ရန်ကုန်မြို့ပေါ် တားဆီးစစ်ဆေးမှုနဲ့ နေအိမ်ရှာဖွေမှုတွေ ပိုလုပ်လာ

ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ထောက်ခံဆန္ဒပြပွဲ။ (ဧပြီ ၁၈၊ ၂၀၂၁)

စစ်အာဏာသိမ်းမှုကို တက်တက်ကြွကြွ ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ ရန်ကုန်မြို့က မြို့နယ်တွေမှာ လမ်းပေါ်သွားလာနေတဲ့ ယာဉ်တွေကို တားဆီးစစ်ဆေးတာ၊ ညဖက် အိမ်တွေထဲ ဝင်ရောက် စစ်ဆေးဖမ်းဆီးတာတွေကို တပ်တွေက အခုရက်ပိုင်း ပိုလုပ်လာပါတယ်။ ဒီအခြေအနေကြားမှာပဲ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဆက်ရှိနေတဲ့အကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို မဆုမွန် ကပြောပြပါမယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြသူတွေကို ဖိနှိပ်ဖို့ ကြိုးစားနေတဲ့ တပ်တွေက လမ်းပေါ် ဆန္ဒပြသူတွေတင် မဟုတ်တော့ဘဲ အိမ်ထဲမှာနေတဲ့ ပြည်သူတွေကိုပါ ပစ်ခတ်ခြိမ်းခြောက်တာတွေ ပိုပြီးလုပ်လာနေပါတယ်။ ရန်ကုန်မြို့ မြို့နယ်တချို့က လမ်းဆုံနေရာတွေမှာ စစ်တပ်၊ ရဲ အင်အားအပြည့်နဲ့ တားဆီး စစ်ဆေးတာတွေ၊ သန်းခေါင်းစာရင်း စစ်တာတွေလုပ်နေပါတယ်။ လှိုင်သာယာမြို့နယ်ထဲမှာ သန်းခေါင်းစာရင်းစစ်ရင်း ဖမ်းဆီးခံရသူတွေရှိတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“ဒီဘက်မှာက ဧည့်စာရင်းတွေလည်း တိုင်ရတယ်၊ တချို့ရပ်ကွက်တွေက ဝင်စစ်တယ်။ကျန်စစ်သားအိမ်ယာဘက်တွေ ... အဲ့ဒီဘက်တွေက ဝင်စစ်တယ်။ ပြီးတော့ မထင်ရင် မထင်သလို သူတို့ဖမ်းသွားတဲ့ လူတွေရှိတယ်။ အခုတလောကလေ လှိုင်သာယာသတင်းတွေက တခြားသတင်းတွေ ဖုံးပြီးတော့ သိပ်ပြီးတော့ မသိကြဘူး။ အမှတ် (၇)ရပ်ကွက်တို့၊ အမှတ်(၂၀) တို့၊ အမှတ်(၁၈) တို့မှာဆိုရင် သူတို့ မထင်ရင် မထင်သလို တစ်ခါဝင်ဆွဲရင် ၅ ယောက်၊ ၁၀ယောက်၊ ၈ ယောက် အဲ့လိုမျိုး ဝင်ဝင်ဆွဲသွားတယ်။ တချို့တွေကျတော့ လွှတ်ပေးတယ်။ တချို့တွေကျ လွှတ်မပေးဘူး ဟိုရက်ပိုင်းမှာ တော်တော်များများ အဲ့လိုတွေ ဖြစ်နေကြတယ်။”

သာကေတမြို့နယ်ဖက်မှာလည်း လူငယ်တွေကို အိမ်တွေထဲအထိ ဝင်ရောက် ဖမ်းဆီးနေတာကြောင့် တချို့ တိမ်းရှောင်နေကြရတယ်လို့ သာကေတဒေသခံ လူငယ်တဦးက VOA ကိုပြောပါတယ်။

“တချို့နေရာတွေမှာ လူငယ်တွေ ၃-၄ ယောက်လောက် စုမိနေလို့ရှိရင် အနားမှာ မထိတထိပေါ့ ... ဒီည ဒီနေရာကို ဧည့်စာရင်းစစ်မယ် ဘာညာ အဲလိုမျိုးတွေ သူတို့တွေပြောသွားကြတယ်ပေါ့နော်။ လက်ရှိမှာ လူငယ်တွေက လုံးဝကိုမလုံခြုံတော့တဲ့ အနေအထားရောက်နေပြီဗျ။ Gen Z တွေအနေနဲ့ရော၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေအနေနဲ့ရော ကိုယ့်အိမ်ကိုယ့်ယာမှာ နေဖို့ကို လုံးဝအဆင်မပြေတော့တဲ့ အနေအထား။ နောက်ပြီးတော့ ဒီရက်ပိုင်းအတွင်းမှာပဲ ကျနော်တို့ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်ဟောင်းတွေ ... ခေါင်းဆောင်ဟောင်းတွေကို လိုက်ပြီးတော့ဖမ်းတယ်။ ဖမ်းတော့ မိတဲ့ကျောင်းသားတွေကို မိတယ်၊ ကံကောင်းထောက်မစွာနဲ့ လွတ်လာတဲ့ကျောင်းသားတွေလည်း ရှိတယ်ပေါ့နော်။ ဒီဟာထည့်ဖို့ မလိုပါဘူး။ သူတို့ရဲ့ဟာကတော့ အချက်အလက် ခိုင်ခိုင်မာမာရလို့ ကျနော်တို့ကို ဖမ်းနိုင်လောက်တဲ့အနေအထား ဖြစ်နေပြီဗျ။”

လှိုင်မြို့နယ်ဖက်မှာလည်း ညဖက် ဧည့်စာရင်းစစ်တာ၊ လမ်းသွား လမ်းလာတွေကို တားဆီးစစ်ဆေးနေတာကြောင့် လုံခြုံမှု မရှိဘူးလို့ ခံစားနေကြရပါတယ်။

“စစ်တာတော့ တော်တော်စစ်တယ်ဗျ၊ တော်တော်လေးကို စစ်တယ်။ ကျနော်သွားနေတာတောက်လျှောက်တွေ့နေရတယ်။ အဲတော့ တော်တော်ကြပ်လာတယ်ပေါ့နော်။ ကြပ်လာတာလည်း ကျနော် ထင်ပါတယ် ... ဟိုနားပေါက်လိုက်၊ ဒီနားပေါက်လိုက် (ဗုံးပေါက်) ပေါက်လို့ကြပ်သွားတယ်လို့ ထင်တာပဲ။ တချို့တွေဆိုရှိရင် လုံခြုံရေးအတွက်ပေါ့နော် ... ဖုန်းတွေဆိုလို့ရှိရင် Keypad တွေပြောင်းကိုင်တဲ့ လူတွေပြောင်းကိုင်တာပေါ့ အဲ့လိုတွေ ဖြစ်ကုန်တာ ...။ အခုက ဘာအတွက် ဘယ်လိုစစ်တယ်ဆိုတာ ဘယ်သူ့မှကြိုမသိနိုင်ဘူးဗျ၊ ကိုယ့်ဘာသာကိုယ်တော့ safe ဖြစ်အောင် အကုန်လုံးရှင်းထားတာပေါ့။ ရှင်းထားပေမယ့်လို့လည်း မထင်ရင် မထင်သလိုပေါ့။ ပြောမယ်ဆိုလို့ရှိရင် ခေတ်ကိုက အမြင်ကပ် ပုဒ်မနဲ့ လုပ်ချင်တာ လုပ်လို့ရတဲ့အခါကျတော့ မလုံခြုံမှုတွေက လူတိုင်းခံစားရတာပေါ့ဗျာ။”

တချို့နေရာတွေမှာဆို ည ၈ နာရီ သံပုံးတီးဆန္ဒပြတဲ့အတွက် အဲဒီလမ်းတွေ ရပ်ကွက်တွေကို တပ်တွေဝင်ပြီး ခြောက်လှန့် ပစ်ခတ်တာ၊ ခြိမ်းခြောက်တာ၊ ဖမ်းဆီးတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ည ၈ နာရီတိုင်း သံပုံးတီးပြီး စစ်အာဏာရှင်ကို ဆက်လက်ဆန့်ကျင်နေသူတွေ ဆက်ပြီးရှိနေသလို လမ်းပေါ်ထွက်ပြီး ဆန္ဒပြကြသူတွေလည်း ရှိနေစဲဖြစ်ပါတယ်၊ ဒီကနေ့မနက်ပိုင်းကပဲ အင်းစိန်မြို့နယ်ထဲက လမ်းလျှောက်သပိတ်တခုကို စစ်တပ်နဲ့ရဲက ဖြိုခွင်းခဲ့လို့ လူငယ် ၂၀ လောက်ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ရွှေပြည်သာ၊ လှိုင်သာယာ၊ ကမာရွတ်၊ လှိုင်၊ သန်လျင်နဲ့ မြောက်ဒဂုံမြို့နယ်တွေမှာလည်း ပျောက်ကြားသပိတ်၊လူမဲ့သပိတ်တွေကို ပြုလုပ်ခဲ့ကြပါတယ်။ 


မဆုမွန်/ VOA Burmese

https://burmese.voanews.com/a/rangoon-police-soldiers-check-motocar-houses-arrest-peoples/5858460.html

ရန်ကုန်မြို့ပေါ် တားဆီးစစ်ဆေးမှုနဲ့ နေအိမ်ရှာဖွေမှုတွေ ပိုလုပ်လာ ရန်ကုန်မြို့ပေါ် တားဆီးစစ်ဆေးမှုနဲ့ နေအိမ်ရှာဖွေမှုတွေ ပိုလုပ်လာ Reviewed by THITHTOOLWIN on 21:44 Rating: 5

No comments:

Powered by Blogger.