သင်္ကြန်အကျနေ့မှာ သွေးမတိတ်ဆေးသပိတ်အဖြစ် ပြည်သူတွေဆန္ဒပြ


ဒီနေ့ကျရောက်တဲ့ အတာသင်္ကြန်အကျနေ့မှာ ပြည်သူလူထုဟာ ကြိုတင်ကြေညာထားတဲ့အတိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုအနေနဲ့ သွေးမတိတ် ဆေးသပိတ်ဆိုပြီး အနီရောင်တွေနဲ့ ဆန့်ကျင် ဆန္ဒပြပွဲတွေကို နိုင်ငံအနှံ့ တောရော၊ မြို့တွေမှာ ပြုလုပ်ခဲ့ကြပါတယ်။

ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေး၊ စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွေမှာ အနီရောင် ဆေးတွေ ခြယ်ပြီး စစ်အာဏာရှင်အုပ်ချုပ်ခွင့်မရစေရဆိုတဲ့ စာတမ်းတွေရေးတာ၊ ပိတ်စ အနီရောင်တွေ၊ ဆေးအနီပတ်ဖျန်းထားတာတွေ၊ အဝတ်အစား အနီရောင်တွေ ဝတ်ပြီး လှည့်လည်ချီတက်တာတွေ လုပ်ခဲ့ကြပါတယ်။

တစ်ဘက်မှာလည်း စစ်တပ်နဲ့ရဲက အကြမ်းဖက်ပစ်ခတ်တာတွေ ဆက်ရှိခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့ စမ်းမြို့ရပ်ကွက်ထဲမှာ မနေ့ည ၈ နာရီခွဲလောက်က လူနာအတွက် အောက်ဆီဂျင် ဘူး သွားယူတဲ့ လူငယ်တွေကို စစ်တပ်က သေနတ်နဲ့လှမ်းပစ်လိုက်လို့ အသက် ၂၇ နှစ်အရွယ် ကိုအောင်မြင့်ရွှေ ရဲ့ ဝမ်းဗိုက်မှာ ကျည်ဆန်ရှပ်မှန်ပြီး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တာဟန်းဘက်မှာ နေရာယူထားတဲ့ စစ်သားတွေက လှမ်းပစ်လိုက်တာလို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကိုပြောပါတယ်။

ပစ်ခတ်ခံရချိန်မှာ ကိုအောင်မြင့်ရွှေဟာ နေရာမှာတင် လဲကျကျန်ခဲ့ပြီး အခြားသူတွေကတော့ ထွက်ပြေး လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။ ဒဏ်ရာနဲ့ လဲကျနေတဲ့ ကိုအောင်မြင့်ရွှေကို စစ်သားတွေက တပ်ထဲကို သယ်သွားပြီး ဆေးကုပေးနေတယ်လို့လည်း ပြောပါတယ်။

ကလေးမြို့မှာ ညတိုင်း ဆိုင်ကယ်သံတွေကြားတာနဲ့ စစ်တပ်တွေက သေနတ်နဲ့ပစ်ခတ်တာတွေ ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒါ့အပြင် ဒီနေ့မနက်ကစလို့ တာဟန်းရပ်ကွက်နဲ့ ကလေး-ဂန့်ဂေါဘက်သွားတဲ့ လမ်းမှာ ယာဉ်အသွားအလာတွေကို ရပ်တန့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ကလေးမြို့မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်တဲ့ပြည်သူတွေကို စစ်ကောင်စီတပ်တွေက ပစ်ခတ်ခံရလို့ သေဆုံးသူ ၃၀ လောက်ရှိခဲ့ပေမယ့် ဆန္ဒပြပွဲတွေက နေ့စဉ်ဆက်ရှိနေပါတယ်။ ဒီနေ့မှာလည်း တော်လှန်သင်္ကြန် ခေါင်းစဉ်နဲ့ ကလေးမြို့မှာ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ဗဟိုလမ်းက ခဝဲခြံ မျက်မမြင်ကျောင်းမှာ ဧပြီလ ၁၂ ရက်နေ့ ညကတည်းက စစ်သားအင်အား ၅၀ ကျော် တပ်စွဲထားတယ်လို့ မြန်မာနိုင်ငံ မျက်မမြင်အသင်းရဲ့ တာဝန်ရှိသူတစ်ယောက်က RFA ကို အတည်ပြုပါတယ်။ အဲဒီ ခဝဲခြံမျက်မမြင်ကျောင်းမှာ လက်ရှိ သင်တန်းသားအနည်းငယ်ပဲရှိပေမယ့် စစ်တပ်က နှစ်နေရာယူထားလို့ သွားလာရေးနဲ့ နေထိုင်ရေး အခက်အခဲရှိနေတယ်လည်း သိရပါတယ်။

ပဲခူးမြို့ ရွှေသာလျောင်းဘုရားဝန်းထဲမှာတော့ ဈေးဆိုင်ခန်းတချို့ ဧပြီလ ၁၄ ရက် ဒီနေ့ မနက် သုံးနာရီ ဝန်းကျင်လောက်မှာ မီးလောင်သွားပါတယ်။ အနောက်ဘက်မုဒ်နားက ဈေးဆိုင်ခန်း သုံးခန်းလောက် မီးထဲ ပါသွားတယ်လို့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။ ဘုရားဝင်းထဲမှာ အာဏာသိမ်း စစ်ကောင်စီရဲ့ တပ်တွေ အရင်က တပ်စွဲထားပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က ပြန်ထွက်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးမြို့မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေးချီတက်သပိတ်ကို လူငယ်ကျောင်းသားတွေနဲ့ သံဃာတော် တွေ ရာနဲ့ချီဆင်နွဲခဲ့ပါတယ်။ အဲဒီမှာတော့ ပစ်ခတ်နှိမ်နင်းတာ မရှိခဲ့ပါဘူး။ ရှေးဟောင်း ပုဂံမြို့မှာလည်း ပြည်သူတွေဆက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်နဲ့ ကျုံဒိုးမြို့တွေမှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ဆက်ပြီး ရှိနေခဲ့ပါတယ်။

မွန်ပြည်နယ် မော်လမြိုင်မြို့မှာလည်း လူငယ်တချို့က သွေးမတိတ်၊ ဆေးသပိတ် ဆိုပြီး သေနတ်ကျည် ထိမှန် ဒဏ်ရာရတဲ့သူတွေပုံမျိုးနဲ့ သရုပ်ဖော်ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြပါတယ်။

RFA Burmese



သင်္ကြန်အကျနေ့မှာ သွေးမတိတ်ဆေးသပိတ်အဖြစ် ပြည်သူတွေဆန္ဒပြ သင်္ကြန်အကျနေ့မှာ သွေးမတိတ်ဆေးသပိတ်အဖြစ် ပြည်သူတွေဆန္ဒပြ Reviewed by THITHTOOLWIN on 21:05 Rating: 5

No comments:

Powered by Blogger.