝေစိုးပြော



လက်ရှိပြည်သူလူထုရဲ့ နစ်နာချက်တွေ တောင်းဆိုချက်တွေမရနိုင်ဘဲ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးရေးကို စဉ်းစားမှာ မဟုတ်ဘူးလို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာဇော်ဝေစိုးက ပြောလိုက်ပါတယ်။

Civil Disobedient Movment လို့ခေါ်တဲ့ အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM စတင်ခဲ့ရတဲ့ အခြေအနေနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက CDM ရှေ့ဆက်လုပ်ဆောင်မဲ့ အစီအစဉ်နဲ့ပတ်သက်ပြီး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြည်သူသို့ အသိပေးပြောကြားချက် ဧပြီလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။ ပြည်သူလူထုအတွက် ကာကွယ်ရေးတပ်ဖွဲ့တွေ အင်အားကောင်းလာအောင် လုပ်ဆောင်မှာဖြစ်ပြီး အဲဒီအချိန်မှာ စစ်ကောင်စီက ညှိနှိုင်းဆွေးနွေးမှု လုပ်လာရင်တောင် ပြည်သူတွေရဲ့လိုလားချက်တွေ မရဘဲနဲ့ တွေ့ဆုံဆွေးနွေးရေးကို စဉ်းစားမှာမဟုတ်ဘူးလို့ဆိုပါတယ်။

CDM လုပ်တဲ့ဝန်ထမ်းတွေအတွက် ထိခိုက်နစ်နာမှုတွေရှိတယ်ဆိုတာကို သိပေမယ့် မလွှဲမရှောင်သာတဲ့အတွက် တော်လှန်ရေးစတင်ဖို့ ဆုံးဖြတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

CDM လှုပ်ရှားမှု စတင်ချိန်က ဒီမိုကရေစီပြန်လည်ထွန်းကားလာဖို့လိုလားချက်တွေကို တောင်းဆို ဆန္ဒပြတာဖြစ်ပေမဲ့ စစ်ကောင်စီက လိုက်လျောမှု မရှိခဲ့ဘဲ လူထုကို အကြမ်းဖက်လာခဲ့တဲ့အတွက် CDM ကို အရှိန်မြှင့်ခဲ့ရတယ်လို့ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

မြန်မာပြည်ရဲ့ အနာဂတ်နိုင်ငံရေးမှာ စစ်တပ်ဘယ်တော့မှ ပါဝင်ပတ်သက်မှု မရှိရေး ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ တော်လှန်ရေးအောင်မြင်အောင် လူတိုင်းပါဝင်ဖို့ လိုကြောင်း နဲ့ စည်းလုံးညီညွတ်မှုက အရေးကြီးတယ်လို့လည်း ဒေါက်တာဇော်ဝေစိုးက ပြောသွားပါတယ်။ CDM လှုပ်ရှားမှုဟာ စစ်အာဏာ သိမ်းကတည်းက ကျန်းမာရေးအင်အားစုတွေက စတင်ခဲ့တဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုဖြစ်ပြီး အစိုးရဝန်ထမ်းတွေ ထောင်နဲ့ချီပါဝင်လှုပ်ရှား နေကြတာဖြစ်ပါတယ်။ အဲဒါကြောင့်လည်း အာဏာသိမ်းစစ်ကောင်စီက ဝန်ထမ်းတွေ အလုပ်ပြန်ဝင်ကြဖို့ ဖိအားပေးတာတွေ စည်းရုံးတာတွေ အပြင်းအထန် လုပ်နေတာဖြစ်ပါတယ်

RFA Burmese



ဖမ်းထားသူတွေ မလွှတ်မချင်း စစ်ကောင်စီနဲ့ မဆွေးနွေးနိုင်ဘူးလို့ ဒေါက်တာဇော်ဝေစိုးပြော ဖမ်းထားသူတွေ မလွှတ်မချင်း စစ်ကောင်စီနဲ့ မဆွေးနွေးနိုင်ဘူးလို့ ဒေါက်တာဇော်ဝေစိုးပြော Reviewed by THITHTOOLWIN on 21:04 Rating: 5

No comments:

Powered by Blogger.