ဖေဖော်ဝါရီ ၂၈ မန္တလေးပစ်ခတ်မှုက ဒဏ်ရာ ပြင်းထန်သူကို ခွဲစိတ်ကုသ

 

မန္တလေးမှာ မနေ့ကပစ်ခတ်မှုကြောင့် ဒဏ်ရာရသူတွေထဲက ဒဏ်ရာ ပြင်းထန်သူ တစ်ယောက်ကို ခွဲစိတ်ဆရာဝန်တွေက ဒီနေ့ မတ်လ ၁ ရက်နေ့မှာ ခွဲစိတ်ကုသ ပေးခဲ့ရပါတယ်။

လူနာဟာ ဝမ်းဗိုက်ရဲ့ ဘယ်ဘက်ခြမ်းကနေ ကျည်ဝင်ခဲ့ပြီး နောက်ဘက်မှာ ကျည်ထွက် ဒဏ်ရာရှိတယ်လို့ ကုသပေးရတဲ့ ဆရာဝန် တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

အခုအချိန်မှာတော့ လူနာရဲ့ကျန်းမာရေးအခြေအနေက တည်တည်ငြိမ်ငြိမ်ရှိတယ်လို့ သိရပါတယ်။

သူတို့ CDM ဆရာဝန်တွေ စုဖွဲ့ဖွင့်ထားတဲ့ ဆေးခန်းရှိရာကို မနေ့က ပစ်ခတ်မှုတွေ နောက်ပိုင်း အသက်မပါတော့ဘဲ ရောက်လာသူ ၂ ယောက်နဲ့ နောက်ထပ် ဒဏ်ရာရသူ ၂၂ ယောက်၊ စုစုပေါင်း ၂၄ ယောက် ရောက်လာခဲ့တယ်လို့ သူက ပြောပြပါတယ်။

မနေ့က သူတို့ဆီကို ရောက်လာတဲ့ သေဆုံးသူတွေကတော့ ဦးခေါင်းမှာ သေနတ်ဒဏ်ရာနဲ့ အသက် ၄၁ နှစ် အရွယ် အမျိုးသား တစ်ယောက်နဲ့ ရင်ဘတ်မှာ သေနတ်ဒဏ်ရာနဲ့ အသက် ၂၈ နှစ် အရွယ် အမျိုးသား တစ်ယောက်လို့ သူက အတည်ပြုပြီး ပြောပြပါတယ်။

ကျန်သေဆုံးသူကတော့ လမ်းပေါ်မှာ အပစ်ခံရတဲ့ အသက် ၄၁ နှစ်အရွယ် မွတ်ဆလင် အမျိုးသမီးတစ်ယောက်ပါ။

မန္တလေးမှာ ဖေဖော်ဝါရီ ၂၈ ရက်က ပစ်ခတ်မှုတွေကြောင့် သေနတ်ဒဏ်ရာနဲ့ သေဆုံးသူ ၃ ယောက်ရှိခဲ့ပါတယ်။

ဒဏ်ရာရသူတွေအများစုက ကျည်ထိတဲ့ ဒဏ်ရာတွေဖြစ်ပြီး ၃ ယောက်က ခွဲစိတ်ကုသဖို့ လိုအပ်တဲ့အနေအထားမှာရှိလို့ စောင့်ကြည့်နေခဲ့ရတယ်၊ အခုတော့ တစ်ယောက်ကို ခွဲစိတ်ကုသ ပေးခဲ့ကြတယ်လို့ ဆရာဝန်က ဆိုပါတယ်။

မန္တလေးနဲ့ ပတ်သက်ပြီးတခြားထပ်သိရတာကတော့ ဗြဟ္မစိုရ်ဝင်းထဲမှာ ပရဟိတ ဆရာဝန်တချို့ ဖွင့်ထားတဲ့ ဆေးခန်းကို ဒီနေ့မှာတော့ လုံခြုံရေးအရ တခြားနေရာ တစ်ခုကို ပြောင်းရွှေ့ထားတယ်ဆိုတဲ့ သတင်းပါ။

ဗြဟ္မစိုရ်ဝင်းရှိရာ ၆၂ လမ်းပေါ်မှာ ရဲကား၊ စစ်ကားနဲ့ ရေအမြောက်တင်ကားတွေ အင်အားအတော်များများနဲ့ ရောက်ရှိနေရာယူထားတဲ့အတွက် အခုလို ဆေးခန်းကို ရွှေ့တာလို့လည်း သတင်းရင်းမြစ်တွေက ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56140135

ဖေဖော်ဝါရီ ၂၈ မန္တလေးပစ်ခတ်မှုက ဒဏ်ရာ ပြင်းထန်သူကို ခွဲစိတ်ကုသ  ဖေဖော်ဝါရီ ၂၈ မန္တလေးပစ်ခတ်မှုက ဒဏ်ရာ ပြင်းထန်သူကို ခွဲစိတ်ကုသ Reviewed by THITHTOOLWIN on 00:39 Rating: 5

No comments:

Powered by Blogger.