နွေဦးအသံ နေ့စဉ်သတင်းလွှာထုတ်ဝေ



သတင်းစီးဆင်းမှု ရပ်မသွားဖို့ ရည်ရွယ်ချက်နဲ့ နွေဦးအသံဆိုတဲ့ သတင်းလွှာကို လူငယ်တစု ထုတ်ဝေနေပါတယ်။ သတင်းအမှောင်ချထားချိန်မှာ ကောလဟလတွေအစား သတင်းမှန်သိဖို့ လူငယ်တစုက လျှို့ဝှက်ထုတ်ဝေတဲ့ The Voice of Spring နွေဦးအသံ မြေအောက် နေ့စဉ်သတင်းလွှာဟာ ရက်ပိုင်းအတွင်း လူထုကြား ပျံ့နှံ့ပြီး လူထုကလူထုဆီ ဖြန့်ဝေတဲ့ သတင်းစာ ဖြစ်သွားတယ်လို့ နွေဦးအသံသတင်းစာ စီစဉ်သူတဦးက ပြောကြားလိုက်ပါတယ်။

သတင်းစီးဆင်းမှု ရပ်မသွားဖို့ ရည်ရွယ်ထုတ်ဝေတာလို့ ကိုနိုင်ဆိုပြီး နာမည်ဝှက်ပေးထားတဲ့ နွေဦးအသံ စီစဉ်သူတဦးက ပြောပါတယ်။ တကယ်တော့ ကိုနိုင်တို့က သတင်းလွှာစီစဉ်သူတွေသာဖြစ်ပြီး ထုတ်ဝေသူက လူထုဖြစ်ပါတယ်။

A-4 စာတရွက်တည်းမှာ ရှေ့နဲ့နောက် ကျောကပ် နှစ်မျက်နှာပါ သတင်းလွှာကို ဧပြီ ၅ ရက်က စထုတ်ဝေတာဖြစ်ပြီး ပြည်ပအသံလွှင့်ဌာနတွေက ထုတ်လွှင့်တဲ့ သတင်းတွေ၊ ပြည်တွင်းမီဒီယာတွေက ဖော်ပြတဲ့ သတင်းတွေကို စိစစ်တည်းဖြတ်၊ လို - တို - ရှင်းနဲ့ သတင်းများများပါအောင် စီစဉ်ထုတ်ဝေတာပါ။

စရိတ်လည်းကျဉ်း၊ သယ်ရ၊ ဝှက်ရလည်းလွယ်၊ ဖျောက်ဖျက်ဖို့လည်း မခဲယဉ်းအောင် စဉ်းစားရပါတယ်။ ရေရှည်ထုတ်ဝေနိုင်ဖို့ လုံခြုံရေးအထူးဂရုစိုက်ရတာမို့ ဘယ်မြို့ ဘယ်နေရာကနေ ဘယ်သူတွေ နွေဦးအသံထုတ်ဝေနေသလဲဆိုတာ မပြောနိုင်ဘဲ လုံခြုံနေသမျှ ဆက်ထုတ်ဝေနေမှာဖြစ်ပြီး တကယ်လို့ စစ်ကောင်စီက အင်တာနက် လုံးဝဖြတ်တောက်လိုက်ပြီ ဆိုရင် လုပ်နိုင်တာလည်း ရှိပါတယ်။

မြေအောက်သတင်းစာထုတ်တယ်ဆိုကတည်းက အခက်အခဲတွေလည်း ရှိပါတယ်။ စစ်အာဏာသိမ်းတယ်ဆိုတာ ဘာမှန်းမသိတဲ့ ကလေးသူငယ်တွေပါ အသတ်ခံနေရတာမို့ ဒီလိုမြေအောက်သတင်းစာ ထုတ်ဝေဖြန့်ချိသူတွေအတွက်လည်း အန္တရာယ်ကြီးမားလွန်းတာ မသိမဟုတ် သိတယ်လို့ ကိုနိုင်က ပြောပါတယ်။

နွေဦးအသံလိုပဲ အင်တာနက် ဖြတ်တောက်လိုက်ရင် သတင်းစီးဆင်းမှု ရပ်မသွားအောင် လူငယ်တစုက Molotov စာစောင်ထုတ်ဝေပြီး စာစဉ်-၁ အမှတ်-၂ မျက်နှာဖုံးမှာ ပျော်စရာသင်္ကြန်မဟုတ်တဲ့ တော်လှန်သင်္ကြန်လို့ ဖော်ပြထားပါတယ်။

RFA Burmese



နွေဦးအသံ နေ့စဉ်သတင်းလွှာထုတ်ဝေ နွေဦးအသံ နေ့စဉ်သတင်းလွှာထုတ်ဝေ Reviewed by THITHTOOLWIN on 21:08 Rating: 5

No comments:

Powered by Blogger.