ဆန္ဒပြသူများပစ်ခတ်နှိမ်နင်းခံရမှု ပြည်ပရောက်မြန်မာဆရာဝန်များရှုတ်ချကန့်ကွက်

မြန်မာနိုင်ငံတက္ကသိုလ် ပါမောက္ခချုပ်များကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုး

ပြည်ပရောက် မြန်မာဆရာဝန်များအဖွဲ့ဟာ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေကဖွဲ့စည်းထားတဲ့ CRPH ကိုထောက်ခံကြောင်းနဲ့ ဒီ CRPH ကခန့်အပ်တဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးရဲ့ လမ်းညွှန်မှုအောက်မှာ မြန်မာပြည်အကျိုးကို သယ်ပိုးဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ အင်္ဂလန်နိုင်ငံ၊ Livewell South West Plymouth က စိတ်ကျန်းမာရေးဆိုင်ရာအတိုင်ပင်ခံ ဒေါက်တာ ဥက္ကာကို မခွါညိုက ဆက်သွယ်မေးမြန်းထားပါတယ်။

ဒေါက်တာဥက္ကာ။ ။ နံပါတ်(၁) အချက်က ငြိမ်းချမ်းစွာဆန္ဒပြတာကို ပြည်သူလူထုကို လူမဆန်စွာ အကြမ်းဖက် သတ်ဖြတ် ပစ်ခတ်ပြီး ချေမှုန်းတယ်။ အဲဒီလိုလုပ်တာကို ကျနော်တို့-ပြည်ပမှာ ရောက်နေတဲ့ မြန်မာ ဆရာဝန်တွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်ဆိုတာကို ပြည်သူလူထုသိစေချင်လို့ ကျနော်တို့ (ဒီကြေညာချက်) ထုတ်တာပါ။


နံပါတ် (၂) အချက်ကတော့ Generation Z ရှိတယ်၊ CDM လုပ်နေတဲ့ပြည်သူတွေရှိတယ်။ နောက် သံပုံးတီးနေတဲ့ ပြည်သူတွေရှိတယ်။ သူတို့အားလုံးက ငြိမ်းချမ်းစွာ ဆန္ဒဖော်ဆောင်နေကြတာကို ကျနော်တို့က အလေးအနက် ဂါဝရပြုတယ်။ အထူး ကျေးဇူးတင်တယ်။

တတိယအချက်ကတော့ အခု ဆန္ဒထုတ်ဖော်တဲ့အခါမှာ ပစ်သတ်ခံလိုက်ရတဲ့ အာဇာနည်သူရဲကောင်း ကြယ်ပွင့်တွေရှိတယ်။ သူတို့တွေကို ဒီနေရာကနေ လေးစားစွာနဲ့ဦးညွတ်ပြီးတော့ ဂုဏ်ပြုတယ်။ သူတို့ မိသားစုတွေနဲ့အတူ ထပ်တူထပ်မျှ ပူဆွေးရတယ်ဆိုတဲ့အကြောင်းကိုလည်း ကျနော် ပြောချင်တယ်။

စတုတ္ထအချက်က ကျနော်တို့အနေနဲ့ legitimacy အရ နိုင်ငံတော်က နိုဝင်ဘာ ၂၀၂၀ မှာရွေးကောက်ထားတဲ့ လွှတ်တော်အမတ်တွေက ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီဆိုပြီးတော့ CRPH ဆိုပြီးတော့ ဖွဲ့စည်းတယ်။ ဒီဟာကို ကျနော်တို့ ပြည်ပရောက် မြန်မာဆရာဝန်များအားလုံးက တခဲနက်ထောက်ခံတယ်။ သူတို့ အခက်အခဲအမျိုးမျိုးကြားကနေ အလုပ်တွေလုပ်နေကြရတယ်ဆိုတာကိုလည်း ကျနော်တို့ နားလည်တယ်။ အသိအမှတ်ပြုထောက်ခံတယ်။ ဒီ message ကိုပေးချင်တယ်။

တပြေးညီတည်းမှာပဲ CRPH က အထူးအားဖြင့် ကျနော်တို့ရဲ့ဆရာ ပါမောက္ခ ဒေါက်တာဇော်ဝေစိုးကို ခေတ္တပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာကို ကျနော်တို့အားလုံးက ဝမ်းမြောက်ဂုဏ်ယူစွာ အသိ အမှတ်ပြု ကြိုဆိုတယ်။ ဆရာနဲ့တကွ အားလုံးသောသူရဲကောင်းများဟာလည်း တိုင်းပြည်အတွက် အလွန့်ကို အရေးကြီးပြီးတော့ အလွန်လိုအပ်နေတဲ့အခုအချိန်ကာလမှာ ကိုယ်ကျိုး မဖက်၊ အသက်ကို ပဓာနမထားဘဲနဲ့ အမှန်တရားဘက်ကရပ်တည်ပြီးတော့ စစ်အာဏာရှင်ကိုတော်လှန်ရေးအတွက် ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ပါဝင်ခေါင်းဆောင်မှုပေးတဲ့အတွက် သူတို့ကို ကျနော်တို့က လေးလေး စားစား ဂုဏ်ယူမိတယ်။ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးနဲ့ စစ်မှန်သောဒီမိုကရေစီရရှိရေးအတွက် CRPH ကနေပြီးတော့ နိုင်ငံရေးရည်မှန်းချက် ၄ ရပ်ကို ဖော်ဆောင်ရာမှာ ကျနော်တို့ ပြည်ပက ဆရာဝန်များက ကျန်းမာရေး၊ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုးရဲ့ လမ်းညွှန်မှုအောက်မှာ အတူလက်တွဲပြီးတော့ နိုင်ငံရေးရည်မှန်းချက်များကို အပြည့်အဝ အောင်မြင်သွားသည်အထိ မမှိတ်မသုန် တိုက်ပွဲဝင်သွားမယ်ဆိုတာကို လေးနက်စွာ သစ္စာအဓိဌာန်ပြုတယ်။

ပြည်ပမှာရှိတဲ့ အရှေ့မှာရော၊ အနောက်မှာရောရှိတဲ့ ဆရာဝန်များအားလုံးက သဘောတူညီစွာဖြင့် သစ္စာအဓိဌာန်ပြုထားတာဖြစ်တယ်ဆိုတဲ့ message ကို မြန်မာနိုင်ငံက ပြည်သူပြည်သားတွေကို ရစေချင်တယ်။ ခွန်အားတခု ဖြစ်စေချင်တယ်။

မေး။ ။ ဟုတ်ကဲ့။ ဒါကတော့ စိတ်ဓာတ်ရေးရာမှာ ပိုပြီးတော့ စိတ်အားတက်ကြွဖို့ပေါ့။ အဲဒီတော့ ပြည်ပရောက် မြန်မာဆရာဝန်အသိုင်းအဝိုင်းအနေနဲ့ လက်တွေ့ကျကျပေါ့နော်- ဘယ်လိုအကူအညီမျိုးတွေ ပေးနိုင်မလဲပေါ့နော်။ အခုလောလောဆယ်ဆိုရင် CDM လုပ်နေတဲ့ ဝန်ထမ်းတွေက လခသွားမထုတ်ရဲတာတို့၊ လခမရတာတို့ ရှိတယ်။ ဆန္ဒပြနေတဲ့သူတွေမှာဆိုရင်လည်း ထိခိုက် ဒဏ်ရာရတာတွေအတွက် ဆေးတွေလိုကောင်းလိုမယ်ပေါ့။ အဲဒီလိုကိစ္စမျိုးတွေမှာရော ဆရာတို့ ပြည်ပရောက် မြန်မာဆရာဝန်တွေအနေနဲ့ ဘယ်လို အကူအညီတွေများ ပေးနိုင်ပါလဲ။

ဒေါက်တာဥက္ကာ။ ။ ကျေးဇူးပါဗျာ။ ဒါ တော်တော်ကောင်းတဲ့မေးခွန်းပါ။ ကျနော် အခုနက ပြောသွားတာက မခွါညို အခုနက ပြောသွားသလိုပဲ။ moral support ပေးသွားတာပါ။ စိတ်ပိုင်းဆိုင်ရာ..။

ကျနော်တို့ ပြည်ပရောက် မြန်မာဆရာဝန်တွေက နံပါတ် (၁) CDM လုပ်နေတဲ့ ပြည်သူ့ဝန်ထမ်းတွေ အတွက် လက်ရှိမှာတွေ့ကြုံနေရတဲ့အခက်အခဲတွေ social welfare အခက်အခဲတွေအတွက် finical support ကိုလည်းပေးနေပါတယ်။ ဆက်ပြီးတော့ပေးဖို့လည်း ကျနော်တို့က အစီအစဉ်တွေ ဆွဲထားပါတယ်။

နံပါတ် (၂) အချက်က - အခုနက မခွါညိုပြောသွားသလိုမျိုး ထိခိုက်ဒဏ်ရာရတဲ့သူတွေရှိတယ်။ နောက်ပြီးတော့ CDM လုပ်တဲ့ပြည်သူတွေတင်မဟုတ်ဘူး။ တခြားပြည်သူတွေမှာလည်း အခက်အခဲတွေပေါ်လာတယ်။ ဆေးကုဖို့၊ နောက်ပြီးတော့ march casuality အခုဖြစ်လာတဲ့အချိန်မှာ ဘယ်လိုကုကြမလဲဆိုတဲ့ဟာတွေ။ အဲဒါတွေကိုလည်း ကျနော်တို့ ပြည်ပရောက် ဆရာဝန်တွေက သူ့အသီးသီး၊ သူ့ကဏ္ဍနဲ့သူ strategy တွေဆွဲပြီးတော့၊ မြန်မာပြည်မှာ CDM လုပ်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ တိုင်ပင်ပြီးတော့ support တွေ ပေးနေတာတွေ ရှိပါတယ်။ ဆက်လက်ပြီးတော့လည်း ပေးနေမှာပါ။

နံပါတ် (၃) အနေနဲ့ကတော့ IT support တွေပေါ့။ အခုဆိုရင် အာဏာသိမ်းစစ်အုပ်စုက မြန်မာပြည် မှာ အင်တာနက်တွေကိုဖြတ်တယ်။ အင်တာနက်တွေနဲ့ trace လုပ်ပြီးတော့ ညဘက်တွေမှာ လူတွေကို လိုက်ပြီးတော့ ဖမ်းနေတယ်။ အဲဒါတွေအတွက်တွေကိုလည်း ကျနော်တို့က ဒီဘက်ကနေ တတ်ကျွမ်းတဲ့ပညာရှင်တွေနဲ့တိုင်ပင်ပြီးတော့ လုံလုံခြုံခြံုနဲ့ တိုင်းပြည်တာဝန်ကို ဆက်လက်ပြီးတော့ ထမ်းဆောင်နိုင်အောင် support လုပ်ထားတာတွေ အများကြီးရှိပါတယ်။

နောက်ပြီးတော့ political support ဆိုတာကတော့ အခု CRPH ကို အသိအမှတ်ပြုပြီးတော့ ထောက်ခံတာပေါ့။ နောက် ကျနော်တို့ ရဲ့နိုင်ငံခြားမှာရောက်နေတဲ့ ဆေးပညာအဖွဲ့အစည်းတွေ၊ နောက် ကျနော်တို့ရဲ့ membership အဖွဲ့အစည်းတွေကိုလည်း စာတွေပို့ထားပါတယ်။ မြန်မာနိုင်ငံမှာလက်ရှိဖြစ်နေတဲ့အခြေအနေကို စိတ်မချမ်းမသာဖြစ်ရတယ်၊ မတရားဗိုလ်ကျနေတဲ့ စစ်အုပ်စုရဲ့အခြေအနေ၊ နောက် ပြည်သူလူထု ခံစားနေရတဲ့အခြေအနေ..အထူးသဖြင့် COVID-19 pandemic ဖြစ်နေတဲ့အချိန်အခါမှာ တကမ္ဘာလုံးရဲ့ကျန်းမာရေးကို မငဲ့ညှာဘဲနဲ့ ကိုယ်လုပ်ချင်ရာကိုယ်လုပ်သွားတော့ pandemic ရဲ့ risk က မြန်မာနိုင်ငံအတွက်တင်မဟုတ်ဘူး။ အိမ်နီးချင်းနိုင်ငံတွေအတွက်လည်း ကြီးမားလှတဲ့၊ တကမ္ဘာလုံးအတွက်လည်း threat တခုဖြစ်တယ်ဆိုတဲ့ဟာတွေကိုလည်း သက်ဆိုင်ရာတွေကို political support ရအောင်လို့ စာတွေထုတ်ထားတာတွေ ရှိပါတယ်။ ကျေးဇူးပါ မခွါညို။


မခြါညိဳ/ VOA Burmese

https://burmese.voanews.com/a/myanamar-doctors-military-coup-cdm-zaw-wai-soe-okkar-/5804319.html

ဆန္ဒပြသူများပစ်ခတ်နှိမ်နင်းခံရမှု ပြည်ပရောက်မြန်မာဆရာဝန်များရှုတ်ချကန့်ကွက် ဆန္ဒပြသူများပစ်ခတ်နှိမ်နင်းခံရမှု ပြည်ပရောက်မြန်မာဆရာဝန်များရှုတ်ချကန့်ကွက် Reviewed by THITHTOOLWIN on 00:15 Rating: 5

No comments:

Powered by Blogger.