မြန်မာနိုင်ငံ ပြိုလဲမယ့်အရေး ကုလလူ့အခွင့်အရေးမင်းကြီး သတိပေး

မြန်မာနိုင်ငံ ပြိုလဲမယ့်အရေး ကုလလူ့အခွင့်အရေးမင်းကြီး သတိပေး ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet။ Photo: UN News

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီက ပြည်သူတွေကို အပြင်းအထန် နှိမ်နင်းနေတဲ့ လုပ်ရပ်တွေအပေါ် အပြစ်တင် ရှုတ်ချတဲ့ကြေညာချက်တွေ၊ အကန့်အသတ်နဲ့ ပစ်မှတ်ထားပြီး အရေးယူ ပိတ်ဆို့နေကြတာတွေက မလုံလောက်ဘူးဆိုတာ ရှင်းနေတယ်လို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က ပြောလိုက်တဲ့အကြောင်း ကုလသမဂ္ဂက ဧပြီလ ၁၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ပြင်းထန်ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေ တားမြစ်နိုင်အောင် မြန်မာစစ်တပ်အပေါ် သြဇာရှိတဲ့နိုင်ငံတွေက ဖိအားတွေ အပီအပြင်ပေးဖို့ အရေးတကြီး လိုအပ်နေပြီ လို့လည်း မဟာမင်းကြီး Michelle Bacheletက ဆိုပါတယ်။ဧပြီလ ၉ရက်နေ့တုန်းက ပဲခူးမြို့မှာ ဆန္ဒပြသူတွေကို လက်နက်ကြီးတွေ သုံးပြီး စစ်ကောင်စီက ပစ်ခတ်ဖြိုခွဲခဲ့လို့ အနည်းဆုံး လူ ၈၂ ယောက်သေဆုံးခဲ့ရတဲ့ အဖြစ်ကိုလည်း မဟာမင်းကြီးက ထောက်ပြပါတယ်။

အကြမ်းဖက်ဖြိုခွဲမှုကြောင့် ဒဏ်ရာရသူတွေကို အကူ အညီပေးတဲ့ ကျန်းမာရေး လုပ်သားတွေကိုလည်း တားမြစ်မှုတွေ လုပ်ခဲ့ပြီး၊ အသတ်ခံရလို့ သေဆုံးခဲ့တဲ့ ဆန္ဒပြ ပြည်သူတွေရဲ့အလောင်းတခုကို လိုချင်ရင် အမေရိကန်ဒေါ်လာ၉ဝ လောက်နဲ့ ညီမျှတဲ့ မြန်မာငွေပေးပြီး ရွေးနေရကြောင်း၊ ပြင်းထန်တဲ့ နှိမ်နင်းမှုတွေကြောင့် ကိုယ်ကိုယ်ကိုယ် ပြန်ခုခံဖို့ တချို့တွေက ကမ္ဘာဦးကာလက လက်နက်မျိုးတွေနဲ့ တုံ့ပြန်နေကြရကြောင်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ပြောပါတယ်။

မြန်မာပြည်ရဲ့ အခြေအနေတွေက ပဋိပက္ခတခု ပီပီပြင်ပြင်ဖြစ်လာဖို့ ဦးတည်နေပြီး ဆီးရီးယားနိုင်ငံမှာ ၂၀၁၁ ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ အရပ်သားပြည်သူ သန်းနဲ့ချီပြီး ထိခိုက်နစ်နာခဲ့ရတဲ့ အခြေအနေမျိုး ထပ်မဖြစ်ရအောင် ကမ္ဘာ့နိုင်ငံတွေ လုပ်ဆောင်ရလိမ့်မယ်လို့လည်း မဟာမင်းကြီး Michelle Bachelet က သတိပေးပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ ပညာရေးနဲ့ ကျန်းမာရေးစတဲ့ အခြေခံအဆောက်အဦးတွေဟာ ပြိုလဲတော့မယ့် အခြေအနေတွေရှိနေပြီး ဒီအခြေအနေတွေက သန်းနဲ့ချီတဲ့ပြည်သူတွေရဲ့ ဘဝရပ်တည်ရေးအတွက် အန္တရာယ်ရှိလိမ့်မယ်လို့လည်း ဆိုပါတယ်။ မြန်မာစစ်တပ်နဲ့ အိမ်နီးချင်းနိုင်ငံတွေက မြန်မာပြည်သူတွေ လိုအပ်တဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးနိုင်ရေးမှာ ဝိုင်းပြီးဆောင်ရွက်ကြဖို့လည်း ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က ပြောဆိုခဲ့ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/myanmar-unocha-04132021171230.html

မြန်မာနိုင်ငံ ပြိုလဲမယ့်အရေး ကုလလူ့အခွင့်အရေးမင်းကြီး သတိပေး  မြန်မာနိုင်ငံ ပြိုလဲမယ့်အရေး ကုလလူ့အခွင့်အရေးမင်းကြီး သတိပေး Reviewed by THITHTOOLWIN on 05:29 Rating: 5

No comments:

Powered by Blogger.