မုံရွာ ယာကြီး -ကလေးဝ ကားလမ်းမှာ တပ်နဲ့ဒေသခံ ရွာသားတွေ အပြန်အလှန် ပစ်ခတ်ကြလို့ ၂ ဖက် ထိခိုက်သေဆုံးရှိ

ဧပြီ ၊ ၁၈ ၊ ၂၀၂၁

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ၊ တောင်တွင်းချောင်ဒေသ ၊ မုံရွာ ယာကြီး ကလေးဝ ကားလမ်း ၊ စစ်လျင်ချောင်းကျေးရွာအနီးဝန်းကျင်မှာ ဧပြီ ၁၇ ရက် မနေ့က ညနေပိုင်းမှာ လုံခြုံရေး တပ်ဖွဲ့နဲ့ ဒေသခံ ရွာသားတွေအကြား ၂ ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားတာကြောင့် သေဆုံး ဒဏ်ရာရသူတွေရှိတယ်လို့ သိရပါတယ်။

မင်းကင်းမြို့နယ် စစ်လျင်ချောင်းက ရွာခံ တစ်ယောက်ပြောတာက " ရဲနဲ့ စစ်တွေက ကျွန်တော်တို့ရွာက. ကိုအောင်ဘ ဆိုသူကို သေနတ် ၂ လက်နဲ့ အတူဖမ်းသွားတယ် ၊ နောက်ပြီး ကိုစိုးဝမ်း ရဲ့အိမ်ကိုဝင်ရှာတဲ့အခါ သေနတ်  ၁ လက်သိမ်းသွားတယ် ၊ လူတော့ မမိဘူး ၊ အဲ့ဒီကနေ ရဲနဲ့ စစ်တွေအပြန် လမ်းမှာ ပစ်ခတ်ကြတာ " လို့ ပြောပါတယ်။

အဲ့ဒီ ပစ်ခတ်မှုနဲ့ ပတ်သက်လို့ သတင်းအတည်ပြုချက်ရရှိဖို့ ကလေးခရိုင် အခြေစိုက် လုံခြုံရေးတာဝန်ရှိသူကို VOM က ဆက်သွယ်မေးကြည့်တော့ " ယာကြီးလမ်းမှာ အပြန်အလှန် ပစ်ခတ်ကြတာရှိတယ် ၊ ၂ ဖက်စလုံး ကျဆုံ ဒဏ်ရာရတာတွေရှိတယ်လို့ ကနဦး ကြားရတာ အသေးစိတ်တော့ ပြောမရသေးဘူး" လို့ ဖြေပါတယ်။

အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်နဲ့ ပတ်သက်လို့ VOM က ဒီမနက် စုံးစမ်း သိရတဲ့ သေဆုံး ၊ ဒဏ်ရာရ စာရင်းမှာ လုံခြုံရေးတပ်ဖွဲ့ဘက်က ဒုရဲအုပ် သူရကျော် လည်ပင်းဘယ်ဘက် ကျည်ဆံထိမှန် ဒဏ်ရာ ၊ ရဲ ဒုတပ်ကြပ် နန်းထိုက်သူ ဘယ်ဘက်လက်မောင်း ကျည်ဆံရှပ်ထိဒဏ်ရာ ၊ ရဲတပ်သား စိုးလတ် ပေါင်ကျည်ဆံထိမှန် ဒဏ်ရာရရှိပြီး ရဲတပ်သား မိုးမင်းလှိုင်ကတော့

 ဦးခေါင်းကျည်ဆံ ထိမှန်ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီ ပစ်ခတ်မှုမှာ ကလေးတပ်နယ်က တပ်သား မျိုးကိုလွင် ဆိုသူဟာ လည်ပင်းဘယ်ဘက် တူမီးသေနတ်ကျည်ဆံ ဖောက်ဝင်ပြီး သေဆုံးခဲ့တဲ့အပြင် တပ်ကြပ် အောင်ဇော်ဝင်း ဆိုသူလည် ခြေဖမိုးမှာ ကျည်ဆံထိမှန် ဒဏ်ရာရတယ်လို့ သိရပါတယ်။

အဲ့ဒီ ပတ်ခတ်မှုဖြစ်ပွားတဲ့နေရာမှာ ကနီမြို့နယ် ချောင်းမကျေးရွာက ကိုအောင်ဇော်ဦး ဆိုသူဟာ ရင်ဘတ်ကျည်ဆံထိမှန်ဒဏ်ရာနဲ့ ဖမ်းဆီးခံရပြီး အမည်မသိ ရုပ်အလောင်း ၁ လောင်းကို စစ်တပ်က ယူသွားတယ်လို့ သိရပါတယ်။

ကနီမြို့နယ် ၊ လာပို့ကျေးရွာခံတွေရဲ့ ပြောပြချက်အရ အဲ့ဒီ ပစ်ခတ်မှုမှာ ရွာသားတွေဘက်က ၅ ယောက်ထက်မနည်း သေဆုံးပြီး ၇ ယောက် ဒဏ်ရာရတယ်လို့ သိရပေမယ့် VOM က သတင်းအတည်ပြုနိုင်ဖို့ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။


Voice of Myanmar

https://www.facebook.com/VoiceofMyanmarNews

မုံရွာ ယာကြီး -ကလေးဝ ကားလမ်းမှာ တပ်နဲ့ဒေသခံ ရွာသားတွေ အပြန်အလှန် ပစ်ခတ်ကြလို့ ၂ ဖက် ထိခိုက်သေဆုံးရှိ မုံရွာ ယာကြီး -ကလေးဝ ကားလမ်းမှာ တပ်နဲ့ဒေသခံ ရွာသားတွေ အပြန်အလှန် ပစ်ခတ်ကြလို့  ၂ ဖက် ထိခိုက်သေဆုံးရှိ Reviewed by THITHTOOLWIN on 21:02 Rating: 5

No comments:

Powered by Blogger.