![]() |
အမေရိကန်-ဂျပန် နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတွေ တွေ့ဆုံတဲ့ မြင်ကွင်း။ (မတ် ၁၆၊ ၂၀၂၁) |
အင်ဒို-ပစိဖိတ်ဒေသတွင်း ကြီးထွားလာနေတဲ့ တရုတ်လွှမ်းမိုးမှု စတဲ့ စိုးရိမ်မှုတွေကို ဆွေးနွေးဖို့အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi နဲ့ တိုကျိူမြို့မှာ အင်္ဂါနေ့က တွေ့ဆုံခဲ့ပါတယ်။
“ ကျနော်တို့ရဲ့ ဝေမျှထားတဲ့ တန်ဖိုးတွေနဲ့ ကျနော်တို့ယုံကြည်တဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့တရားဥပဒေစိုးမိုးရေးတွေကို အထောက်အပံ့ပေးရာမှာ ကျနော်တို့အတူတကွပဲ ရပ်တည် နေကြပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီတန်ဖိုးတွေဟာ ကျနော်တို့ကို ပိုမိုသန်မာစေတယ်ဆိုတာ ကျနော်တို့တိုင်းပြည်တွေမှာ မြင်တွေ့ခဲ့ကြရပြီးဖြစ်တယ်။ မြန်မာအပါအဝင် ဒေသတွင်းက နေရာတော်တော်များများမှာ ဒါမှမဟုတ် တရုတ်နိုင်ငံမှာလည်း တနည်းတဖုံနဲ့ဒီတန်ဖိုးတွေကို ခြိမ်းခြောက်ခံနေရတာကြောင့်လည်းဖြစ်တယ်။”
Blinken နဲ့အတူ ကာကွယ်ရေးဝန်ကြီး Lloyd Austin တို့လည်း “two plus two" လို့ခေါ်တဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကို သူတို့ရဲ့ အဆင့်တူတွေနဲ့ပြောဆိုကြဖို့ ဂျပန်နိုင်ငံရဲ့ မြို့တော်မှာ ရောက်ရှိနေကြတာဖြစ်ပါတယ်။
Motegi နဲ့ဆွေးနွေးပွဲအတွင်း Blinken က အမေရိကန်-ဂျပန် မဟာမိတ်ပြုမှုဆိုင်ရာ ကိစ္စရပ်တွေကို ပြောဆိုခဲ့သလို မြန်မာနိုင်ငံစစ်အာဏာသိမ်းယူမှုကိုရည်ညွှန်းပြီး တရားဥပဒေစိုးမိုးမှု နဲ့ပူးပေါင်း ဆောင်ရွက်ရေးတွေကိုလည်း ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားက ပြန်ပေးဆွဲသွားတဲ့ နိုင်ငံသားတွေကို ပြန်လည်ရယူရေး ဂျပန်နိုင်ငံရဲ့ အားထုတ်မှုကိုလည်း ထောက်ခံကြောင်းလည်း Blinken က ပြောဆိုခဲ့ပါတယ်။
Blinken နဲ့Austin တို့ရဲ့ ဂျပန်နိုင်ငံကို လာရောက်လည်ပတ်မှုဟာ သမ္မတ ဘိုင်ဒန်အစိုးရရဲ့ ဒေသတွင်း အရေးပါတဲ့ မဟာမိတ်တွေနဲ့ဆက်ဆံရေးကို ထပ်လောင်းအတည်ပြုတာလည်းဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/japan-us-summit-on-myanmar-situation-/5817110.html
![မြန်မာအရေး ပူးပေါင်းဆောင်ရွက်ဖို့ ကန်-ဂျပန် ဝန်ကြီးအဆင့် ဆွေးနွေး](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9tNutFxYC3N28-VtZ0VIrsqUB7Su7bj4NrO_bS9Zylv3GnuMMgQNddvutgl-rejhyphenhyphenho6EMpW9HEzuH5RE9PBz4a7MJ6IcuYBPuRm0iYDGgq8kg_QpFGaNdoKu0bvA9XFm7a8PZz2a_5aQ/s72-w460-c-h259/2.webp)
No comments:
Post a Comment