Mytel သုံးစွဲသူများထံမှ သန်းနှင့်ချီသော ဒေါ်လာများ စစ်ဗိုလ်ချုပ်ကြီးများထံ မည်သို့ စီးဆင်းသွားမည်နည်း။


မြန်မာဗိုလ်ချုပ်ကြီးများသည် လာမည့်နှစ်များအတွင်း အမေရိကန် ဒေါ်လာ သန်း ၇၀၀ ကျော်ကို စစ်တပ်ထိန်းချုပ်ထားသော မိုဘိုင်းကွန်ရက် အော်ပရေတာ Mytel မှ ရရှိနိုင်သည်ဟု အသိပေးဖော်ထုတ်သူ Distributed Denial of Secrets အဖွဲ့မှ အွန်လိုင်းတွင် ထုတ်ဝေလိုက်သော လျို့ဝှက် စာရွက်စာတမ်းတစ်ခုအရ သိရသည်။ 

Mytel ၏ အဖွဲ့တွင်း ခန့်မှန်းချက်တစ်ခုက ၎င်း၏ မြန်မာနိုင်ငံရှိ သန်းနှင့်ချီသော ဖောက်သည်များထံမှ ဤဆယ်စုနှစ်အတွင်း တရှိန်ထိုးတိုးတက်ရန် မျှော်လင့်ထားကြောင်း ပြသနေသည်။ 

စစ်တပ်သည် Mytel ရှယ်ယာများ၏ ၂၈ ရာနှုန်းကျော်ကို ပိုင်ဆိုင်ထားသောကြောင့် ဧရာမ ပမာဏကို ရရှိလိမ့်မည်။ 

စစ်တပ် ငွေသား စီးဆင်းမှု 

Mytel၏ အမြတ် ခန့်မှန်းချက်မှာ ၂၀၁၇ ခုနှစ် ဇန္နဝါရီမှ ဖြစ်သည်။ ယင်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တရားဝင် လိုင်စင် အတွက် ကုမ္ပဏီ၏ လျောက်လွှာအစိတ်အပိုင်းအဖြစ် တင်ပြထားသည်။ 

ခန့်မှန်းချက်တွင် Mytel သည် ပထမလေးနှစ် အတွင်းတွင် ကွန်ရက်တည်ဆောက်ခြင်းအတွက် အရှုုံးဖြင့် လည်ပါတ်ရမည်ဖြစ်ပြီး ထို့နောက်တွင် အမြတ်မှာ လျင်မြန်စွာ ကြီးထွားလာမည်ဟု ခန့်မှန်းထားသည်။ 

ခန့်မှန်ချက်အရ မြန်မာ စစ်တပ်၏ ရှယ်ယာပိုင်ဆိုင်မှုသည် Mytel ၏ ငါးနှစ်မှ ကိုးနှစ်လည်ပတ်မှုအတွင်း အမြတ်ငွေ အမေရိကန်ဒေါ်လာ သန်း ၂၇၀ ရရှိမည်ဟု ဖြစ်ပြီး နောက်ထပ် ငါးနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၄၅၀ ရမည်ဟု ခန့်မှန်းထားသည်။ 

မည်သည့် ပြက္ခဒိန်နှစ်အတွက် ခန့်မှန်းချက်ကို ရည်ညွန်းထားသည် သို့မဟုတ် ဗီယက်နမ် ကာကွယ်ရေး ဝန်ကြီးဌာနပိုင် တယ်လီကွန်း ကုမ္ပဏီ Viettel အပါအဝင်ဖြစ်သော ရှယ်ယာပိုင်ရှင်များထံ အမြတ်ငွေစတင်စီးဆင်းမည်မှာ မရှင်းလင်းပါ။ 

သို့ရာတွင် ဗီယက်နမ် ပြည်သူ့တပ်မတော် သတင်းစာက Mytel သည် ခန့်မှန်းထားသည်ထက် နှစ်နှစ်စော၍ ၂၀၂၀ အစောပိုင်းတွင် စတင် အမြတ်ထွက်သည်ဟု ရေးသားထားသည်။ 

သို့ဖြစ်ရာ မြန်မာစစ်တပ်အပါအဝင် Mytel ၏ အစုရှယ်ယာပိုင်ရှင်များသည် အမြတ်ဝေစုခွဲဝေမှုကို ယခုနှစ် အစောပိုင်မှ စတင်ရရှိနိုင်ပေသည်။ 

Mytel အား တူးဖော်ခြင်း 

Mytel သည် ပုံမှန် စီးပွားကူးသန်းမှု လုပ်ငန်းမဟုတ်ပါ။ ၎င်းသည် မြန်မာနှင့် ဗီယက်နမ် စစ်တပ်များအကြား ပူးတွဲလုပ်ဆောင်မှုကို ကိုယ်စားပြုသည်။ Mytel သည် မြန်မာစစ်တပ် ဗိုလ်ချုပ်ကြီးများအား စစ်ရေးအရ အသုံးပြုနိုင်သော ငွေကြေး၊ နည်းပညာနှင့် ဒေတာများကိုသာမက ဖေဖော်ဝါရီလ ၁ ရက်နေ့ တရားမဝင် အာဏာသိမ်းမှုနောက်ပိုင်း ရက်စက်ကြမ်းကြုတ်သော ၎င်းတို့၏ စစ်အုပ်စု ပေါ်ထွက်လာစေရေးကိုလည်း အထောက်အကူ ဖြစ်စေသည်။ 

Mytel ၏ စစ်တပ်နှင့် ဆက်နွယ်မှုသည် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များနှင့် ရင်းနှီးမြှပ်နှံသူများ အချို့အကြားတွင်လည်း စိုးရိမ်မှုများကို ဖြစ်စေသည်။ 

စင်ကာပူ အခြေစိုက် ငွေပေးချေမှု ကုမ္ပဏီ Coda က ယခင်အပတ်အတွင်းတွင် ၎င်းတို့အနေဖြင့် Mytel ကို ၎င်းတို့၏ ငွေပေးချေမှု လမ်းကြောင်းများမှ “အသက်ဝင်မှုကို ရပ်ဆိုင်းထား” သည်ဟု ကြေညာကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။ ဆိုလိုသည်မှာ Coda ၏ ဝန်ဆောင်မှုများကို အသုံးပြု၍ Mytel ဖောက်သည်များ ဝယ်ယူ၍ မရနိုင်တော့ခြင်းဖြစ်သည်။ 

Mytel ၏ ပြည်တွင်း ရင်းနှီးမြှုပ်နှံသူ တစ်ဦးဖြစ်သည့် နိုင်ငံတကာ စွမ်းအင် ထုတ်လုပ်ရေး (IPG) က ၎င်း ဖုန်းကုမ္ပဏီမှ ခပ်ခွာခွာ နေလာသည်။ 

IPG သည် မြန်မာအမျိုးသား တယ်လီကွန်း ကုမ္ပဏီ (MNTH) ဖြစ်ပြီး Mytel အစုရှယ်ယာများကို ပိုင်ဆိုင်သော နိုင်ငံတွင်းရှိ ကုမ္ပဏီများ၏ အစုအဖွဲ့ဖြစ်သည်။ 

ယခင်တပတ်က IPG က ၎င်းသည် “တာဝန်ခံမှု ရှိသည့်အနေဖြင့် MNTH မှ ထွက်ခွာရန် ပထမခြေလှမ်းကို လုပ်ဆောင်ပြီးဖြစ်သည်” ဟု ကြေညာသည်။ 

IPG က “ကျွန်ုပ်တို့ IPG ကို ထင်ရှားတဲ့ စစ်တပ် လုပ်ဖော်ကိုင်ဖက် စာရင်းမှ ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့တယ်” ဟု ထည့်သွင်းထားသည်။ စာရင်းမှာ Justice For Myanmar ဝက်ဘ်ဆိုက်တွင် ထုတ်ဝေထားသည်။ 

Justice For Myanmar က IPG မှ ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပြီး MNTH တွင် အစုရှယ်ယာ ဝင်ထားသော အခြားသူများကို အလားတူ လုပ်ဆောင်ရန် တောင်းဆိုလိုက်သည်။ 

Mytel အစုရှယ်ယာရှင်များ 

Mytel ၏ အစုရှယ်ယာ ၂၈ ရာခိုင်နှုန်းကို မြန်မာအစိုးရက ပိုင်ဆိုင်ပြီး ထိုရှယ်ယာများကို ဝယ်ယူရန် အစိုးရပိုင် လုပ်ငန်းများနှင့် ကုမ္ပဏီများကို ဖိတ်ခေါ်ခဲ့သည်။ ထိုအချိန်တွင် အစိုးရကို မြန်မာစစ်တပ် ကျောထောက်နောက်ခံပြုထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) က ဦးဆောင်နေသည်။ 

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် USDP ဦးဆောင်သော အစိုးရက Mytel ရှိ “အစိုးရ ရှယ်ယာများကို” တပ်ထောက်ချုပ်ရုံးအောက်တွင် မြန်မာစစ်တပ်က အပြည့်အဝ ထိန်းချုပ်ထားသော Star High ကုမ္ပဏီကို ထိန်းချုပ်စေခဲ့သည်။ 

Star High ကို ၂၀၁၅ ခုနှစ်မတ်လတွင် မှတ်ပုံတင်ထားခဲ့ပြီး Mytel ရှိ စစ်တပ် အစုရှယ်ယာများကို ထိန်းချုပ်ထားရန် ဖန်တီးခဲ့ပုံရသည်။ Mytel ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ Star High ရှိ ရှယ်ယာများကို လူပုဂ္ဂိုလ်တစ်ဦးချင်းက ပိုင်ဆိုင်ထားသော်လည်း Star High သည် မြန်မာစစ်တပ် ကုမ္ပဏီ အုပ်စုကြီးဖြစ်သော မြန်မာ စီးပွားရေး ကော်ပိုရေးရှင်း၏ လုပ်ငန်းခွဲဖြစ်သည်။ 

Star High ကို အစိုးရ၏ ရှယ်ယာပိုင်ရှင်အဖြစ် တာဝန်ပေးထားခြင်း၏ အဓိပ္ပာယ်မှာ ထို ၂၈ ရာခိုင်နှုန်း ပိုင်ဆိုင်မှု မှ ရရှိသော အမြတ်ငွေများကို အမျိုးသား ဘတ်ဂျက်သို့မဟုတ်ပဲ စစ်တပ်သို့ စီးဝင်စေရန်ဖြစ်သည်။ 

ထို့ပြင် ဖော်ထုတ်ထားသော ခန့်မှန်ချက်က Star High ရှယ်ယာပိုင်ဆိုင်မှုသည် ၂၈ ရာခိုင်နှုန်းထက် ယခုအခါ ပိုများလာသောကြောင့်  စစ်တပ်၏ Mytel ရှယ်ယာမှ အနာဂတ် အမြတ်ငွေသည် ထို့ထက်ပင် ပိုနိုင်သေးသည်။ 

အဘယ်ကြောင့်ဆိုသော် Star High သည် အခြား ပြည်တွင်း ရင်းနှီးမြှုပ်နှံသူ MNTH မှ ယခင်ပိုင်ဆိုင်သော ၂၃ ရာနှုန်း ရှယ်ယာများကို ရယူထားလိုက်သောကြောင့် ဖြစ်သည်။ 

ကျန်ရှိသော Mytel အစုရှယ်ယာ ၄၉ ရာခိုင်နှုန်းမှာ ဗီယက်နမ် အမျုးသား ကာကွယ်ရေး ဝန်ကြီးဌာနအောက်ရှိ ကုမ္ပဏီအုပ်စု Viettel က ပိုင်ဆိုင်သည်။ 

MNTH သည် Mytel ကို ထည့်ဝင်ရမည့် ငွေကြေးထည့်ဝင်ရန် တာဝန်အတွက် အခက်အခဲဖြစ်ခဲ့သောကြောင့် ၎င်းတို့၏ ရှယ်ယာအချို့ကို Star High သို့ လွှဲပြောင်းပေးခဲ့သည်။ 

Justice For Myanmar က တွေ့မြင်ခဲ့ရသည့် ၂၀၁၈ ခုနှစ် မတ်လအထိ တစ်နှစ်စာ MNTH၏ အကောင့်က ၎င်းတို့၏ မူလ Mytel တွင်ပါဝင်သော အစုရှယ်ယာပိုင်ဆိုင်မှု ၂၃ ရာခိုင်နှုန်းအနက် ၆.၅ ရာခိုင်နှုန်းကို အမှန်တကယ်အားဖြင့် Star High က ပေးခဲ့သည်။ 

ထို့နောက် MNTH က Star High ကို “ဘဏ္ဍာငွေထောက်ပံ့ပေးမှု” အတွက် အတုန့်အလှည့်အားဖြင့် Mytel ၏ အစုရှယ်ယာ ၄.၅ ရာခိုင်နှုန်းကို “ကမ်းလှမ်း” ခဲ့သည်။ 

ငွေလွှဲပြောင်းမှု အသေးစိတ်ကိုမူ ထိုအကောင့်တွင် ရှင်းပြထားခြင်းမရှိပါ။ သို့ရာတါင် MNTH ၏ ဘဏ္ဍာရေး ထုတ်ပြန်ချက်များက Mytel တွင်  Star High မှတဆင့် စစ်တပ်၏ ပိုင်ဆိုင်မှုမှာ မူရင်း ၂၈ ရာနှုန်းဖြင့် နှိုင်းယှဉ်ပါက ယခုအခါ ၃၉ ရာခိုင်နှုန်းရှိနေပြီး Mytel အကျိုးအမြတ်ကို ပို၍ပင် ရရှိတော့မည်ဟု ဆိုလိုသည်။ 

ထိုအကောင့်တွင်ပင် MNTH က Star High ကဲ့သို့ပင် စစ်တပ်က လည်ပတ်နေသည့် MEC က ထိန်းချုပ်ထားသော  အင်းဝဘဏ်မှ အမေရိကန် ဒေါ်လာ သန်း ၁၁၀ ကို ချေးယူကြောင်း ပြသနေသည်။ တနည်းအားဖြင့် ဆိုသော် MNTH သည် ဘဏ္ဍာရေး ကျောထောက်နောက်ခံအဖြစ် စစ်တပ်စီးပွားရေး အင်ပါယာကို မှီခိုနေရသည်။ 

Vietnam Inc

အခြား ထွက်ပေါ်လာသော စာရွက်စာတမ်းများက Mytel သည် ဗီယက်နမ် အစိုးရထံမှ ထောက်ပံ့မှုအပေါ် မှီခိုနေရာကြောင်း ထင်ရှားစွာ ပြသနေသည်။ 

Viettel က ပထမသုံးနှစ်တွင် Mytel လိုအပ်သော ရှယ်ယာအများစု အမေရိကန်ဒေါ်လာ ၁.၃၈ ဘီလီယံကို ၎င်း၏ ရှယ်ယာ အမေရိကန် ဒေါ်လာ ၁၆၉ သန်း ရင်းနှီးမြှုပ်နှံခဲ့ပြီး အမေရိကန်ဒေါ်လာ ၉၀၃ သန်းကို ချေးငွေအဖြစ် ပေးခဲ့သည်။ 

ငွေပေးရုံသာမက Viettel သည် ဗီယက်နမ်မှ မန်နေဂျာများ၊ နည်းပညာကျွမ်းကျင်သူများကိုလည်း ပေးခဲ့သည်။ 

Viettel ၏ ကမ္ဘာ့လက်တံသည် ကမ္ဘာအနှံ့ ဝင်ငွေနည်းနှင့် အလယ်အလတ် နိုင်ငံ ကိုးခုတွင် ရင်းနှီးမြှုပ်နှံထားသည်။ သို့ရာတွင် ၎င်း၏ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုမှာ ယခုအချိန်အထိတွင် အများဆုံးဖြစ်သည်။ 

Mytel သည် Viettel အား ရှယ်ယာအမြတ်ငွေအပြင် ချေးငွေအတိုးနှုန်းနှင့် Mytel ၏ တစ်နှစ်တာ လည်ပတ်ငွေ၏ နှစ်ရာနှုန်း စီမံခန့်ခွဲမှု စားရိတ် တို့ကို ပေးခြင်းဖြင့် ဝင်ငွေ မြင့်မားစွာ ရရှိနိုင်စေသည်။ 

Mytel သည် ဗီယက်နမ်ဘဏ်များနှင့်လည်း သဘောတူညီချက်များ ရှိသည်။ ဥပမာ- ၂၀၂၀ နိုဝင်ဘာ ရက်စွဲဖြင့် ထွက်ပေါ်လာခဲ့သည့် မှတ်တမ်းတွင် ဗီယက်နမ် TP ဘဏ်မှ ၅ နှစ် ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၄၀ ကို ဖော်ပြထားသည်။ Viettel သည် Mytel အစုရှယ်ယာ ပိုင်ဆိုင်သည့် ပမာဏနှင့် တူညီသည့် ချေးငွေ ၄၉ ရာနှုန်းကို အာမခံပေးမည်ဖြစ်သည်။ TP ဘဏ်၏ ရှယ်ယာ ပိုင်ရှင်များတွင် ကမ္ဘာ့ဘဏ် အုပ်စု၏ နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC) လည်း ပါဝင်သည်။ 

Star High။ ဘာမှ လုပ်စရာမလိုပဲရသည့် ငွေ။ 

ထွက်ပေါ်လာခဲ့သော ခန့်မှန်း အမြတ်ငွေ လျာထားချက်သည် မှန်ကန်ပါက မြန်မာစစ်တပ်သည် ၎င်း၏ Mytel ရှယ်ယာများမှ ဧရာမ အနာဂတ် အကျိုးအမြတ်ရရှိမည်ဖြစ်သည်။ 

သို့ရာတွင် Star High သည် ဤရှယ်ယာများကို ဝယ်ယူရန် ငွေကြေးကို မည်သည့်နေရာမှ ရရှိသည်ဆိုသည်မှာ ရှင်းလင်းမှု မရှိပါ။ 

Star High သည် Mytel ၏ သုံးနှစ်တာ ရှယ်ယာများ ဝယ်ယူခြင်းအတွက် အမေရိကန် ဒေါ်လာ ၉၆ သန်း အသုံးပြုရန်နှင့် Mytel ကို နောက်ထပ် အမေရကိန်ဒေါ်လာ ၉၆ သန်း ချေးပေးရန် တာဝန်ရှိခဲ့သည်။ 

သို့ရာတွင် ထွက်ပေါ်လာခဲ့သော ဘဏ်ကြေညာချက်တွင် Star High ၏ ၂၀၁၆ ခုနှစ် စက်တင်ဘာလ ဘဏ်လက်ကျန်ငွေမှာ မြန်မာကျပ် သုံး ဘီလီယံ သို့မဟုတ် အမေရိကန်ဒေါ်လာ ၂ သန်းကျော်ရုံလေးသာ ရှိကြောင်း ပြသနေသည်။ 

ရှင်းလင်းသည်မှာ စစ်တပ်က Mytel မှ ရရှိမည့် အကျိုးအမြတ်များမှာ မြန်မာပြည်သူများ၏ ပိုင်ဆိုင်မှုဖြစ်ပြီး ၎င်းတို့၏ အကျိုးခံစားခွင့်အတွက်သာ အသုံးပြုရမည်ဖြစ်သည်။ 

ချက်ချင်း အရေးယူဆောင်ရွက်ခြင်းမရှိပါက Mytel ၏ အကျိုးအမြတ်ခွဲဝေမှုများသည် လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်ကို ဆန့်ကျင်သော ရာဇဝတ်မှုများအတွက် တာဝန်ရှိသော မြန်မာစစ်တပ်နှင့် ၎င်းတို့၏ ဗိုလ်ချုပ်ကြီးများအတွက် အကျိုးအမြတ်ကြီးမားသော ရံပုံငွေများအဖြစ် မီးထိုးပေးပေလိမ့်မည်။ Mytel ၏ အမြတ်ငွေများသည် ၎င်းတို့ ဆက်လက် ရပ်တည်ပြီး နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေများကို ပုံမှန် ချိုးဖောက်နေမည်ဖြစ်သည်။ 

စီးပွားရေး လုပ်ငန်းများအားလုံးအား Mytel အပါအဝင် မြန်မာစစ်တပ်နှင့် ဆက်သွယ်မှုများကို ဖြတ်တောက်ရန် Justice For Myanmar က ထပ်လောင်း တောင်းဆိုလိုက်သည်။ ယခုအချိန်သည် မြန်မာပြည်သူများနှင့် အတူရပ်တည်ရမည့် အချိန်ဖြစ်သည်။


Justice For Myanmar

https://www.facebook.com/justiceformyanmar.org

Mytel သုံးစွဲသူများထံမှ သန်းနှင့်ချီသော ဒေါ်လာများ စစ်ဗိုလ်ချုပ်ကြီးများထံ မည်သို့ စီးဆင်းသွားမည်နည်း။ Mytel သုံးစွဲသူများထံမှ သန်းနှင့်ချီသော ဒေါ်လာများ စစ်ဗိုလ်ချုပ်ကြီးများထံ မည်သို့ စီးဆင်းသွားမည်နည်း။ Reviewed by THITHTOOLWIN on 09:30 Rating: 5

No comments:

Powered by Blogger.