ရန်ကုန်၊ မတ် ၂၃၊ ၂၀၂၁
ရန်ကုန်မြို့က စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ သတင်းရယူရင်း ဖမ်းဆီးခံရတဲ့ သတင်းသမားတွေ အပါအဝင် ဖမ်းဆီးခံရသူ အားလုံးကို မတ် ၂၄ ရက်ကစပြီး အင်းစိန်ထောင် တွင်း ယာယီ တရားရုံးတွေမှာပဲ စစ်ဆေးသွားမယ်လို့ အမှုလိုက် ရှေ့နေတွေဆီက သိရပါတယ်။
ဖမ်းဆီးခံရသူတွေကို အခမဲ့ အမှုလိုက်လံဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဒေါ်နီလာခိုင်က“မနက်ဖြန်က စပြီး ဖမ်းဆီးခံရသူတွေကို ထောင်တွင်းမှာ စစ်ဆေးမယ်၊ ဒီနေ့ ကျမ တို့ကို တရားသူကြီးတွေက ခေါ်ပြောတယ်။ စစ်ခုံရုံးတော့ မဟုတ် ဘူး။ ယာယီတရားရုံးပဲ၊ အပြင်ထုတ်ဖို့ မလွယ်လို့”ဆိုပြီး VOM ကို ပြောပါတယ်။
အင်းစိန် အကျဉ်းထောင်တွင်း တရားရုံး အမှုစစ်ဆေးရာမှာ အမှု တစ်မှုကို ရှေ့နေ ၁ ဦးသာ ဝင်ရောက်ရမှာဖြစ်ပြီး ခွင့်ပြုထားတဲ့ တရားသူကြီး လက်မှတ်လည်း ပါရှိရမယ်လို့ ဆက်ပြောပါတယ်။
န.စ.က ကောင်စီ လက်ထက်မှာ ဖမ်းဆီး ချုပ်နှောင်ခံထားရသူတွေ ကို အမှုဖြစ်ပွားရာမြို့နယ်တွေက တရားရုံးတွေမှာ ရုံးထုတ် စစ်ဆေး ရမှာ ဖြစ်ပေမယ့် မတ်လ၂၄ ရက်နေ့မှစတင်ပြီး အင်းစိန် ထောင်တွင်း တရားရုံးမှာသာ စစ်ဆေးဖို့ ဒီနေ့ အသိပေး ထုတ်ပြန် ခဲ့တာဖြစ်တယ်လို့ အမှုလိုက်ရှေ့နေတွေဆီက သိရပါတယ်။
တပ်မတော် အာဏာရယူပြီးနောက် ဖေဖော်ဝါရီ ၁ ရက်ကနေ မတ်လ ၂၂ ရက်နေ့အထိ နိုင်ငံရေးသမားတွေ၊ သတင်းထောက် တွေ၊ ကျောင်းသားတွေနဲ့ ဆန္ဒပြသူ ဖမ်းဆီးခံရသူပေါင်း၂၆၈၂ ဦး ရှိပြီး အမှုဖွင့် တရားစွဲဆို ခံထားရသူပေါင်း၂၃၀၂ ဦး ရှိတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) က မတ်လ ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ရွှေတြိဂံဒေသ သတင်းလွှာ

No comments:
Post a Comment