ရှေ့နေနဲ့ လူချင်းတွေ့ခွင့်ရဖို့ ရုံးချိန်းနေ့မှာ အတိုင်ပင်ခံပုဂ္ဂိုလ် တောင်းဆို

နေပြည်တော်မှာ ဖမ်းဆီးတရားစွဲခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ အမှုတခု တပ်တိုး တရားစွဲလိုက်တဲ့အတွက် သူရင်ဆိုင်နေရတဲ့ အမှု စုစုပေါင်း ၆ မှု ရှိသွားပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုမှာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေနဲ့ တွေ့ဆုံဖို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ တရားရုံးမှာ ထပ်ပြီး တောင်းဆိုခဲ့ပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို ကိုခင်မောင်စိုးမင်းကဆက်ပြီးပြောပြပါမယ်။

ဖမ်းဆီး တရားစွဲခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ ဧပြီလ ၁၂ ရက်မှာ နေပြည်တော် ဇမ္ဗူသီရိ တရားရုံးမှာ Video conferencing နဲ့ ရုံးထုတ်ပါတယ်။ ဒီနေ့ ကြားနာပွဲမှာ အရပ်သားတဦးက စွဲဆိုတဲ့ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခြဲမှု ဥပေဒနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထပ်တိုးတရားစွဲလိုက်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေကြီး ဦးခင်မောင်ဇော်က ဗွီအိုအေကို ပြောပါတယ်။

"တိုင်တာကတော့ ဦးညီညီတဲ့ လယ်ဝေးဘက်ကဗျ၊ နေပြည်တော်ထဲကပဲ၊ သူကတိုင်တာပါ။ အဲဒီတော့ တိုင်တဲ့ အချက်ကတော့ သဘာဝဘေးအန္တရာယ် ထိန်းသိမ်းကာကွယ်ရေး ဥပဒေပုဒ်မ ၂၅၊ အရင်အမှုလိုပဲပေါ့ လူအုပ်စုတစုနဲ့ ပတ်သတ်ပြီးတော့ပေါ့ တိုင်တာပါပဲ။ အခုဟာက ဒေါ်အောင်ဆန်းစုကြည်က သူ့ရှေ့သွားတာ မဟုတ်ဘူး၊ သူက ( ဒေါ်အောင်ဆန်းစုကြည်က) လယ်ဝေးနယ် တနယ်ကို သွားတဲ့အခါမှာ လူ ၂၀ ထက်ပိုတယ်ပေါ့ဗျာ၊ အဲဒါကို တိုင်တာပါပဲဗျ။”

ခုလို အမှု ၁ ခုထပ်တိုးတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲထားတဲ့ အမှု စုစုပေါင်း ၆ ခုဖြစ်သွားပါပြီ။ အများပြည်သူ တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လှုံ့ဆော်မှု၊ လုပ်ဆောင်မှု ရာဇသတ်ကြီးဥပဒေ ၅၀၅ ( ခ)၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ္မ ၈၊ နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေပုဒ်မတို့နဲ့ စွဲထားတဲ့ အမှုတွေအပြင် သဘာဝဘေးအန္တရာယ် ထိန်းသိမ်းကာကွယ်ရေး ဥပဒေပုဒ်မ ၂၅ နဲ့ ၂ မှု ဖြစ်ပါတယ်။ ခုလို အမှုတွေအများကြီးရင်ဆိုင်နေရပေမဲ့ ခုချိန်ထိ သူ့ရဲ့ ရှေ့နေတွေနဲ့ ခုထိတွေ့ဆုံခွင့် မရသေးတာကြောင့် ရှေ့နေတွေနဲ့ တွေ့ဆုံခွင့်ပေးဖို့ ဒေါ်အောင်းဆန်းစုကြည်က ဒီနေ့ထပ်ပြီးတောင်းဆိုခဲ့တယ်လို့ ရှေ့နေဦးခင်မောင်ဇော်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည် အတည်ပြုထားတဲ့ ရှေ့နေတွေကထဲက ဦးခင်မောင်ဇော်၊ ဦးကြည်ဝင်း၊ ဒေါ်စန်းမာလာညွန့်နဲ့ ဦးအောင်ကျော်စိုးတို့ ၃ ယောက်ကိုတော့ ဒီနေ့ အမှုလိုက်ဖို့ သက်ဆိုင်ရာက တရားဝင် ခွင့်ပြုတယ်လို့ ရှေ့နေကြီး ဦးခင်မောင်ဇော်က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က လက်မှတ်ထိုးတဲ့ ကိုယ်စားလှယ်လွှဲစာ မနေ့က ကျနော်တို့ လက်ထဲ ရောက်ပါတယ်၊ ဒေါ်မင်းမင်းစိုး ( ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိရှေ့နေ) ပဲ အဲဒီကိုယ်စားလှယ်စာ တင်ပါတယ်ဗျ။ အမှုတွဲထဲကို အဲဒီကိုယ်စားလှယ်စာ ရောက်သွားပါပြီ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားဝင်ရှေ့နေ ခြောက်ယောက် ဖြစ်သွားပါပြီဗျ။”

ရွေ့နေ ဒေါ်မင်းမင်းစိုးနဲ့ ဦးယုယချစ်တို့ကိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို လိုက်ဖို့ အစောပိုင်းထဲက ခွင့်ပြုထားပါတယ်။ တရားစွဲခံနေရတဲ့ သမ္မတဦးဝင်းမြင့်ကလည်း ရှေ့နေကိုယ်စားလှယ်လွှဲအပ်ဖို့ရှိနေပြီး လက်ရှိတော့ ရှေ့နေ ဒေါ်မင်းမင်းစိုးကပဲ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီရဲ့နေပြည်တော် ကောင်စီဥက္ကဋ္ဌတာဝန်ယူတာဝန်ယူခဲ့တဲ့ ဒေါက်တာမျိုးအောင်တို့ ၃ ယောက်လုံးရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ပေးပါတယ်။ သူတို့ ၃ ယောက်လုံးကို Video conferencing နဲ့ ရုံးထုတ်အမှု စစ်ဆေးခဲ့တာဖြစ်ပါတယ်။ နောက်တကြိမ်ရုံးချိန်းကိုတော့ ဧပြီလ ၂၈ ရက်မှာ ချိန်းဆိုထားတာ ဖြစ်ပါတယ်။ 


VOA (မြန်မာပိုင်း) ကိုခင်မောင်စိုးမင်း

https://burmese.voanews.com/a/dassk-appears-court-hearing-on-video/5849634.html

ရှေ့နေနဲ့ လူချင်းတွေ့ခွင့်ရဖို့ ရုံးချိန်းနေ့မှာ အတိုင်ပင်ခံပုဂ္ဂိုလ် တောင်းဆို ရှေ့နေနဲ့ လူချင်းတွေ့ခွင့်ရဖို့ ရုံးချိန်းနေ့မှာ အတိုင်ပင်ခံပုဂ္ဂိုလ် တောင်းဆို Reviewed by THITHTOOLWIN on 20:34 Rating: 5

No comments:

Powered by Blogger.