အကြမ်းဖက်နှိမ်နင်းမှုအပေါ် နိုင်ငံကာတုန့်ပြန်ချက်

ဖေဖေါ်ဝါရီ ၂၈ ရက် တနင်္ဂနွေနေ့အတွင်း ရဲနဲ့စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် သေဆုံး ဒဏ်ရာရရှိမှု ( ဓါတ်ပုံ - VOA မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်)

စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ တနင်္ဂနွေနေ့က နိုင်ငံတဝန်း ဆန္ဒပြပွဲတွေမှာ ပစ်ခတ်ရိုက်နှက် ဖြိုခွင်းတာကြောင့် အနည်းဆုံး ၁၈ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပြီးနောက်မှာတော့ ကုလသမဂ္ဂနဲ့ အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေရဲ့ တုံ့ပြန်ချက်တွေကို မသိင်္ဂ ီထိုက်က စုစည်းတင်ပြထားပါမယ်။

ရွေးကောက်ပွဲက ဖော်ပြခဲ့တဲ့ မြန်မာ လူထုရဲ့ ဆန္ဒကို လေးစားဖို့နဲ့ ဖိနှိပ်နေတာတွေကို ရပ်ရမယ်ဆိုတဲ့ ရှင်းလင်းပြတ်သားတဲ့ သတင်းစကားပါးနိုင်အောင် နိုင်ငံတကာ အသိုင်းအဝိုင်းက တညီတညွတ်တည်း ပါဝင်ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တောင်းဆိုလိုက်ပါတယ်။ ဆန္ဒပြပွဲတွေကို အကြမ်းဖက် ဖြိုခွဲမှု အပေါ်မှာလည်း အတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတားရက်စ်က အပြင်းအထန် ကန့်ကွက် ရှုတ်ချကြောင်း ပြောခွင့်ရက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ရိုက်နှက် ပစ်ခတ် ဖြိုခွင်းတာတွေ၊ တရားဥပဒေမဲ့ ဖမ်းဆီးတာတွေကို လက်မခံနိုင်ဘူးလို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ကြေညာချက်မှာ ပြောဆိုထားပါတယ်။ တချိန်တည်းမှာဘဲ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးကလည်း ဆန္ဒပြပွဲတွေ အကြမ်းဖက် ဖြိုခွင်းမှုနဲ့ ပတ်သက်တဲ့ ခိုင်မာတဲ့ အချက်အလက်တွေစုဆောင်း ရရှိထားကြောင်း ပြောဆိုထားပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး ပြောခွင့်ရ Ravina Shamdasani က အခုလို ပြောပါတယ်။

" မြန်မာနိုင်ငံမှာ စစ်တပ်က ကျည်ဆန် အစစ် သုံးတာကြောင့် ဒီကနေ့ အနည်းဆုံး လူ ၁၈ ဦး သေဆုံးရတယ်ဆိုတဲ့ ခိုင်မာ စိတ်ချရတဲ့ သတင်းအချက်အလက်တွေ ရရှိထားပါတယ်။ နောက်နိုင်ငံတဝန်းက မြို့တွေမှာ ဖြစ်ခဲ့တာပါ။ အနည်းဆုံး လူ ၃၀ ဒဏ်ရာရတဲ့ အချက်အလက်တွေလည်း ရရှိထားပါတယ်။ အခု ဖြေကြားနေတဲ့ အချိန်မှာဘဲ ထိခိုက်ဒဏ်ရာရမှု အရေအတွက် တိုးလားနေဆဲ ဖြစ်ပါတယ်။ ဒီထဲက တချို့ရဲ့ အခြေအနေက စိုးရိမ်ရတယ်ဆိုတာကိုလည်း ကျမတို့ သိရှိထားပါတယ်။ နောက်ထပ် အသေအပျောက် ထပ်တိုးလာမယ့် အရေးကို ထိတ်လန့်မိပါတယ်။ "


ဆန္ဒပြပွဲတွေ စခဲ့ပြီးနောက် တလတာ အတွင်း တနင်္ဂနွေနေ့မှာ ပစ်ခတ် ရိုက်နှက် ဖြိုးခွင်းမှုက အဆိုးရွားဆုံး ဖြစ်တယ်လို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး ပြောခွင့်ရ Ravina Shamdasani က ပြောပါတယ်။

" ပြီးခဲ့တဲ့ လ အတွင်းမှာ လူမှု အလွှာပေါင်းစုံကနေ ခိုင်မာတဲ့ ပိုင်းဖြတ်ချက် သတ္တိရှိရှိနဲ့ ဆန္ဒပြသူ အရေအတွက် တိုးလာတာကို တွေ့နေရပါတယ်။ တချိန်တည်းမှာဘဲ အဖမ်းအဆီးတွေ များလာတာလည်း တွေ့ရပါတယ်။ ဒီကနေ့ ဆိုရင် အနည်းဆုံး လူ ၁၀၀၀ လောက် တရားဥပဒေမဲ့ ဖမ်းဆီးခံရတဲ့ မှတ်တမ်းတွေ ကျမတို့ ရရှိထားပါတယ်။ ဆရာဝန်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ၊ ကျောင်းဆရာ ဆရာမတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ အတိုက်အခံ နိုင်ငံရေး သမားတွေ အကြောင်းလည်း ကျမတို့ဒီမှာ ပြောဆိုဆွေးနွေးနေကြပါတယ်။ လမ်းမတွေပေါ်မှာ ဆန္ဒပြသူ လူထုက ကြီးထွားလာတာနဲ့ အတူဘဲ စစ်တပ်ဘက်ကလည်း အင်အား ပိုသုံးလာပါတယ်။ "

မြန်မာ စစ်တပ်က ဒီထက်ပိုပြီး အကြမ်းဖက် ဖြိုခွဲလာမယ့် အရေးကို ကုလသမဂ္ဂဘက်က စိုးရိမ်နေတာပါ။

" ကျမတို့ သိပ်ကို စိုးရိမ်နေတဲ့ အချက်က စစ်တပ် တခု အနေနဲ့ အရင်က လူ့အခွင့်အရေးချိုးဖောက်တဲ့ မှတ်တမ်းရှိပြီး ပြစ်ဒဏ်က ကင်းလွတ်ခွင့်ရနေတယ်၊ တာဝန်ခံမှု တာဝန်ရှိမှု မရှိတဲ့ အခြေအနေပါ။ ဆိုတော့ ပိုပြီး ဆိုးရွားလာမယ့် အလားအလာ အပေါ်မှာ ကျမတို့ စိုးရိမ်နေပါတယ်။ "

နိုင်ငံတဝန်းက မြို့တွေ နယ်တွေတိုင်းမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က သေနတ်နဲ့ ချိန်ရွယ် ပစ်ခတ်မှုတွေကိုပါ တနင်္ဂနွေနေ့က မြင်တွေ့ခဲ့ရတာနဲ့ အတူဘဲ ကုလသမဂ္ဂဘက်ကလည်း စစ်တပ်ဘက်က အင်အား မသုံးဖို့ တောင်းဆိုထားပါတယ်။

" ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အင်အားသုံးနေတာတွေ ရပ်ဖို့ စစ်တပ်ကို ကျမတို့ တောင်းဆိုထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မနက်ဖြန်မှာ တရားရုံးထုတ်မယ်လို့ ကျမတို့ သိရှိထားပြီး သူ အပါအဝင်၊ လွတ်လပ်စွာ စုဝေး ဖော်ထုတ်ခွင့် အခွင့်အရေးကို ကျင့်သုံးမှုကြောင့် တရားဥပဒေမဲ့ ဖမ်းဆီးခံရသူ အားလုံးကို ပြန်လွှတ်ပေးဖို့ ကျမတို့ တောင်းဆိုပါတယ်။ စစ်တပ် အပေါ်မှာ တစုံတရာ သြဇာ သက်ရောက်မှု ရှိသူ အားလုံးနဲ့ နုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ ဒီလို အကြမ်းဖက်မှုတွေ အဆုံးသတ်နိုင်ရေး တတ်နိုင်သမျှ ပါဝင်ပြီး ဖိအားပေး ဆောင်ရွက်ကြဖို့လည်း ကျမတို့ တောင်းဆိုပါတယ်။ "

အခွင့်အရေး လှုပ်ရှားမှု အဖွဲ့ HRW ရဲ့ အာရှ ရေးရာ ဒုတိယ ညွှန်ကြားရေးမှူး Phil Robertson ကလည်း သေဆုံး ဒဏ်ရာ ရမှုတွေကို ချက်ချင်းဘဲ သမာသမတ်ကျကျ စုံစမ်းစစ်ဆေးဖို့ တောင်းဆို ထားပါတယ်။

" နိုင်ငံတဝန်းက မြို့တွေ နယ်တွေမှာ အများစု ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့တဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြသူတွေကို မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေဘက်က လူသေဆုံး ဒဏ်ရာရစေတဲ့ အထိ အင်အားသုံးခဲ့ပြီး ဒါဟာဆိုရင် လက်သင့်မခံနိုင်စရာ စြဖ်သလို ချက်ချင်း ရပ်ရပါမယ်။ ဆန္ဒပြပွဲတွေကို ဖြိုခွင်းဖို့၊ ထိန်းချုပ်ဖို့မှာ ကျည်ဆန် အစစ် မသုံးသင့်သလို၊ အသက်အန္တရာယ်ကို ကာကွယ်ဖို့ ဒါမှမဟုတ်လည်း အကြီးအကျယ် ဒဏ်ရရမယ့် အရေး ကာကွယ်ဖို့ အတွက်သာ ရိုက်နှက်တာလိုမျိုး အင်အားသုံးနိုင်တာပါ။ သေဆုံးမှုတွေနဲ့ အပြင်းအထန် ထိခိုက်ဒဏ်ရာရမှုတွေကိုလည်း ချက်ချင်း သမာသမတ်ရှိရှိ စုံစမ်းစစ်ဆေးရပါမယ်။ တရားဥပဒေနဲ့ မညီတဲ့ လုပ်ရပ်တွေ လုပ်သူတွေကို တာဝန်ခံစေရမှာ ဖြစ်ပါတယ်။"

ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ အထူး သံတမန် Tom Andrews ကလည်း ကမ္ဘာ့ အသိုင်းအဝိုင်း အနေနဲ့ ပြောဆိုကန့်ကွက် ရှုတ်ချနေတာကို ကျေးဇူးတင်ကြောင်း ဒါပေမယ့် ပြောဆို ကန့်ကွက်နေရုံနဲ့ မလုံလောက်ကြောင်း ပြောဆိုပြီး မြန်မာ့ စစ်အာဏာသိမ်းမှု အရေး လက်တွေ့ ဆောင်ရွက်ကြဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို တနင်္ဂနွေနေ့မှာ တိုက်တွန်းထားပါတယ်။


မသိင်္ဂီထိုက်/ VOA Burmese

https://burmese.voanews.com/a/international-response-to-myanmar-suppression/5796597.html

အကြမ်းဖက်နှိမ်နင်းမှုအပေါ် နိုင်ငံကာတုန့်ပြန်ချက် အကြမ်းဖက်နှိမ်နင်းမှုအပေါ် နိုင်ငံကာတုန့်ပြန်ချက် Reviewed by THITHTOOLWIN on 08:04 Rating: 5

No comments:

Powered by Blogger.