မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု crimes against humanity စွဲချက်နဲ့ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေကို crimes against humanity စွဲချက်အတွက် နိုင်ငံတကာ တရားရုံးတွေမှာ တရားစွဲဆိုပြီး၊ အရေးယူနိုင်မယ့် အလားအလာနဲ့ ဘယ်လို အတားအဆီးတွေ ရှိနိုင်သလဲဆိုတာကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာအခြေစိုက် အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များ ကော်မရှင် ICJ က ညွှန်ကြားရေးမှူး Kingsley Abbott ကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
RFA- မြန်မာ စစ်ခေါင်းဆောင်တွေကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု crimes against humanity စွဲချက်နဲ့ စုံစမ်းစစ်ဆေးဖို့ ခင်ဗျားတို့ အဖွဲ့က ကြေညာချက် ထုတ်ပြန်ပြီး တိုက်တွန်းထားတာ တွေ့ရပါတယ်။ မြန်မာ စစ်ခေါင်းဆောင်တွေရဲ့ လုပ်ရပ်ဟာ ဒီရာဇဝတ်မှုမြောက်ကြောင်း ဘာကြောင့် ပြောနိုင်တာလဲ။
■ မြန်မာနိုင်ငံက လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု crimes against humanity ကျူးလွန်မှုအတွက် စုံစမ်းစစ်ဆေးဖို့ လိုအပ်နေပြီလို့ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များ ကော်မရှင် ICJ အဖွဲ့က ယုံကြည်ပါတယ်။ crimes against humanity ဆိုတာ နိုင်ငံတကာဥပဒေအရ အပြင်းထန်ဆုံး ရာဇဝတ်မှု တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ သတင်းရင်းမြစ်တွေအရ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ လူရာဂဏန်းလောက်အထိ သတ်ဖြတ်ခံခဲ့ရပြီး၊ လူအမြောက်အမြား ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရပြီး နောက်ပိုင်းမှ သေဆုံးသွားတဲ့ သူ အတော်များများ ဒီစာရင်းထဲမှာ မပါသေးတာလည်း ဖြစ်နိုင်ပါတယ်။ လူ အနည်းဆုံး ၁၈၀၀ လောက်အထိကို လည်း ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရပါတယ်။ ဒီထဲက တစ်ဝက်လောက်ဟာ ဘယ်နေရာမှာ ထိန်းသိမ်းခံထားရမှန်း မသိပဲ ပျောက်ဆုံးနေတာပါ။ ဒီလူတွေကို မိဘဆွေမျိုးတွေက သွားရောက်တွေ့ဆုံလို့ရပြီး၊ တရားဝင်မှတ်တမ်းတင်ထားတဲ့ ပုံမှန် အကျဉ်းထောင်တွေမှာ ထိန်းသိမ်းထားတာ မဟုတ်ပါဘူး။ ဒီလိုဖြစ်ရပ်တွေဟာ force disappearance လို့ခေါ်တဲ့ ပြစ်မှု ကျူးလွန်ရာရောက်ပါတယ်။ ဒါ့အပြင် ဖမ်းဆီးထိန်းသိမ်းထားစဉ်မှာ နှိပ်စက်ညှဉ်းပန်းမှုကြောင့် ဖြစ်နိုင်တဲ့ အသက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။ ဒီ အချက်တွေ အားလုံးဟာ crimes against humanity သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ ပြစ်မှုတွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ မြင်တွေ့နေရတဲ့ မြေပြင်အခြေအနေတွေအရကော၊ ထိခိုက်ခံရသူ အရေအတွက် ကိန်းဂဏန်းအရကော၊ အာဏာသိမ်း စစ်ကောင်စီရဲ့ လုပ်ရပ်ကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့နဲ့ စစ်ဆေးပေးဖို့ လိုအပ်တယ်လို့ ကျွန်တော်တို့ အဖွဲ့က ယုံကြည်ပါတယ်။
RFA - ဒီ crimes against humanity စွဲချက်အတွက် လုံလောက်တဲ့ သက်သေ အထောက်အထားတွေ ရှိပြီလို့ ထင်ပါသလား။
■ အခုဆိုရင် ဆန္ဒပြတောင်းဆိုနေကြတဲ့ မြန်မာလူငယ်တွေရဲ့ နည်းပညာကျွမ်းကျင်မှုကြောင့် ထည့်သွင်းစဉ်းစားစရာ အထောက်အထား တော်တော်များများ ပေါ်ထွက်လာခဲ့ပါတယ်။ ICC တရားရုံး လို အဖွဲ့အစည်းတွေက စုံစမ်းစစ်ဆေးတဲ့နေရာမှာ သူတို့ ရှာဖွေနေတာ အောက်ခြေက တပ်သားတွေရဲ့ ပစ်ခတ်မှုတွေ၊ နေအိမ်ထဲကို ဝင်ရောက်ဖမ်းဆီးသွားတာတွေ၊ ဈေးဆိုင်တွေ ဆိုင်ကယ်တွေကို ဖျက်ဆီးသွားတာတွေလို အထောက်အထားမျိုး မဟုတ်ပါဘူး။ သူတို့လိုချင်တာ စစ်တပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေက အောက်ခြေက တပ်သားတွေကို ဒီလို လုပ်ဖို့ အမိန့်ပေး စေခိုင်းခဲ့ကြောင်း ငြင်းမရအောင် ခိုင်မာတဲ့ အထောက်အထားတွေ ဖြစ်ပါတယ်။ ဥပမာ ဆန္ဒပြပြည်သူတွေကို သေစေလောက်တဲ့ လက်နက်တွေ သုံးပြီး ဖြိုခွဲဖို့ အမိန့်ပေးထားတဲ့ လျှို့ဝှက် အမိန့်စာ၊ အီးမေးလ် ဒါမှမဟုတ် တယ်လီဂရမ် ပေးပို့မှု မျိုး ဖြစ်ပါတယ်။ ဖြစ်နိုင်တဲ့ တိုက်ရိုက် အထောက်အထား နောက် တစ်မျိုးကတော့ အတွင်းလူ တစ်ယောက်ယောက်က ဖော်ကောင်လုပ်ပြီး ဖော်ထုတ်လိုက်တာမျိုးပါ။ မကြာခင်က ဖြစ်သွားသလိုမျိုး မြန်မာ စစ်တပ်က တပ်သားနှစ်ဦးက ဘင်္ဂလားဒေ့ရှ် နိုင်ငံကို သွားရောက်ခိုလှုံပြီး၊ စစ်ခေါင်းဆောင်တွေက အရပ်သားတွေကို သတ်ဖြတ်ဖို့ အထက်က အမိန့်ပေးခဲ့တာကို ဖော်ထုတ်လိုက်တာမျိုးပါ။ ဒါ့အပြင် စစ်တပ်ထဲက အလယ်အလတ်အဆင့် အရာရှိအချို့က လူမှုကွန်ရက်တွေပေါ်မှာ ရေးသားပြောဆိုတဲ့ စာတွေအထဲမှာလည်း အထက်က အမိန့်ပေးခဲ့တဲ့ အထောက်အထားတွေ ပေါ်ထွက်လာနိုင်ပါတယ်။ ဒီလို တိုက်ရိုက် အထောက်အထားတွေ မရှိရင်လည်း inferential evident လို့ခေါ်တဲ့ သွယ်ဝိုက်ပြီး ညွှန်ပြနိုင်တဲ့ အထောက်အထားတွေ ကို သုံးနိုင်တယ်။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ စည်းကမ်းတကျရှိနေပြီး၊ အထက်က အမိန့်တစ်ခုခု ရောက်လာမှ တပြိုင်နက် လှုပ်ရှားတာမျိုး၊ နိုင်ငံအနှံ့ ပစ်ခတ်သတ်ဖြတ် နှိမ်နှင်းမှုတွေက တစ်ပုံစံတည်း ဖြစ်နေတာမျိုးဟာ ဗဟိုကနေ ချုပ်ကိုင်ပြီး အမိန့်ပေးခဲ့တာကြောင့်လို့ သုံးသပ် လို့ ရပါတယ်။ အထက်ကနေ အမိန့်ပေးစေခိုင်းခဲ့တာ မဟုတ်ရင်တောင်မှ၊ အောက်ခြေက တပ်သားတွေ ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် သူတို့မှာ တာဝန်ရှိပါတယ်။ ဒီလို ကျူးလွန်တာကို သိသိချင်း ကျူးလွန်သူကို ခုံရုံးတင် စစ်ဆေးပြီး အပြစ်ပေး အရေးယူဖို့ တာဝန်ရှိပါတယ်။ ခုချိန်ထိ ဒီလို လုပ်တာ မရှိသေးပါဘူး။
RFA - ဒီ crimes against humanity စွဲချက်အတွက် ICC တရားရုံးကို တရားစီရင်ခွင့် ပေးအပ်ထားတဲ့ Rome Statue ကို လက်ခံထားတဲ့ အဖွဲ့ဝင်နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ မပါဝင်ပါဘူး။ ဒီလို အနေအထားမှာ မြန်မာစစ်ခေါင်းဆောင်တွေကို Crimes Against Humanity စွဲချက်အတွက် အမှန်တကယ် ရုံးတင်စစ်ဆေးဖို့ ဖြစ်နိုင်ပါ့မလား။
■ ICC တရားရုံးဟာ Rome Statue ကို ပါဝင်လက်မှတ်ထိုးထားတဲ့ အဖွဲ့ဝင်နိုင်ငံမှာ ဖြစ်တဲ့ အမှုတွေကိုပဲ စစ်ဆေးတာ မှန်ပါတယ်။ မြန်မာနိုင်ငံက အဖွဲ့ဝင် မဟုတ်ပါဘူး။ ဖြစ်နိုင်တဲ့ နည်းလမ်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နဲ့ ဖေဖော်ဝါရီ ၁ရက်နေ့ နောက်ပိုင်း မြန်မာနိုင်ငံက ဖြစ်ရပ်တွေကို Crimes against humanity အဖြစ်နဲ့ ICC တရားရုံးကနေ စုံစမ်းစစ်ဆေးဖို့ တာဝန်ပေးဖို့ ဖြစ်ပါတယ်။ ဒီလို ဆုံးဖြတ်ချက်ချနိုင်ဖို့ ဗီတိုအာဏာသုံးခွင့်ရှိတဲ့ တရုတ်နဲ့ ရုရှား အပါအဝင် လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံအားလုံး သဘောတူညီမှုရဖို့ လိုပါတယ်။ ခုချိန်မှာ တရုတ်နဲ့ ရုရှားဘက်က ဒီလိုမဖြစ်အောင် တားဆီးမယ့် အလားအလာရှိနေတဲ့အတွက် ဒီအရေးကိစ္စကို လုံခြုံရေး ကောင်စီမှာ တရားဝင်ဆွေးနွေးတဲ့ အဆင့်မရောက်သေးပါဘူး။ ဒါပေမယ့် ကုလ လုံခြုံရေး ကောင်စီဟာ မြန်မာနိုင်ငံက ဖြစ်ရပ်တွေကို ဆက်လက်စောင့်ကြည့်နေပါတယ်။ မဖြစ်မနေ ဆုံးဖြတ်ချက် ချရမယ့် အခြေအနေရောက်လာရင်၊ သက်သေအထောက်အထားတွေ မပျောက်ပျက်အောင် crimes against humanity အဖြစ် စုံစမ်းအရေးယူဖို့ အရေးပေါ် ဆုံးဖြတ်လိုက်ရတာမျိုး ဖြစ်နိုင်ပါတယ်။ နောက်ထပ် လမ်းကြောင်း တစ်ခုက မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ကြီးမားတဲ့ ရာဇဝတ်မှုတွေ အားလုံး အတွက် စုံစမ်းစစ်ဆေးဖို့ ဖွဲ့စည်းထားတဲ့ IIMM အဖွဲ့က ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း ဖြစ်စဉ်တွေကို ဆက်လက်ပြီး စုံစမ်းစစ်ဆေးသွားဖို့ပါ။ IIMM အဖွဲ့ဟာ မြန်မာနိုင်ငံက အမှုတွေကို စုံစမ်းစစ်ဆေးဖို့ ခွင့်ပြုချက် ရထားပေမယ့်၊ သူတို့ရဲ့ လုပ်ပိုင်ခွင့်ထဲမှာ ရုံးတင်စစ်ဆေး အရေးယူတဲ့ အပိုင်းမပါဝင်ပါဘူး။ ဒါကြောင့် နောင်တစ်ချိန်မှာ ကုလ လုံခြုံရေးကောင်စီက ICC တရားရုံးကို စုံစမ်းစစ်ဆေးဖို့ ဆုံးဖြတ်လိုက်တဲ့အခါ IIMM အဖွဲ့က သိမ်းဆည်းထားတဲ့ အထောက်အထားတွေကို တင်သွင်းတာမျိုး လုပ်နိုင်ပါတယ်။ ဒါ့အပြင် IIMM အဖွဲ့က ရထားတဲ့ အထောက်အထားတွေကို သုံးပြီး Universal Jurisdiction ကျင့်သုံးတဲ့ နိုင်ငံအချို့က မြန်မာစစ်ခေါင်းဆောင်တွေကို တရားစွဲဆိုတာမျိုးလည်း ရှိလာနိုင်ပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေကို ရိုဟင်ဂျာ အဖွဲ့အစည်းတစ်ခုကနေ လူမျိုးတုန်း သတ်ဖြတ်မှု စွဲချက် အတွက် အာဂျင်တီးနား တရားရုံးတစ်ခုမှာ တရားစွဲဆိုထားတာ ရှိနှင့်ပြီး ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ IIMM အဖွဲ့ကနေ စုံစမ်းစစ်ဆေးမှုတွေ ထိထိရောက်ရောက် လုပ်နိုင်ဖို့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ အရေးကြီးပါတယ်။
RFA - မြန်မာ စစ်ခေါင်းဆောင်တွေကို ICC ဒါမှမဟုတ် အခြား တရားရုံးတစ်ခုခုမှာ တရားစွဲဆိုနိုင်ပြီ ဆိုရင်တောင်မှ၊ ဖမ်းဆီးပြီး လူကိုယ်တိုင် ရုံးတင်စစ်ဆေးဖို့ extradite လုပ်ဖို့ ဖြစ်နိုင်ပါ့မလား။
■ မှန်ပါတယ်။ ICC နဲ့ အာဂျင်တီးနား တရားရုံးတွေကနေ Crimes Against Humanity စွဲချက်အတွက် လက်ခံပြီး မြန်မာ စစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်း ထုတ်လိုက်ပြီ ဆိုရင်တောင် အမှန်တကယ် တရားရုံး ရှိတဲ့နေရာကို ခေါ်ဆောင်လာပြီး ရုံးတင် စစ်ဆေးဖို့ အခက်အခဲ ရှိနိုင်ပါတယ်။ စွဲချက်တင်ခံထားရတဲ့ စစ်ခေါင်းဆောင်တွေဟာ Rome Statue အဖွဲ့ဝင်နိုင်ငံ တစ်ခုခုကို ဖြစ်စေ၊ Universal jurisdiction ကျင့်သုံးတဲ့ နိုင်ငံတစ်ခုခုကို ဖြစ်စေ ခရီးသွားလာခဲ့ရင် အဲဒီနိုင်ငံတွေရဲ့ ပူးပေါင်းမှုနဲ့ ဖမ်းဆီးပြီး ရုံးတင် စစ်ဆေးနိုင်ပါတယ်။ ဒါပေမယ့် ဒီမြန်မာစစ်ခေါင်းဆောင်တွေဟာ အဲဒီနိုင်ငံတွေကို ခရီးမသွားဘဲ နေမယ်ဆိုရင်တော့ လုပ်ရတာ တော်တော်ခက်ပါတယ်။ ဒီလိုပဲ နိုင်ငံတကာက ဝရမ်းထုတ်ခံထားရတဲ့ သူအချို့ဟာ အဖမ်းခံရနိုင်တဲ့ နိုင်ငံအချို့ကို ခရီးမသွားပဲ နည်းအမျိုးမျိုးနဲ့ ရှောင်တိမ်းနေတဲ့ ဥပမာတွေ ရှိပါတယ်။ မျှော်လင့်စရာ ရှိတာကတော့ မြန်မာနိုင်ငံမှာ နောင်အနာဂတ် တချိန်ချိန်မှာ အစိုးရအပြောင်းအလဲ ဖြစ်ပြီး နောက်တက်လာတဲ့ အစိုးရသစ်က နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်လာတဲ့ အခြေအနေမျိုးပါ။ ကမ္ဘောဒီးယားနိုင်ငံမှာ ဆိုရင် ခမာနီအစိုးရက ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို အမှုဖြစ်ပြီး နှစ်ပေါင်း ၃၀ကျော်ကြာမှ ထိပ်ပိုင်း ခမာနီခေါင်းဆောင်တွေကို ဖမ်းဆီးနိုင်ပြီး ၂၀၀၉ ခုနှစ်လောက်မှ အပြီးသတ် စီရင်ချက်ချနိုင်ခဲ့ပါတာ တွေ့နိုင်ပါတယ်။
RFA Burmese
စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာမှာ တရားစွဲရုံးတင်ဖို့ အလားအလာ
Reviewed by THITHTOOLWIN
on
06:44
Rating:
No comments:
Post a Comment