ရန်ကုန်မှာ ညဖက်သံပုံးတီး ဆန္ဒပြတဲ့ရပ်ကွက်တွေထဲ လုံခြုံရေးတပ်ဖွဲ့တွေ ပစ်ခတ်

မှတ်တမ်းဓါတ်ပုံ - ဖေဖော်ဝါရီ ၂၅ ရက်နေ့က ရဲများကို တွေ့ရစဉ်

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု တလကျော်လာချိန်ထိ လမ်းပေါ်ထွက် ဆန့်ကျင် ဆန္ဒပြနေကြဆဲ ဖြစ်ပြီး အင်္ဂါနေ့မှာတော့ လုံခြုံရေး တပ်ဖွဲ့တွေက ညပိုင်း အထိ ရပ်ကွက်တွေထဲ ဝင်ပြီး ပစ်ခတ်ခဲ့ပါတယ်။

ညမထွက်ရ အမိန့်ထုတ်ထားတဲ့ အတွက် ညပိုင်း လူရှင်းနေတဲ့ ရန်ကုန်မြို့က ရပ်ကွက်တွေထဲ လုံခြုံရေး တပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တာပါ။ လှိုင်မြို့နယ် ဘာတာ မှတ်တိုင် အနီး ကိုယ့်အိမ်ကိုယ့်ယာတွင်း သံပုံးတီး ဆန္ဒပြနေတာတွေကို လုံခြံုရေး တပ်ဖွဲ့တွေက ပစ်ခတ်ခဲ့ကြောင်း မြို့ခံ တဦးက ဗွီအိုအေကို ပြောပါတယ်။

“အသံထွက်တဲ့ ရပ်ကွက်တွေကို အကုန်လိုက်ပစ်တာ လမ်းထိပ်ကနေ လိုက်ပစ်တာ ဘာတာမှတ်တိုင် လမ်းထိပ်အထိပဲ။ ဟိုဘက် ဒီဘက်မှာ ဟိုဘက်က ၁၃ ရပ်ကွက် ကားလမ်းကလေ အင်းစိန်လမ်းမကြီးဒီဘက်က ၁၂ ရက်ကွက် ၊ သံပုံးတီးတာနဲ့ လှမ်းပစ်တာ။”

အလားတူ မန္တလေးမြို့က ရပ်ကွက်တွေထဲမှာလည်း ညပိုင်းမှာ လုံခြုံရေး တပ်ဖွဲ့တွေဘက်က ပစ်ခတ် ဖောက်ခွဲနေတဲ့အသံတွေ ကြားခဲ့ရကြောင်း မြို့ခံတွေက ပြောပါတယ်။ အင်္ဂါနေ့ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေ အတွင်းမှာတော့ ကလေးမြို့မှာ လုံခြံုရေး တပ်ဖွဲ့တွေဘက်က ကျည်အစစ် သုံးပြီး ပစ်ခတ်တာကြောင့် သေနတ်မှန်သူတွေထဲက သုံးဦးကတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထား ရှိကြောင်း အကူအညီပေးနေသူ တဦးက AFP ကို ပြောပါတယ်။ ကလေးမြို့က ဆန္ဒပြပွဲ ဖြိုခွဲခံရမှု အတွင်း ထိခိုက်ဒဏ်ရာ ရသူ ၂၀ လောက် ရှိခဲ့ပါတယ်။

ရန်ကုန်၊ မန္တလေး၊ ထားဝယ်တို့က လမ်းပေါ် ထွက် ဆန္ဒပြပွဲတွေမှာလည်း စစ်တပ်နဲ့ ရဲဘက်က မျက်ရည်ယိုဗုံးသုံးပြီး ဖြိုခွဲခဲ့ပါတယ်။ နိုင်ငံတဝန်း မြို့တွေ နယ်တွေမှာ ဆန္ဒပြပွဲ ဖြိုခွဲနေတဲ့ စစ်တပ်နဲ့ ရဲ တပ်ဖွဲ့တွေ ရပ်ကွက်တွင်း ဝင်ရောက်လာမယ့် အရေး စိုးရိမ်ချက်နဲ့ ရရာ ပစ္စည်းတွေနဲ့ လမ်းတွေကို ပိတ်ဆို့ထားနိုင်ဖို့ ကြိုးစားနေကြတာကိုလည်း တွေ့ရပါတယ်။ ရန်ကုန်က ဆန္ဒပြပွဲ တချို့မှာတော့ လုံခြုံရေး တပ်ဖွဲ့တွေဘက်က မျက်ရည်ယိုဗုံးနဲ့ ပစ်တာမှာ ဆန္ဒပြသူတွေက မျက်ရည်ယိုဗုံးကို ကောက်ယူပြီး ပြန်ပစ်တာကြောင့် လုံခြံုရေး တပ်ဖွဲ့တွေ ဆုတ်ခွာသွားတာကိုလည်း တွေ့ရပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-protest-at-night-attack-/5799548.html

ရန်ကုန်မှာ ညဖက်သံပုံးတီး ဆန္ဒပြတဲ့ရပ်ကွက်တွေထဲ လုံခြုံရေးတပ်ဖွဲ့တွေ ပစ်ခတ် ရန်ကုန်မှာ ညဖက်သံပုံးတီး ဆန္ဒပြတဲ့ရပ်ကွက်တွေထဲ လုံခြုံရေးတပ်ဖွဲ့တွေ ပစ်ခတ် Reviewed by THITHTOOLWIN on 08:35 Rating: 5

No comments:

Powered by Blogger.