အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံဆန္ဒပြသူ နှစ်ဦး ဖမ်းဆီးခံရ



ဒီနေ့ မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့မှာ နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲတွေ ဆက်လက် ပေါ်ပေါက်ခဲ့ပြီး ရဲနဲ့စစ်တပ်ရဲ့ ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် ထိခိုက်သေဆုံးမှုတွေလည်းရှိခဲ့ပါတယ်။ ရန်ကုန်မှာ တော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကနေ မနေ့က ဖွဲ့စည်းလိုက်တဲ့ အမျိုးသား ညီညွတ်ရေးအစိုးရကို ထောက်ခံဆန္ဒပြသူတွေထဲက နှစ်ဦး ဒီကနေ့ ဖမ်းဆီးခံခဲ့ရပါတယ်။

စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ အောင်ချမ်းသာရပ်ကွက်မှာ ဒီနေ့လယ်က စစ်တပ်နဲ့ရဲတပ်ဖွဲ့ရဲ့ ဖြိုခွင်းမှုကြောင့် တစ်ဦးသေဆုံးပြီး ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရ သွားတယ်လို့ မြို့ခံတွေကပြောပါတယ်။

ဒဏ်ရာရသူ ငါးဦးထဲက နှစ်ဦးကို ရဲတွေက တွန်းလှည်းထဲမှာထည့်ပြီး ယူသွားတာကို တွေ့လိုက်ရတယ်လို့ လည်း သပိတ်စစ်ကြောင်းမှာပါဝင်တဲ့ ကိုထွန်းလွင်က ပြောပါတယ်။

“ကျွန်တော်တို့ ၁၁နာရီလောက်မှာသပိတ်စစ်ကြောင်းထွက်တယ်။ သပိတ်စစ်ကြောင်းစပြီး ၁၅ မိနစ် လောက်မှာ လူစုခွဲခိုင်းတယ်။ ကျွန်တော်တို့လူစုခွဲပြီးတော့ အိမ်ထဲမှာနေတဲ့အချိန်မှာ သူတို့ကတခြား ရပ်ကွက်တွေတက်ပြီး အတားအဆီးတွေကိုဖြိုပြီးတော့ အောင်ချမ်းသာရပ်ကွက်ခဲ့တယ်ဆင်းလာတယ်။ အဲဒီမှာ ပြည်သူတွေကိုပစ်ကြ တယ်။ လေးယောက်၊ ငါးယောက်လောက်ထိသွားတယ်။ ခြေထောက်မှာ ထိတဲ့ လူတစ်ယောက်လည်းပါသွား တယ်။ ပြီးတော့ ကျွန်တော်တို့မြင်လိုက်ရတာက လှည်းထဲမှာ ထည့် ထားတဲ့ နှစ်ယောက်ကလဲနေတယ်။ တစ်ယောက်ကတော့ မလှုပ်နိုင်တော့ဘူး။ တစ်ယောက်ကတော့ လှုပ်နေပေမယ့် သူတို့ကဆံပင်တွေကိုဆွဲပြီး နှိုးနေတာကိုတွေ့တယ်။ သေဆုံးတာကတော့ အခုခုလော လောဆယ် တစ်ယောက်ပဲသိရသေးတယ်ဗျ”

သေဆုံးသူဟာ ဝမ်းဗိုက်မှာ ကျည်ထိမှန်ပြီး ဆုံးသွားတာလို့ ဆိုပါတယ်။ ဒဏ်ရာရသူတွေကိုတော့ စစ်တပ်နဲ့ ရဲက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်း ပြောပါတယ်။

မိုးကုတ်မြို့မှာ စစ်တပ်နဲ့ရဲက ရွှေကူနဲ့ အောင်ချမ်းသာရပ်ကွက်တွေကို မနက် ၁၁ နာရီလောက်က ပစ်ခတ် ဖြိုခွင်းခဲ့တာလို့လည်း မြို့ခံတွေက ပြောပါတယ်။

မိုးကုတ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်ဖြိုခွင်းရာက ပြီးခဲ့တဲ့ရက်တွေမှာ သေဆုံးသူ အနည်းဆုံး ရှစ်ဦးရှိခဲ့ပြီး၊ ဒီနေ့မှာ တစ်ဦး ထပ်တိုးလာတာဖြစ်ပါတယ်။

သေကျေထိခိုက်မှုတွေ ကြုံရတဲ့အထိ စစ်တပ်နဲ့ရဲတွေရဲ့ အကြမ်းဖက်ဖြိုခွင်းခံနေရတဲ့ကြားက စစ်အာဏာ သိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ နိုင်ငံအနှံ့ ဆက်လက် ပေါ်ပေါက်နေပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က မနေ့က ဖွဲ့စည်းလိုက်တဲ့ အမျိုးသား ညီညွတ်ရေး အစိုးရကို ရန်ကုန်အပါအဝင် အခြားဒေသတချို့မှာ ထောက်ခံဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။

ဒီနေ့မနက်မှာလည်း ရန်ကုန် ကမာရွတ်မြို့နယ် လှည်းတန်း(၆)လမ်းမှာ အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံဆန္ဒပြခဲ့ကြရာမှာ ဆန္ဒပြသူ လူငယ် နှစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဆန္ဒပြရာမှာ ပါဝင်ခဲ့သူ တဦးဖြစ်တဲ့ ကိုကျော်က ပြောပါတယ်။

“ကျွန်တော်တို့ ဆန္ဒပြပြီးတော့ လူစုခွဲလို့အပြီး ကလေးတွေလည်းပြန်ကုန်ပြီ။ အဲဒီလိုပြန်သွားတဲ့အချိန်မှာ နောက်တစ်ဖွဲ့က ဆန္ဒပြဖို့ ၆ လမ်းထိပ်ကိုအထွက်ဗျ။ အဲဒီမှာ ရဲကားနဲ့ စစ်ကားနဲ့ နောက်ပြီးတော့ အိမ်စီး ကားသုံး စီးပါတယ်ဗျ။ အိမ်စီးကားသုံးစီးက ခဏလေးအတွင်းမှာရောက်လာပြီးတော့ ဆန္ဒပြတဲ့လူတွေကို ဖြိုခွင်းတာဖြစ် တယ်။ ပထမဆုံးအဖမ်းခံရတဲ့ ကလေးတစ်ယောက်ကတော့ ပစ္စည်းတစ်ခုကျန်ခဲ့လို့ လမ်းထိပ်ကိုထွက်လို့အယူမှာ တစ်ယောက်ကတော့ မိသွားတယ်ဗျ။ လက်ရှိဆန္ဒပြပွဲက နှစ်ယောက် လောက်တော့ ပါသွားတယ်ဗျ”

ဆန္ဒပြသူတွေထဲက နှစ်ဦးအပြင် ရပ်ကွက်ထဲသွားလာနေတဲ့ လူတချို့ကိုလည်း ရဲနဲ့စစ်တပ်က ဖမ်းဆီးသွား တယ်လို့ ပြောပါတယ်။

သူတို့ကို ကမာရွတ်ရဲစခန်းဘက်ကို ခေါ်သွားတာတွေ့ရပေမဲ့ ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာကိုတော့ အတိအကျ မသိရဘူးလို့လည်း ဆိုပါတယ်။

ရန်ကုန်မြို့ အလုံ ကွင်းကျောင်းလမ်းမှာလည်း ဒီနေ့မနက်က တက္ကသိုလ်ကျောင်းသားဟောင်းများအင်အားစု က တက်ကြွလှုပ်ရှားသူ လူငယ် လေးဦး ဖမ်းဆီးခံလိုက်ရပါတယ်။

နေအိမ်က ထွက်ခွာလာချိန် လမ်းပေါ်မှာ ဖမ်းဆီးခံရတာလို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဒုက္ကဋ္ဌ မရွှေသိဂီက RFA ကိုပြောပါတယ်။

“နေအိမ်ကနေ ထွက်ခွာလာတဲ့အချိန်မှာပေ့ါနော်။ လမ်းမှာကားတွေကို ကြိုပြီးတော့စစ်တာမျိုးတွေရှိတယ်။ အဲဒီမှာ ထွက်ခွာလာတဲ့အချိန်မှာပဲ ဖမ်းဆီးခံတာလို့သိရပါတယ်။ တက်ကြွလှုပ်ရှားနေတဲ့ လူတွေအကုန်လုံး ကို ဖမ်းဆီးနေတာမျိုး ဖြစ်တဲ့အတွက်ကြောင့် ဒီဟာကို စစ်ကောင်စီရဲ့လူတစ်စုက သတင်းပေးတဲ့အတွက် ကြောင့် ဖမ်းဆီးခံရတာလို့ သိရပါတယ်”

ဖမ်းဆီးခံရသူတွေဟာ မရွှေရူပါလင်း၊ ကိုစိုးထက်ဦး၊ ကိုကျော်မင်းထွန်းနဲ့ ကိုလင်းထက်တို့ ဖြစ်ကြပြီး၊ သူတို့ တွေရဲ့ ကားနဲ့ ပစ္စည်းတွေကိုလည်း သိမ်းဆည်းထားပြီး ဘယ်နေရာမှာ ထိန်းသိမ်းထားတယ် ဆိုတာတော့ မသိရဘူးလို့လည်း မရွှေသိင်္ဂီက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်တွေအတွင်း ပေါက်ကွဲမှုတချို့ဖြစ်ခဲ့တဲ့ ရန်ကုန်မြို့မှာ အလားတူ ပေါက်ကွဲမှုသတင်းတွေ ထွက်ပေါ်နေပေမဲ့ RFA ကတော့ သီးခြား အတည်ပြုလို့ မရသေးပါဘူး။

ဒီနေ့မှာပဲ ရန်ကင်းမြို့နယ်မှာရှိတဲ့ ဆယ့်နှစ်လုံးတိုက်တန်းအနီး ပေါက်ကွဲသံကြားခဲ့ရတယ်လို့ မြို့ခံတချို့ ကတော့ ပြောပါတယ်။

မနေ့ညကလည်း လှိုင်မြို့နယ်မှာ ကျယ်လောင်တဲ့ပေါက်ကွဲသံ နှစ်ကြိမ် ကြားခဲ့ရတယ်လို့ မြို့ခံတချို့ ပြောပါတယ်။

အသံဗုံးမျိုးမဟုတ်ဘဲ အသံဗုံးထက်ကျယ်ပြီး အဆောက်ဦတွေ တုန်ခါတဲ့အထိ ဖြစ်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လှိုင်မြို့နယ်မှာ နေထိုင်သူတစ်ယောက်က ပြောပါတယ်။

အကြမ်းဖက်ဖြိုခွင်းခံရလို့ ဆန္ဒပြသူတွေ ထိခိုက်သေဆုံးမှုတွေရှိနေတဲ့ကြားမှာပဲ လှိုင်မြို့နယ်မှာ ဆန္ဒပြ လှုပ်ရှားမှုတွေရှိနေဆဲ ဖြစ်ပါတယ်။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာက သတိပေးနေတဲ့ကြားမှာပဲ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲက ထိခိုက်သေကျေတဲ့အထိ အကြမ်းဖက် နှိမ်နင်းနေဆဲဖြစ်သလို၊ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ လည်း ဆက်လက်ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။

RFA Burmese



အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံဆန္ဒပြသူ နှစ်ဦး ဖမ်းဆီးခံရ အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံဆန္ဒပြသူ နှစ်ဦး ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 21:45 Rating: 5

No comments:

Powered by Blogger.