မြန်မာရဲတပ်ဖွဲ့ဝင်တချို့ တိမ်းရှောင်ပြီးနောက် အိန္ဒိယနယ်စပ် လုံခြုံရေးတင်းကျပ်

မှတ်တမ်းဓါတ်ပုံ-၂၀၁၄ ဧပြီလတုန်းက အိန္ဒိယနယ်စပ်လုံခြုံရေးတပ်သားများကို တွေ့ရစဉ်

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ပြီး အမိန့်နာခံဖို့ ငြင်းဆန်ခဲ့ကြတဲ့ ရဲတပ်ဖွဲ့ဝင်တချို့ အိန္ဒိယနိုင်ငံထဲ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့ပြီးနောက် အိန္ဒိယအာဏာပိုင်တွေက နယ်စပ်လုံခြုံရေး တိုးမြှင့်လိုက်ပါတယ်။

အခုချိန်ကစပြီး ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုတော့ပါဘူးလို့ မီဇိုရမ်ပြည်နယ် Champhai ခရိုင် အစိုးရ အကြီးတန်းအရာရှိ တဦးဖြစ်တဲ့ Maria Zuali က ရိုက်တာသတင်းဌာနကို ပြောဆိုလိုက်တာပါ။ သောကြာနေ့ကစပြီး ရဲနဲ့ စစ်တပ် ပူးတွဲပြီး နယ်စပ်မှာ ကင်းလှည့်နေတယ်လို့လည်း ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြသူတွေကို နှိမ်နင်းခိုင်းတဲ့ အမိန့်ကို မနာခံချင်တာကြောင့် ရဲတပ်ဖွဲ့ဝင်တချို့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အိန္ဒိယနိုင်ငံကို တိမ်းရှောင်ခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံ Champhai ခရိုင်နဲ့ ကပ်လျက်ရှိတဲ့ Serchhip ခရိုင်ထဲမှာလည်း မြန်မာနိုင်ငံက ရောက်လာတဲ့ အမျိုသမီးတဦးနဲ့ကလေးငယ်တဦးအပါအဝင် လူရှစ်ဦးကို ထိန်းသိမ်းစောင့်လျှောက်ထားတယ်လို့ ဒေသခံတာဝန်ရှိသူ တဦးကပြောပါတယ်။ မြန်မာနိုင်ငံက နောက်ထပ် ရောက်လာမယ့်သူတွေ ရှိနိုင်တာကြောင့် လူ ၃၀ - ၄၀ လောက် နေထိုင်နိုင်အောင် ကြိုတင်ပြင်ဆင်ထားတယ်လို့လည်း ပြောပါတယ်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Anurag Srivastava ကတော့ မြန်မာနိုင်ငံက တိမ်းရှောင်လာတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ကိစ္စနဲ့ ပတ်သက်လို့ အချက်အလက်တွေကို စစ်ဆေးနေဆဲဖြစ်ကြောင်း နယူးဒေလီမြို့တော်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

ပြီးတဲ့ရက်တွေအတွင်း မြန်မာရဲတပ်ဖွဲ့ဝင်တွေနဲ့မိသားစုဝင် ၃၀ ခန့်နယ်စပ်ဖြတ်ကျော်ပြီး မီဇိုရမ်ပြည်ထဲကို ဝင်ရောက်ခဲ့တာဖြစ်ပြီး အချို့ဟာ ညခင်းမှာ ဝင်ရောက်ခဲ့တယ်လို့မီဇိုရမ် ရဲ အရာရှိက ပြောဆိုထားပါတယ်။

အိန္ဒိယတပ်ဖွဲ့တွေ လုံခြုံရေးတိုးမြှင့်ထားပေမဲ့ မြန်မာနိုင်ငံဘက်ကနေ နယ်စပ်ဖြတ်ကျော် ဝင်ရောက်သူတွေ ရှိနေဆဲ ဖြစ်ကြောင်းလည်း အမည်မဖော်လိုသူ တာဝန်ရှိသူကို ကိုးကားပြီး သတင်းက ဖော်ပြထားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-india-border-security-/5803597.html

မြန်မာရဲတပ်ဖွဲ့ဝင်တချို့ တိမ်းရှောင်ပြီးနောက် အိန္ဒိယနယ်စပ် လုံခြုံရေးတင်းကျပ် မြန်မာရဲတပ်ဖွဲ့ဝင်တချို့ တိမ်းရှောင်ပြီးနောက် အိန္ဒိယနယ်စပ် လုံခြုံရေးတင်းကျပ် Reviewed by THITHTOOLWIN on 04:35 Rating: 5

No comments:

Powered by Blogger.