![]() |
NLD ပါတီဝင်နောက်တစ်ဦး ဖမ်းဆီးစဉ်သေဆုံး ရန်ကုန်၊ ရွှေပြည်သာမြို့နယ် NLD ပါတီဝင် ဦးဇော်မြတ်လင်း။ Photo: Citizen Journalist |
ရန်ကုန်၊ ရွှေပြည်သာမြို့နယ် NLD ပါတီဝင် ဦးဇော်မြတ်လင်း သေဆုံးတဲ့အကြောင်း ရဲစခန်းက လူကိုယ်တိုင် သတင်းလာပို့ခဲ့တယ်လို့ ဇနီးဖြစ်သူ ဒေါ်ဖြူဖြူဝင်းက RFA ကို ပြောပါတယ်။
စုအသက်မွေးဝမ်းကျောင်းသိပ္ပံ (ရွှေပြည်သာ)တာဝန်ခံ ဦးဇော်မြတ်လင်းဟာ မတ်လ ၈ ရက် မနေ့ညက ဖမ်းဆီးခံခဲ့ရတာပါ။
ဦးဇော်မြတ်လင်းရဲ့အရုပ်ကို မင်္ဂလာဒုံစစ်ဆေးရုံမှာ သွားကြည့်ခဲ့ပြီး၊ သူ့ရဲ့ခန္ဓာကိုယ်မှာ ဗိုက်ပွင့်နေတဲ့ ဓာတ်ပုံတွေကို ဆေးရုံက ပြခဲ့တယ်လို့ ဇနီးသည် ဒေါ်ဖြူဖြူဝင်းက ပြောပါတယ်။ အလောင်းကိုတော့ ချက်ချင်း သယ်ခွင့်မပေးဘဲ သင်္ဂြိုဟ်မယ့်နေ့ မနက်မှ လာရောက်ထုတ်ယူဖို့ ပြောဆိုကြောင်းလည်း ဒေါ်ဖြူဖြူဝင်းက RFA ကို ပြောပြပါတယ်။ ဦးဇော်မြတ်လင်းဟာ ကွယ်လွန်ချိန်မှာ အသက် ၄၆ နှစ်ရှိပြီဖြစ်ပြီး၊ ၁ဝ နှစ်အရွယ် သားလေးတစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။
ရွှေပြည်သာမြို့နယ်မှာ ဖမ်းဝရမ်းထုတ်ခံထားရသူ ၅ ယောက်ရှိပြီး၊ ဒီအထဲမှာ သေဆုံးသူ ဦးဇော်မြတ်လင်း၊ တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်ထွေး၊ တက်ကြွလှုပ်ရှားသူ ဦးအောင်ကြီး၊ စစ်အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုမှာ ပါဝင်လာတဲ့ စည်ပင်ဥက္ကဋ္ဌဟောင်း ဦးသိန်းဇံနဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေကို ကူညီပေးနေတဲ့ ဦးမောင် တို့ ဖြစ်ပါတယ်။
အလားတူ ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ ပန်းပဲမြို့နယ်က အစ္စလာမ်ဘာသာဝင် NLD ရပ်ကျေးဥက္ကဋ္ဌ ဦးခင်မောင်လတ် ဟာလည်း ဖမ်းဆီးခံခဲ့ရတဲ့ ညမှာပဲ သေဆုံးခဲ့ပြီး၊ သူ သေဆုံးကြောင်းကို နောက်တနေ့မနက်မှာ မိသားစုကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။
အခုဆိုရင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးရာက ညမှာတင် သေဆုံးတဲ့ NLD အဖွဲ့ဝင် ၂ ဦးအထိ ရှိသွားပြီ ဖြစ်ပါတယ်။
HRW လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ကတော့ - ဦးခင်မောင်လတ် သေဆုံးမှုကို လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဖို့တောင်းဆိုထားပါတယ်။
မကြာခင်မှာ ဇနီးသည်နဲ့ ဆက်သွယ်မေးမြန်းချက်အပြည့်အစုံကို တင်ပြပေးပါမယ်။
RFA Burmese
https://www.rfa.org/burmese/news/nld-party-member-died-in-custody-03092021100828.html
![NLD ပါတီဝင်နောက်တစ်ဦး ဖမ်းဆီးစဉ်သေဆုံး](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkanpIuFBEb3ME7JTn-6n9DUCE7r72L2PSAmtIXuqsQOzxImS65l43XXPyxAFup3gY3OX95QXWTNWV44A2O-MqDCQNPMQDxBZZyPYqtDNh3fIXpLNNSzuaiDx6otAdZmj5iOWziKh2Av2o/s72-w449-c-h297/1.jpeg)
No comments:
Post a Comment