ဒေါ်အောင်ဆန်းစုကြည်ကို လွတ်မြောက်စေလိုပါသလား။
Bistands Aktuelt သတင်းထောက် Espen Røst က တွေ့ဆုံမေးမြန်းထားတာပါ။
အာဏာသိမ်းတဲ့ညမှာပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ လွှတ်တော်ကိုယ် စားလှယ်တွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူတွေ အဖမ်းခံရပါတယ်။ ဖေဖော်ဝါရီ ၁ ကစလို့ လူပေါင်း ၂,၀၀၀ နီးပါး အဖမ်းခံထားရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သင့်ပါသလားလို့ သံအမတ်ကြီး ဒေါ်မော်မော်ကို မေးမြန်းပါတယ်။
“ဟုတ်ကဲ့။ သူ့ကို ဖမ်းကို မဖမ်းရမှာပါ။”
သံတမန်တဦးရဲ့သမီးဖြစ်တဲ့ ဒေါ်မော်မော်ဟာ ကနေဒါမှာ ကြီးပြင်းပြီး ဆွစ်ဇာလန်မှာ ပညာသင်ယူခဲ့သူပါ။ နယူးယောက် ကုလသမဂ္ဂကိုယ်စားလှဘ်ရုံးမှာလဲ အမှုထမ်းဖူးပါတယ်။ ၂၀၁၅ မှာ သမ္မတ ဦးသိန်းစိန်က နော်ဝေဆိုင်ရာ သံအ မတ်ကြီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း တာဝန် ပိုပြီး ခက်ခဲလာတယ်လို့ ဒေါ်မော်မော်က ပြောပါတယ်။
“လူတိုင်းက ခံစားချက် ပြင်းထန်နေကြတယ်။ နော်ဝေရောက် မြန်မာတွေက မိခင်တိုင်းပြည်က ပြည်သူတွေကို ကူညီ ချင်ကြပြီး ဒီကသံရုံးရှေ့မှာ ဆန္ဒပြကြပါတယ်။ သူတို့ပြောတာတွေကို ကျမနားထောင်ချင်ပါတယ်၊ ဒါမှလဲ တိုင်းပြည် ကို အစီရင်ခံနိုင်မှာပါ။ ဒါပေမဲ့ သူတို့က ကျမကို CDM ထောက်ခံဖို့ လိုလားကြတယ်၊ CRPH ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီကို ကျမထောက်ခံသလားဆိုတာ သိချင်ကြတယ်။ အဲဒီနှစ်ခုစလုံးကို ကျမ မထောက်ခံပါဘူး။ သံတမန်တဦးအနေနဲ့ ဒီလိုမဆုံးဖြတ်နိုင်ပါဘူး။ ဒါပေမဲ့ ကျမက စစ်တပ်ကို မထောက်ခံဘူးလို့တော့ ပြောလိုက်ပါတယ်။ ဒါဟာ ကျမတို့တိုင်းပြည်အတွက် ပြင်းထန်ခက်ခဲတဲ့ အခြေအနေပါ။”
သံအမတ်ကြီးဟာ စိတ်ဖိစီးမှုရှိနေပုံရပါတယ်။ နော်ဝေရောက် မြန်မာတွေနဲ့ အရင်ရက်သတ္တပတ်မှာ တွေ့ဆုံပြီးနောက် သူနဲ့ပတ်သက်လို့ ကောလာဟလတွေ ပြန့်နေတယ်လို့ ပြောပါတယ်။ သူမသိလိုက်ရဘဲနဲ့ Facebook မှာ လွှင့်လိုက်လို့ ပြည်တွင်းရှိ သူ့မိသားစုမှာ အခက်ကြုံရတယ်လို့ ဆိုပါတယ်။
“ကျမပေးတဲ့အဖြေကို သူတို့က မကြိုက်ကြဘူး။ သစ္စာဖောက်တယောက်ဆိုပြီး အသက်အန္တရာယ် ခြိမ်းခြောက်ခံရလို့ ကျမကြောက်ပါတယ်။ အရုပ်ဆိုးတဲ့ ဖြစ်ရပ်ပါ။”
မေး - ရန်ကုန်နဲ့ မန္တလေး လမ်းမတွေပေါ်က ဖြစ်ရပ်တွေကလဲ အလွန်အရုပ်ဆိုးတာပဲမဟုတ်ဘူးလား။
“စိတ်မကောင်းစရာပါပဲ။ ဒါပေမဲ့ ဒီအကျပ်အတည်းအတွက် နည်းလမ်းက CDM လှုပ်ရှားမှုတခုတည်း မဟုတ်ပါဘူး။ ဖြေရှင်းနည်းတခုရဖို့ ကျမ တတ်နိုင်တဲ့ဘက်က ထမ်းဆောင်ပါတယ်၊ ကျမတာဝန်က နော်ဝေနဲ့ မြန်မာအာဏာပိုင်တွေ ကြား ပေါင်းကူးတံတားတခုဖြစ်ရေးပါ” လို့ ဘယ်သူ့အတွက်ရယ်လို့ မရည်ညွှန်းဘဲ ဒေါ်မော်မော်က ပြောပါတယ်။
မေး - ဆန္ဒပြသူတဦးရဲ့ ဗီဒီယိုမှတ်တမ်းတခုကို မနေ့က ကြည့်လိုက်ရတယ်။ ရန်ကုန် လမ်းမပေါ်မှာ ဦးခေါင်းကို ကျည် ထိမှန်လို့ သေခါနီး သက်ပြင်းရှူနေတယ်၊ ဦးနှောက်အပိုင်းအစတွေနဲ့ သွေးတွေက ကတ္တရာလမ်းပေါ် ပြန့်ကျဲနေတယ်။ လူတွေ စိတ်ခံစားချက် ပြင်းထန်အောင် လှုံ့ဆော်နေတဲ့ အခြေအနေကို နားလည်ဖို့ မခက်လောက်ဘူး ထင်ပါတယ်။
“မှန်ပါတယ်။ နားလည်ဖို့မခက်ပါဘူး။ ဖြစ်ပျက်နေတာက ကြေကွဲစရာပါ။ လူငယ်တွေက ကျမတို့သံရုံးရှေ့ ဘာကြောင့် ဆန္ဒပြသလဲဆိုတာကိုလဲ ကျမနားလည်ပါတယ်။
“ဒါပေမဲ့ မြန်မာသံအမတ်အားလုံး လက်ခြေအားလုံး ချုပ်နှောင်ခံထားရတာပါ။ လိုက်နာရမဲ့ အမိန့်တွေကြောင့် ကြား ချင်တဲ့ အဖြူ အမဲ သဲကွဲတဲ့အဖြေကို မပေးနိုင်ပါဘူး။ ဒီအခြေအနေမှာ အလုပ်ကနေ နုတ်ထွက်လွှာတင်တဲ့နည်းနဲ့ ကျမတိုင်းပြည်ကို ပြန်မကူညီနိုင်ပါဘူး။”
မေး - ဒါဆိုရင် လူမှုမီဒီယာတွေကတဆင့် မြန်မာပြည်က ထွက်လာတဲ့ ဓာတ်ပုံတွေဟာ အခြေအနေမှန်ကို မထင်ဟပ်ဘူးလား။
“စစ်တပ်က ထိန်းချုပ်ပြီဆိုမှဖြင့် ဘယ်လောက် သွေးထွက်သံယိုဖြစ်တယ်ဆိုတာကို ကျမတို့မျိုးဆက်က သိပါတယ်။ လူငယ်တွေ စိတ်လှုပ်ရှားအောင် ဆိုရှယ်မီဒီယာတွေကို လူတွေက သုံးနေကြပါတယ်။ ပြန့်နေတာတွေဟာ အလိမ်အညာတွေပါလို့ ကျမ မပြောပါဘူး၊ ဒါပေမဲ့ အများအပြားကတော့ အလွန်အကျွံ စိတ်လှုံ့ဆော်မှုတွေပါ။ အမှန်နဲ့အမှား မကွဲပြားတော့ပါဘူး။”
သံအမတ်ကြီးက အသက် ၁၅ နှစ်အရွယ် တူမက လွန်ခဲ့တဲ့ရက်ပိုင်း ဖုန်းဆက်တယ်လို့ ဆိုပါတယ်။
“အန်တီမော်၊ သမီးဆန္ဒပြနေတယ်” တဲ့။ ကျမကမေးတယ်၊ “ဘာဖြစ်လို့လဲ။” အန္တရာယ်ရှိနိုင်တယ်လို့လဲ ပြောလိုက် တယ်။ “စနစ်ကြီးတခုလုံးကို ပြောင်းလဲပစ်ချင်တယ်” လို့ တူမက ဖြေတယ်။ “ကောင်းပြီ၊ ဒါဆိုလဲ ဆန္ဒပြပါ၊ သတိတော့ထား။” ဘာလို့ ဒီလိုပြောရသလဲဆိုတော့ လူငယ်တွေရဲ့ ခံပြင်းမှုကို ကျမနားလည်လို့ပဲ။ ဘာလို့ဆို သူတို့က အကြောက်တရားမရှိဘဲ ကြီးပြင်းလာကြတာလေ။
ဒါပေမဲ့ ဒီအခြေအနေမှာ ကိုယ်ကျိုးအသုံးချမဲ့ အင်အားစုတွေ ရှိတယ်ဆိုတာကို နားလည်ဖို့လိုတယ်။ ယူအန်က တပ်အင်အား လွှတ်ဖို့၊ R2P (ခုခံပိုင်ခွင့်) ကို အသုံးချဖို့၊ စစ်တပ်လက်ထဲက အာဏာကို ပြန်သိမ်းဖို့ စသဖြင့် လူအများက သူတို့ဆန္ဒကို ထုတ်ပြောနေကြတယ်။ ဒီလို သတင်း စကားတွေ ပြန့်နှံ့နေတာဟာ စိတ်မကောင်းရာပါပဲလို့ ဒေါ်မော်မော်က ပြောပါတယ်။
Burma News Network
![နော်ဝေနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး နှင့် မေးမြန်းချက် အပိုင်း (၃)](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXzxlz2SVXfy5VfCVpBSq2U2k3gj9Ei_n-eOhGkCQtAnMYn8oIFN7ZrxxmUvYE0UArImbj0G7BTAlJz4jUIrkvaJ-ytEWrgBw3zSY7rtP-nQ_wWIvGurLcADWClRpGDozU9QIOkF7rrzet/s72-w374-c-h640/2.jpg)
No comments:
Post a Comment