မြန်မာ့အရေးကူညီဖို့ ကုလအတွင်းရေးမှူးချုပ်ဟောင်း မြန်မာပြည်လာခွင့်မရ

မြန်မာ့အရေးကူညီဖို့ ကုလအတွင်းရေးမှူးချုပ်ဟောင်း မြန်မာပြည်လာခွင့်မရ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်း။ File Photo/Reuters

စစ်အာဏာသိမ်းပြီး လူတွေအများအပြားသေဆုံးအောင် အကြမ်းဖက်သတ်ဖြတ်ဖြိုခွဲနေတာတွေကို ရပ်တန့် စေဖို့ ကုလသမဂ္ဂနဲ့ အာဆီယံနိုင်ငံတွေက မြန်မြန်ဆန်ဆန်နဲ့ အားကောင်းတဲ့ဆောင်ရွက်မှုတွေ လုပ်ကြဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်းက တိုက်တွန်းလိုက်တဲ့ အကြောင်း AP သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။

သံတမန်ရေးခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို မစ္စတာ ဘန်ကီမွန်းက သွားဖို့ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင် ခဲ့ဘူးလို့ ဆိုပါတယ်။ လာမယ့်စနေနေ့ အင်ဒိုနီးရှားမှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ အနည်းဆုံး အနေနဲ့ မြန်မာနိုင်ငံကို အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တခု စေလွှတ်ရေး သဘောတူညီချက် တခုတော့ ထွက်လာသင့်တယ်လို့လည်း မစ္စတာ ဘန်ကီမွန်းက တိုက်တွန်းပါတယ်။

လက်ရှိကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres အနေနဲ့လည်း မြန်မာစစ်တပ်နဲ့တိုက်ရိုက် စေ့စပ် ဆွေးနွေးမှုတွေ လုပ်ဖို့ကိုလည်း ကုလအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်းက တိုက်တွန်းပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အကြမ်းဖက် ရက်စက်မှုတွေကို ရပ်တန့်အောင်နဲ့ ဆက်မဖြစ်အောင် ကြိုတင် ကာကွယ်နိုင်ဖို့ ကုလသမဂ္ဂနဲ့ အာဆီယံအသင်းတို့ ပူးပေါင်းပြီး အားကောင်းတဲ့ ဆောင်ရွက်မှုတွေလုပ်ဖို့ အခုချိန်က အခွင့်ကောင်းတရပ် ဖြစ်နေတယ်လို့လည်း မစ္စတာ ဘန်ကီမွန်းက အွန်လိုင်းမှာကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးမှာ မနေ့တုန်းက ပြောခဲ့တာပါ။

မစ္စတာ ဘန်ကီမွန်းက မြန်မာပြည်တွင်းက ပဋိပက္ခတွေ ပြေလည်လျှော့ကျလာအောင် ဆွေးနွေးညှိနှိုင်းပေးဖို့ မြန်မာနိုင်ငံကို နောက်တကြိမ်သွားရေး ကြိုးစားခဲ့ပေမယ့်လည်း စစ်ကောင်စီဘက်က လောလောဆယ်မှာ အဆင်မပြေနိုင်သေးဘူးလို့ပဲ အကြောင်းပြန်တယ်လို့ ဆိုပါတယ်။ မစ္စတာ ဘန်ကီမွန်းဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တာဝန်နဲ့ မြန်မာနိုင်ငံကို နာဂစ်မုန်တိုင်းဒဏ်ခံရပြီး မကြာခင်က တခေါက် ရောက်ခဲ့ဖူး ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/former-un-secretary-general-04192021170455.html

မြန်မာ့အရေးကူညီဖို့ ကုလအတွင်းရေးမှူးချုပ်ဟောင်း မြန်မာပြည်လာခွင့်မရ  မြန်မာ့အရေးကူညီဖို့ ကုလအတွင်းရေးမှူးချုပ်ဟောင်း မြန်မာပြည်လာခွင့်မရ Reviewed by THITHTOOLWIN on 23:49 Rating: 5

No comments:

Powered by Blogger.