စစ်အာဏာရှင်အောက်က အတာသင်္ကြန် နိုင်ငံအနှံ့ ခြောက်သွေ့ တိတ်ဆိတ်နေ


မြန်မာတွေရဲ့ ၁၃၈၃ ခုနှစ်မြောက် နှစ်သစ်ကူး အတာသင်္ကြန်ပွဲဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ လက်အောက် မှာ လူပေါင်း ခုနှစ်ရာကျော်အသတ်ထားတဲ့ ကာလဖြစ်တဲ့အတွက် ပြည်သူတွေက ပုံမှန်မင်္ဂလာယူတဲ့ သင်္ကြန်ပွဲ အစား၊ တော်လှန်သင်္ကြန် အဖြစ် ပြောင်းလဲလိုက်တဲ့အတွက် တစ်နိုင်ငံလုံး ခြောက်ကပ်တိတ်ဆိတ်သွား ပါတယ်။

ဒီကြားထဲမှာပဲ ဆန္ဒပြပွဲတွေ ကြိုကြားကြိုကြားဆက်ရှိနေပြီး၊ မနေ့ နေ့လယ်ပိုင်းကနေ ဒီနေ့နေ့လယ်ထိ ၂၄ နာရီလောက်အတွင်း တစ်နိုင်ငံလုံးမှာ အနည်းဆုံး သုံးယောက် သေဆုံးခဲ့သလို၊ အယောက် ၂၀ နီးပါး အဖမ်းခံရ ပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီး ၇၁ ရက်အတွင်း လူ ၇၁၀ ကျော် အသတ်ခံထားရတဲ့အတွက် ပျမ်းမျှတွက်မယ် ဆိုရင် တစ်ရက်ကို ၁၀ ယောက်နှုန်း အသက်ဆုံးရှံးနေရပါတယ်။ အဲဒီအပြင် ဒဏ်ရာရတဲ့သူ ရာနဲ့ချီပြီး၊ အဖမ်းခံရတဲ့သူ သုံးထောင်ကျော်ရှိနေတယ်လို့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းရဲ့ ဒီနေ့ထုတ်ပြန်ချက်အရသိရပါတယ်။

ဒါကြောင့် အာဏာသိမ်းစစ်ကောင်စီရဲ့လက်အောက်မှာ အမင်္ဂလာဖြစ်နေတဲ့အတွက် ပျော်စရာသင်္ကြန် အစား တော်လှန်သင်္ကြန် အဖြစ် ပြောင်းပြီး အပြင်မထွက်ကြတာလို့ စမ်းချောင်းမြို့နယ်က လူငယ် ကိုဟယ်ရီက RFA ကို ပြောပါတယ်။

အဲဒီအပြင် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှာ ဒီနေ့ ပေါက်ကွဲမှုတစ်ခုဖြစ်သလို၊ တာမွေမြို့နယ်ထဲက ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတစ်ရုံးလည်း မနက်အစောပိုင်းမှာ မီးလောင်သွားပြီး မရမ်းကုန်းမြို့နယ်မှာတော့ လူငယ် ဆယ်ယောက်ကျော်ကို စစ်တပ်က ဖမ်းသွားပါတယ်။

တာမွေမြို့နယ်မှာတော့ မအူကုန်းလမ်းကျယ်နဲ့ ၁၃၅ လမ်းထောင့်မှာရှိတဲ့ (က) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဒီနေ့ မနက်အစောပိုင်းက မီးလောင်သွားတာပါ။ မီးလောင်ရတဲ့အကြောင်းရင်းကို သေချာမသိရသေးပေမယ့် မနေ့ကည ၈ နာရီလောက်က အဲဒီရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို စစ်တပ်က ရောက်လာတယ်လို့ ဒေသခံတွေ က ပြောပါတယ်။ မလောင်ခင် ငါးမိနစ်လောက်အလိုမှာ လုံခြုံရေးလာယူထားတဲ့ စစ်ကားတွေ ပြန်ထွက်သွား တဲ့အသံ ကြားရတယ်လို့ မျက်မြင်တစ်ယောက်က RFA ကို ပြောပါတယ်။

မီးလောင်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ ကပ်နေတဲ့တိုက်အိမ်က အခန်းအချို့နဲ့ ရုံးနားမှာရပ်ထားတဲ့ ကားအချို့မီးကူးစက်ခံရပြီး ပျက်စီးသွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

စမ်းချောင်းမြို့နယ်မှာတော့ ဒီနေ့ နေ့လယ်ပိုင်းက မြေနီကုန်းလမ်းဆုံအနားမှာ ဗုံးလို့ယူဆရတဲ့ ပစ္စည်းတစ်ခု ပေါက်ကွဲသံကြားရတယ်လို့ အနီးအနားမှာ နေထိုင်သူတွေက ပြောပါတယ်။

ပေါက်ကွဲမှုမဖြစ်ခင်က၊ မြေနီကုန်း ပဒုမ္မာပန်ခြံဘေးနဲ့ ကုန်းတံတားကြားမှာ စစ်သားနဲ့ရဲတွေက လမ်းတွေ ပိတ်ထားသလို၊ သူတို့ထဲမှာ ဗုံးစနက်တံဖြုတ်မယ့်ဝတ်စုံနဲ့ တပ်ဖွဲ့ဝင်တွေကို လှမ်းတွေ့ရတယ်လို့ပြောပါတယ်။ အဲဒီနောက် မကြာခင်မှာပဲ ပေါက်ကွဲသံကြားခဲ့ရတာလို့ ပတ်ဝန်းကျင်က လူတွေကပြောပါတယ်။ ပေါက်ကွဲမှု ကြောင့် လူတွေထိခိုက်မှု အခြေအနေကိုတော့ သေချာမသိရသေးပါဘူး။

မရမ်းကုန်းမြို့နယ်မှာတော့ သမိုင်း ၂ ရပ်ကွက်က မုဒိတာအိမ်ယာဝန်းထဲမှာ ဧပြီလ ၁၂ ရက် မနေ့ညပိုင်းက အသက်နှစ်ဆယ်ဝန်းကျင်လူငယ် ဆယ်ယောက် ထက်မနည်း စစ်တပ်က ဖမ်းသွားတယ်လို့ အိမ်ယာဝန်းထဲ နေထိုင်သူတွေက ပြောပါတယ်။

စစ်ကောင်စီကခန့်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်မြိုင် ကိုယ်တိုင်ပါလာပြီး လိုက်ဖမ်းတာလို့ ပြည်သူတစ်ယောက်က RFA ကိုပြောပါတယ်။

အထက်မြန်မာပြည် မန္တလေးမြို့မှာလည်း အထင်ကရလမ်းဖြစ်တဲ့ ကျုံးဘေးပတ်လည်လမ်းတွေမှာ စစ်တပ်နဲ့ရဲတွေချထားပါတယ်။ ဒီသင်္ကြန်ကို တော်လှန်သင်္ကြန် အဖြစ် သတ်မှတ်ထားတယ်လို့ မန္တလေးမြို့ခံ တစ်ယောက်ကလည်း RFA ကိုပြောပါတယ်။

မန္တလေးမြို့ ဂုဏ်ဆောင်ဖြစ်တဲ့ မြို့မ ငွေငန်းအလှပြယာဉ်ဟာလည်း စစ်ကောင်စီအောက် ပြုလုပ်မယ့် သင်္ကြန်ကို ပါဝင်မှာမဟုတ်ဘူးလို့ RFA ကိုပြောပါတယ်။

ဒါပေမဲ့ စစ်တပ်ကထိန်းချုပ်ထားတဲ့ မန္တလေးနန်းတွင်းမှာတော့ နန်းမြို့သူမဏ္ဍပ်ဆိုပြီး ဒီကနေ့ သင်္ကြန် အကြိုနေ့ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ သင်္ကြန်ပွဲတော်ကျင်းပဖို့ နေပြည်တော်၊ မန္တလေးမြို့ကြီးတွေမှာ ပြီးခဲ့တဲ့မတ်လက ဗဟို မဏ္ဍပ်တွေ တည်ဆောက်ခဲ့ပေမဲ့ အပြီးမသတ်ခင်မှာ ပြန်လည်ဖျက်သိမ်းသွားပါတယ်။

မြန်မာနိုင်ငံသူ နိုင်ငံသားတွေကတော့ သင်္ကြန်အကြိုနေ့ကို အတာအိုးသပိတ်၊ အကျနေ့ကို သွေးမတိတ်သပိတ်၊ အကြတ်နေ့ကို ကားသပိတ်၊ အတက်နေ့ကို ဝမ်းနည်းခြင်းသပိတ်နဲ့ နှစ်ဆန်း တစ်ရက်နေ့ကိုတော့ ဆုတောင်း သပိတ် ဆင်နွှဲသွားကြမယ်လို့ ကြေညာထားပါတယ်။

ဒီအတောအတွင်းမှာပဲ အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း တမူးမြို့မှာ ဧပြီလ ၁၃ ရက် ဒီနေ့နေ့လယ်ပိုင်းက စစ်တပ်က ပစ်လို့၊ ဂေါရခါးလူမျိုး လင်မယားနှစ်ယောက် သေဆုံးသွားပါတယ်။

သူတို့က မော်တော်ဆိုင်ကယ်နဲ့ နွားနို့သွားပို့တဲ့အချိန် ၁၂ ရပ်ကွက်က ပါဟဲတံတားနားမှာ အပစ်ခံရတာပါ။ အလောင်းလာယူဖို့ စစ်ကောင်စီတပ်ဘက်က ပြောထားပေမယ့် ဘယ်သူမှသွားမယူရဲသေးဘူးလို့ တမူးမြို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီအပြင် တမူးနဲ့နန့်ဖာလုံကြား တံတားမှာ စစ်တပ်က ယောက်ျားလေး သုံးယောက်ကို ဖမ်းသွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

မနေ့ကလည်း အသက် ၇ နှစ် အရွယ် ကလေးငယ်တစ်ယောက် သေနတ်မှန် သေဆုံးခဲ့ရတယ်လို့ တမူးမြို့ခံ တစ်ယောက်က RFA ကိုပြောပါတယ်။

ဒီအတောအတွင်းမှာပဲ မန္တလေးတိုင်း မိုးကုတ်မြို့နားမှာ မနေ့ညက တိုက်ပွဲဖြစ်သံတွေကြားပြီး ဒေသခံတွေ တင်ထားတဲ့ ဗီဒီယိုတွေကို တွေ့ရပါတယ်။ ဒါဟာ ကချင်လွတ်မြောက်ရေးတပ် KIA က ဝင်တိုက်တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရသွားတယ်လို့ DVB သတင်းတစ်ပုဒ်မှာ ဒီနေ့ ဖော်ပြထားပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို RFA က ဒီနေ့ညနေ ၅ နာရီလောက်က ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ၊ ကချင်ပြည်နယ်အပြင် ရှမ်းပြည်နယ် မြောက်ပိုင်းမှာပါ သူတို့အဖွဲ့ရဲ့ ပြောက်ကျားစစ်တွေရှိနေပြီး၊ မိုးကုတ်သတင်း ဗဟိုဌာနချုပ်ဆီ မရောက် သေးဘူးလို့ ပြောပါတယ်။

ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီကခန့်ထားတဲ့ ပြန်ကြားရေးဒု-ဝန်ကြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့မွန်းလွဲပိုင်းမှာ တယ်လီဖုန်းဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ပဲခူးတိုင်းအနောက်ခြမ်း ပြည်မြို့ ၅ ရပ်ကွက်မှာတော့ ခေတ္တရာ မြို့သစ် ၃လမ်းမှာနေထိုင်တဲ့ အမျိုးသား နှစ်ယောက်ကို ဧပြီလ ၁၂ ရက် မနေ့က အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်တွေ လာရောက်ဖမ်းသွားပါတယ်။ နေအိမ်တံခါးကို ဖျက်ဆီးဝင်ရောက်ပြီး ရိုက်နှက်တာတွေလုပ်ခဲ့တဲ့အပြင် လျှပ်စစ်ကျင်စက်နဲ့ တို့တာတွေပါ လုပ်ခဲ့ပြီး သွေးကွက်တွေလည်းကျန်ခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

RFA Burmese



စစ်အာဏာရှင်အောက်က အတာသင်္ကြန် နိုင်ငံအနှံ့ ခြောက်သွေ့ တိတ်ဆိတ်နေ စစ်အာဏာရှင်အောက်က အတာသင်္ကြန် နိုင်ငံအနှံ့ ခြောက်သွေ့ တိတ်ဆိတ်နေ Reviewed by THITHTOOLWIN on 21:15 Rating: 5

No comments:

Powered by Blogger.