စစ်ကောင်စီကိုဆန့်ကျင်တဲ့ ဆရာဝန် ၁၂ဝ ကျော် တရားစွဲခံထားရ



ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) နဲ့ စစ်ကောင်စီရဲ့ တရားစွဲဆိုခံထားရတဲ့ ကျန်းမာရေးဝန်ထမ်း အယောက် ၁၀၀ ကျော် ရှိသွားပါပြီ။ အဲ့ဒီအထဲမှာ မြန်မာနိုင်ငံတဝန်းက ပြည်သူ့ဆေးရုံတွေ၊ တိုက်နယ်ဆေးရုံတွေက အတွေ့အကြုံရင့်ကျက်တဲ့ ဆေးရုံအုပ် ဆရာဝန် ဆရာမကြီးတွေ၊ အထူးကုသမားတော်ကြီးတွေ ပါဝင်ပါတယ်။ စစ်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) မှာ ကျန်းမာရေး ဝန်ထမ်းတွေ တက်တက်ကြွကြွ ပါဝင်နေတာနဲ့အမျှ အစိုးရ ဆေးရုံဆေးခန်းတွေ လုပ်ငန်းမလည်ပတ်နိုင်ဘဲ ဖြစ်နေတာမို့ ဝန်ထမ်းတွေ လုပ်ငန်းခွင်ပြန်ဝင်ကြဖို့ စစ်ကောင်စီက ဖိအားပေးလာနေတာပါ။

ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲခံရတဲ့ CDM ဆရာဝန်တွေထဲမှာ ရခိုင်ပြည်နယ် စစ်တွေမြို့ ကုတင်ငါးရာဆေးရုံက (CDM) လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဆရာဝန်တစ်ဦးက…

"ဆရာဝန်ဆိုတဲ့ အမျိုးက ဆေးကုချင်တာ။ ကျမတို့ တသက်လုံးလည်း နှစ်အကြာကြီး ကျောင်းတွေ တက်ခဲ့ရတယ်။ စစ်ကောင်စီက ဒီလိုဆရာဝန်တွေကို လိုက်ပြီး ဖမ်းတယ်ဆီးတယ်ဆိုတာ ဆရာဝန်ဘဝနဲ့ အသက်ဆက်မွေးလို့မရအောင် လုပ်တာ၊ ဒါ လူ့အခွင့်အရေးလည်း ချိုးဖောက်ရာ ကျတယ်။ ကျမတို့ ဆရာဝန်အသိုင်းအဝိုင်းကပဲ ကြည့်ကြည့်၊ လူ့အခွင့်အရေးပိုင်းကပဲ ကြည့်ကြည့် ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး၊ တော်တော့်ကို ဆိုးရွားတဲ့ ကိစ္စပါပဲ"

လတ်တလောမှာ သူဟာလည်း လိုက်လံဖမ်းဆီးခံနေရတာကြောင့် တိမ်းရှောင်နေရင်းက လိုအပ်တဲ့လူနာတွေကို တယ်လီဖုန်းကနေတဆင့် ကျန်းမာရေးကိစ္စတွေကို အကြံပေးနေပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာ သိမ်းလိုက်ချိန်ကစလို့ ကျန်းမာရေးဝန်ထမ်းတွေ လမ်းမပေါ်ထွက် ဆန္ဒပြနေကြသလို အစိုးရဆေးရုံတွေမှာ အလုပ်ဆက်မလုပ်တော့ဘဲ CDM လူထုလှုပ်ရှားမှုထဲ ပါဝင်လာတာ ဖြစ်ပါတယ်။ CDM လှုပ်ရှားမှာပါဝင်တဲ့ ဆရာဝန်တွေဟာ အစိုးရဆေးရုံတွေမှာ အလုပ် သွားမလုပ်ကြပေမယ့် ကြုံတဲ့နေရာမှာ ပုန်းလျှိုးကွယ်လျှိုးနဲ့ လူနာတွေကို ဆေးကုသမှုတွေ ဆက်ပေးနေတယ်လို့ မန္တလေးမြို့က သပိတ်ခေါင်းဆောင် တစ်ဦးလည်းဖြစ်၊ ဆရာဝန်တစ်ဦးလည်းဖြစ်တဲ့ ဒေါက်တာတေဇာဆန်းက ပြောပါတယ်။

"ကျွန်တော်တို့နိုင်ငံမှာ အရေးအကြီးဆုံးလူနာကိုပြောပါဆိုရင် နိုင်ငံတော်ကိုယ်တိုင်က အရေးကြီးလူနာ၊ အရေးပေါ်လူနာပဲဗျာ့၊ ဒါကြောင့်ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေ အားလုံးပေါင်းပြီး အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်နေကြတာဖြစ်တယ်၊ ဆရာဝန်တွေ CDM လုပ်ပြီး အိမ်မှာထိုင်ပြီး နားနပ်နေတာ မဟုတ်ဘူး၊ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ အားလုံးက တက်နိူင်တဲ့ နေရာကနေပြီး အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေမှာလည်းပါဝင်တယ်၊ တချိန်တည်းမှာ ဆရာဝန်တွေဟာ တခြားနေရာကနေ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတာရှိပါတယ်။ ရောက်တဲ့နေရာမှာ ပရဟိတဆေးရုံ ဆေးခန်းတွေ၊ လူမှုကူညီရေးတွေ၊ နောက်ဆုံးမြေပြင်ထိ ဆင်းပြီး ဒဏ်ရာရတဲ့သူတွေ အလောင်းတွေ လိုက်ကောက်တာတွေ လုပ်နေပါတယ်။ အိမ်မှာထိုင်နေတာ မဟုတ်ပါဘူး"

မြန်မာနိုင်ငံမှာ ဆရာဝန်ပေါင်း ၃ သောင်းကျော်ရှိပြီး အဲ့ဒီအထဲက ၂ သောင်းလောက်ဟာ အစိုးရဆေးရုံတွေမှာ လုပ်ကိုင်နေကြပါတယ်။ အဲ့ဒီ ၂ သောင်းလောက်ထဲက ၇၅ ရာခိုင်နှုန်းက စစ်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) မှာ ပါဝင်နေပါတယ်။ ဆရာဝန် အသိုင်းအဝိုင်းက ပြုစုထားတဲ့ သတင်းအချက်အလက်တွေအရ CDM လှုပ်ရှားမှုမှာ ပါဝင်လို့ ဖမ်းဆီးခံထားရတဲ့ ဆရာဝန် အယောက် ၃၀ ကျော် ရှိနေပါတယ်။ စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်ခံရလို့ သေဆုံးသူက ဆေးကျောင်းတစ်ဦး အပါအဝင် ၄ ဦး ရှိသွားပါပြီ။ စစ်ကောင်စီတပ်တွေဟာ ဆေးရုံတချို့ကို ဝင်ရောက်ပစ်ခတ်တာတွေ ရှိသလို ဆရာဝန်တွေကို လက်နက်နဲ့ ခြိမ်းခြောက်ပြီး မမှန်မကန် ဆေးစာတွေ ရေးခိုင်းနေတာလည်း ရှိတယ်လို့ ရန်ကုန်မြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆရာဝန်ကြီးတစ်ဦးက ပြောပါတယ်။

"သေနတ်နဲ့ ထောက်ပြီးတော့ ဆေးစစ်ချက်အမှားတွေရေးခိုင်းနေတယ်၊ ဆိုင်ကယ်စီးလာတဲ့သူကို သေနတ်နဲ့ ပစ်သတ်ပြီးတော့မှ ဆိုင်ကယ်မှောက်လို့ သေပါတယ်ဆိုတာမျိုး၊ နှိပ်စက်လို့ နံရိုးခြောက်ချောင်းကျိုးသွားတာကို လှေကားထစ်ပေါ်က ပြုတ်ကျလို့ ကျိုးရပါတယ်ဆိုပြီး ဆရာဝန်တွေကို သေနတ်နဲ့ချိန် အမိန့်အာဏာသုံးပြီးရေးခိုင်းတာတွေရှိနေတယ်"

စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားတဲ့ ဆရာဝန်တွေစာရင်းမှာ… စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း ပထမဆုံးသေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးခဲ့သူ မမြသွဲ့သွဲ့ခိုင်ကို ဆေးကုသပေးခဲ့တဲ့ ဇမ္ဗူသီရိမြို့နယ် ခုတင်တစ်ထောင် ပြည်သူ့ဆေးရုံက ဆရာဝန်တွေလည်း ပါဝင်ပါတယ်။ ဆန္ဒပြတဲ့သူတွေကို ရာဘာကျည်နဲ့ပဲ ပစ်ခတ်တာလို့ စစ်ကောင်စီက ငြင်းဆိုနေချိန်မှာ ဒီဆရာဝန်အဖွဲ့ ကတော့ "ကျည်အစစ်" နဲ့ ပစ်ခတ်ခဲ့တာလို့ ဆေးမှတ်တမ်းတွေကို အခြေခံပြီး သတင်းမီဒီယာတွေမှာ ထုတ်ဖော်ပြောခဲ့တာပါ။
ဖမ်းဆီးခံရတဲ့ ဆရာဝန်တွေထဲမှာ ရဲတပ်သား ကလေးတစ်ဦးကို ဆေးကုပေးဖို့ ငြင်းဆန်ခဲ့တဲ့ ကလေးအထူးကု ဆရာဝန်ကြီး တစ်ဦးလည်း ပါပါတယ်။  

ဆရာဝန်တွေ CDM လှုပ်ရှားမှုမှာ ပါဝင်တာ ထိရောက်တဲ့အတွက် အခုအချိန်ထိ အစိုးရ ဆေးရုံတွေ ပြန်လည်မပတ်နိုင်သေးဘူးလို့ အမည်မဖော်လိုတဲ့ မန္တလေးမြို့က ဆရာဝန်တစ်ဦးကလည်းပြောပါတယ်။

"ဆေးရုံတွေ ဘယ်လိုမှပြန်မဖွင့်နိုင်သေးဘူး၊ စစ်တပ်ကသာဖွင့်တယ်လို့ပြောနေတာ ဘယ်ဆရာဝန်မှလည်း မလာဘူး၊ ဘယ်လူနာမှလည်း မလာဘူး"

ဆရာဝန်တွေ အပါအဝင် ကျန်းမာရေးဝန်ထမ်း ၇၀၀ လောက်နဲ့ လည်ပတ်နေရတဲ့ ရန်ကုန်ဆေးရုံကြီးမှာ လုပ်ငန်းတွေ ပုံမှန်ပြန်ပြီး လည်ပတ်နေပြီလို့ စစ်ကောင်စီပိုင် သတင်းဌာနကနေ ဝါဒဖြန့် ကြေညာနေပေမယ့် ကျန်းမာရေးဝန်ထမ်း ၃၀ လောက်ပဲ ဆေးရုံမှာ အလုပ်လုပ်နေကြတယ်လို့ နီးစပ်တဲ့ ဆရာဝန်တွေက ပြောပါတယ်။ မန္တလေးဆေးရုံကြီးကိုလည်း အခုအချိန်ထိ ပြန်မဖွင့်နိုင်သေးဘူးလို့ ပြောကြပါတယ်။ စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဆရာဝန်တွေအနေနဲ့ ပြင်ပပုဂ္ဂလိက ဆေးရုံတွေကနေ လက်ခံကုသ ပေးနေမယ်ဆိုရင် အဲ့ဒီ ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေကိုပါ လိုင်စင်ပိတ်သိမ်းမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

အစိုးရဆေးရုံတွေမှာ ဆရာဝန် မရှိတဲ့အတွက် ပြင်ပ ပုဂ္ဂလိက ဆေးရုံတွေမှာ ဆေးကုသနေရတာ ငွေကုန်ကြေးကျ ပိုများတာကြောင့် ဒီလိုကာလမှာ ကိုယ့်ကျန်းမာရေးကိုယ် အဆင်ပြေအောင် နေနေရတယ်လို့ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

"စစ်ဆေးရုံမှာ လာကုဆိုပေမယ့် ဘယ်ပြည်သူကမှ သွားမကုဘူး။ စစ်တပ်ထောက်ခံသူလောက်သွားကြတာ၊ ပြည်သူတွေကတော့ ဖွင့်တဲ့ပုဂ္ဂလိက ဆေးရုံလေးတွေသွားနိုင်တဲ့သူက သွားကြတယ်၊ မသွားနိုင်သူတွေကတော့ အိမ်မှာပဲ ကိုယ့်ဟာကိုယ်ဆေးသောက်နေရတယ်၊ ပုဂ္ဂလိက ဆေးရုံက ဆေးဝါးခပိုကုန်ကျတယ်၊ အစိုးရဆေးရုံကတော့ စရိတ်မျှပေးဆိုတော့ ပေးရတာပိုသက်သာတာပေါ့"

အာဏာသိမ်းစစ်ကောင်စီကတော့ အစိုးရဝန်ဆေးရုံက ဆရာဝန်တွေ အလုပ်ပြန်မဆင်းလို့ ဆေးရုံမဖွင့်နိုင်ပေမယ့် စစ်ဆေးရုံတွေမှာ ဆေးကုသမှုတွေ ပေးနေတယ်လို့ ဆိုပါတယ်။ အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံ ဆရာဝန်ကတော့ စစ်ဆေးရုံတွေကို ဘယ်လူနာမှ သွားမကုဘူးလို့ ဆိုပါတယ်။

"စစ်ဆေးရုံက ဆရာဝန်တွေရဲ့ အရည်အချင်းက ပြင်ပဆရာဝန်၊ အစိုးရပြည်သူ့ဆေးရုံတွေက ဆရာဝန်တွေရဲ့ အရည်အချင်းလောက် လုပ်နိုင်စွမ်းအားမရှိဘူး။ ပြည်သူတွေကိုယ်တိုင်ကိုက စစ်ဆေးရုံကို သွားလိုစိတ်မရှိကြဘူး"

ရန်ကုန်က ဆရာဝန်ကြီးကလည်း CDM လှုပ်ရှားမှုမှာ ကျန်းမာရေးဝန်ထမ်းတွေ ပါဝင်နေတာကြောင့် ဆေးရုံဆေးခန်းမှာရှိတဲ့ ကာကွယ်ဆေးတွေ ထိန်းသိမ်းမယ့်သူမရှိ ဖြစ်နေရတယ်လို့ ဆိုပါတယ်။

"ဝက်သက်တို့ ပိုလီယိုတို့ ဒါတွေ အားလုံးရပ်ဆိုင်းသွားပြီ၊ ဒါတွေ ဘယ်အချိန်ပြန်စလာမယ်ဆိုတာ မသိဘူး။ ကိုဗစ်ကာကွယ်ဆေးတွေ သွင်းလာတာကို စစ်ကောင်စီက သိမ်းထားတော့ ဒီကိုဗစ်ဆေးတွေ တကယ်ပဲ အစွမ်းထက်သေးလား ဘယ်သူမှ မပြောနိုင်ဘူး။ ဘယ်သူမှ အာမ မခံနိုင်ဘူး၊ အဲ့ဒီတော့ အခုအချိန်မှာ ကျန်းမာရေးစနစ်ကျဆုံးနေပြီလို့တော့ ပြောရမယ်"

လက်ရှိမှာ စစ်ကောင်စီက ဆရာဝန်တွေ အလုပ်ခွင်ပြန်ဝင်ဖို့၊ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ဖို့ အမျိုးမျိုး ခြိမ်းခြောက်နေပေမယ့် စစ်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) မှာပါဝင်တဲ့ ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေကတော့ ပြည်သူလူထုက ရွေးချယ်တင်မြောက်ထားတဲ့ အရပ်သားအစိုးရ အာဏာပြန်မရမချင်း လုပ်ငန်းခွင် ပြန်မဝင်ဘူးဆိုပြီး ပြောဆိုနေကြပါတယ်။

RFA Burmese



စစ်ကောင်စီကိုဆန့်ကျင်တဲ့ ဆရာဝန် ၁၂ဝ ကျော် တရားစွဲခံထားရ စစ်ကောင်စီကိုဆန့်ကျင်တဲ့ ဆရာဝန် ၁၂ဝ ကျော် တရားစွဲခံထားရ Reviewed by THITHTOOLWIN on 21:39 Rating: 5

No comments:

Powered by Blogger.