မြစ်ငယ်မြို့ပစ်ခတ်မှု ၅ ဦးသေဆုံး၊ ဒေသခံ ၃ဝ ခန့် ဖမ်းဆီးခံရ

မြစ်ငယ်မြို့ပစ်ခတ်မှု ၅ ဦးသေဆုံး၊ ဒေသခံ ၃ဝ ခန့် ဖမ်းဆီးခံရ မြစ်ငယ်မြို့က ဒဏ်ရာရသူတစ်ဦးအား ကြက်ခြေနီအဖွဲ့တွေ ကုသပေးနေစဉ်။ Photo-CJ

မန္တလေးတိုင်း မြစ်ငယ်မြို့မှာ မနေ့က စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် အမျိုးသားငါးဦး သေနတ်ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မနေ့က ညနေ ၄ နာရီလောက်မှာ မြစ်ငယ်မြို့ သပိတ်ခေါင်းဆောင်တစ်ဦး ပုန်းရှောင်နေတဲ့ ရွာသစ်ကျောင်းကို စစ်ကောင်စီတပ်တွေ ပစ်ခတ်ရာကနေ စတင်ပြီး တစ်မြို့လုံးနီးပါးကို ရပ်ကွက်လမ်းတွေထဲအထိ လိုက်ပစ်တာလို့ ဒေသခံတွေက ပြောပါတယ်။

မြစ်ငယ်မြို့ ရန်ကင်းရပ်ကွက်နေ ကိုဇော် (၄၆ နှစ်) က ဗိုက်မှာ ကျည်ထိမှန် သေဆုံးသွားတာဖြစ်ပြီး သေဆုံးသူမှာ မသန်စွမ်း သမီးငယ်တစ်ဦး ကျန်ရစ်ခဲ့ပါတယ်။

ပန်းရံသမား ကိုအောင်ချစ်သူ (၃ဝ နှစ်) ကတော့ စအိုမှာ သေနတ်ကျည်ထိမှန် သေဆုံးခဲ့ရတာဖြစ်ပြီး အသက် ၃ နှစ်အရွယ် သားငယ်တစ်ဦး ကျန်ရစ်ခဲ့ပါတယ်။

"သူတို့နှစ်ယောက်ရဲ့ အလောင်းတွေကို မနေ့က နီးစပ်ရာအိမ်တွေက ယူဖွက်ပြီး စောင်တွေနဲ့ ပတ်ထားတာ၊ စစ်တပ်က လာလုယူမှာစိုးလို့ ဒီနေ့ မနက်အစောပိုင်းမှာပဲ သဂြိုလ်လိုက်တယ်၊ သရဏဂုံတောင် မတင်လိုက်ဘူး" လို့ သေဆုံးသူ ကိုအောင်ချစ်သူရဲ့ အိမ်အနီးမှာနေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ မီးရထားဝန်ထမ်း မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။

နောက်ထပ် သေဆုံးသူ နှစ်ဦးက သာယာအေးရပ်ကွက်က ဖြစ်ပြီး၊ ကျန်တစ်ဦးကတော့ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ တစ်နိုင်ငံလုံးနည်းတူ မြစ်ငယ်မြို့မှာလည်း အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရပြီး ဖုန်းလိုင်းတွေလည်း ဆက်သွယ်ဖို့ ခက်နေပါတယ်။

မနေ့က မြစ်ငယ်မြို့မှာ ဒေသခံ အယောက် ၃၀ လောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေထဲကမှာ အသက် ၁၅ နှစ်အရွယ် ယောက်ျားလေး တစ်ဦးလည်း ပါဝင်ပြီး သူ့ကိုပြန်ထုတ်ပေးဖို့ ရဲစခန်းကို ဒီနေ့လိုက်သွားပေမယ့် မတွေ့ခဲ့ရဘူးလို့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။

"ညီမမောင်လေးက ပစ်ခတ်တော့ ပြေးလွှားရင်း တွေ့တဲ့ မီးရထားဝန်ထမ်းလိုင်းခန်းထဲ အိမ်အောက်မှာ ပုန်းနေတာ၊ အဲ့ဒါကို သေနတ်နဲ့ချိန်ပြီး ထွက်ခဲ့၊ မထွက်ခဲ့ရင် ပစ်သတ်မယ်ဆိုပြီးချိန်းခြောက်တော့ ထွက်ပြီး အဖမ်းခံလိုက်ရတာ ဖမ်းသွားတယ်၊ သူ့ကို အသက်မပြည့်သေးလို့ လူငယ်ထိန်းကျောင်းကို ပို့မယ်လို့ သိခဲ့ရတယ်"

မနေ့က ပစ်ခတ်မှုမှာ ဘယ်နှယောက် ဖမ်းဆီးခံရလဲဆိုတာ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

RFA က ဖုန်းဆက်သွယ်ပြောခဲ့တဲ့ ဒေသခံနောက်တစ်ဦးကတော့ ဒီနေ့ မြစ်ငယ် မြို့ပေါ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်သားတွေ လှည့်လည်သွားလာနေပြီး သရက်တန်းရွာဘက်မှာ ပစ်ခတ်မှု ရှိနေတယ်လို့ ပြောပါတယ်။

မြစ်ငယ်မြို့ဟာ မီးရထားစက်ရုံဝန်ထမ်းတွေ အများဆုံးရှိတဲ့မြို့ ဖြစ်ပြီး ဝန်ထမ်းအားလုံးလိုလိုက အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစလို့ မြစ်ငယ်မြို့မှာ နေ့စဉ်လမ်းမပေါ်ထွက် ဆန္ဒပြနေတာဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/myitnge-deaths-myanmar-military-coup-mandalay-04142021075550.html

မြစ်ငယ်မြို့ပစ်ခတ်မှု ၅ ဦးသေဆုံး၊ ဒေသခံ ၃ဝ ခန့် ဖမ်းဆီးခံရ မြစ်ငယ်မြို့ပစ်ခတ်မှု ၅ ဦးသေဆုံး၊ ဒေသခံ ၃ဝ ခန့် ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 20:50 Rating: 5

No comments:

Powered by Blogger.