လုံခြုံရေးကောင်စီကနေ အရေးယူနိုင်မည့်နည်းလမ်း ဆက်စဉ်းစားမည်

လုံခြုံရေးကောင်စီကနေ အရေးယူနိုင်မည့်နည်းလမ်း ဆက်စဉ်းစားမည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Chinristine Burgener။ Photo: AFP

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အနီးကပ် ဆက်စောင့်ကြည့်ပြီး လုံခြုံရေးကောင်စီကတဆင့် အရေးယူနိုင်မယ့်နည်းလမ်းတွေကို လာမယ့်ရက်တွေမှာ စဉ်းစားသွားမယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန် အမြဲတမ်းကိုယ်စားလှယ် Barbara Woodward က မတ်လ ၅ ရက် သောကြာနေ့မှာ ပြောလိုက်ပါတယ်။

အဖွဲ့ဝင် ၁၅ နိုင်ငံရှိတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ သောကြာနေ့မှာ မြန်မာ့အရေးကို တံခါးပိတ်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Chinristine Burgener ကတော့ - ငြိမ်းချမ်းစွာဆန္ဒပြသူတွေအပေါ် အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပိုတိုးမြှင့်လုပ်ဆောင်လာချိန်မှာ - ဒီလုပ်ရပ်တွေ ရပ်အောင်လုပ်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။

မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက်တွေဟာ ကုလသမဂ္ဂအပေါ်မှာ ကျဆင်းလာနေတယ်လို့လည်း သူက သတိပေးခဲ့ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို အဖွဲ့ဝင်နိုင်ငံအားလုံးက အပြည့်အဝထောက်ခံကြဖို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Chinristine Burgener က ပြောကြားလိုက်ပါတယ်။

အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြသူတွေအပေါ် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ ကြမ်းဖက်ဖြိုခွင်းမှုတွေ ရပ်အောင်နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင်လို့ လုံခြုံရေးကောင်စီကနေ အရေးယူဖို့ ဒီကနေ့ တိုက်တွန်းခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

“လုံခြုံရေးကောင်စီအနေနဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေအပေါ် အခိုင်အမာ ပြတ်ပြတ်သားသား သတိပေးဖို့၊ မြန်မာပြည်သူတွေနဲ့အတူ ခိုင်မာစွာ ရပ်တည်မှုကို ပြသဖို့၊ နိုဝင်ဘာရွေးကောက်ပွဲမဲရလဒ်ကို ထောက်ခံဖို့ အရေးကြီးပါတယ်” - လို့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံပါတဲ့ တံခါးပိတ်အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

“စုပေါင်းအရေးယူမှု လုပ်ဖို့လည်း အရေးကြီးပါတယ်။ မြန်မာစစ်တပ်ကို (ဒီပြစ်မှုတွေကနေ) ဘယ်အချိန်ထိ ကင်းလွတ်ခွင့် ကျမတို့ ပေးထားဦးမှာလဲ” - လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Christine Burgener က မေးခွန်းထုတ်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမတိုင်ခင် တရက်အလို ကြာသပတေးနေ့မှာ မြန်မာအထူးကိုယ်စားလှယ် ဒေါက်တာဆာဆာကနေ R2P လို့ခေါ်တဲ့ အပြစ်မဲ့ပြည်သူတွေကို အကာအကွယ်ပေးရေးမူအတိုင်း ဆောင်ရွက်ပေးဖို့ လုံခြုံရေးကောင်စီကို တောင်းဆိုစာတစောင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် ဆီ လိပ်မူပြီး ပေးပို့ခဲ့တာပါ။

လုံခြုံရေးကောင်စီက ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့တဲ့ထဲမှာ အချက်လေးချက်ပါဝင်ပြီး

(၁) ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်းနဲ့အညီ ဒေသတွင်း အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး R2P မူအရ အပြစ်မဲ့ပြည်သူတွေကို အကာကွယ်ပေးဖို့၊

(၂) စစ်တပ်ခေါင်းဆောင်တွေသာမက စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေနဲ့ ပိုင်ဆိုင်မှုတွေကိုပါ ထိရောက်တဲ့ ပစ်မှတ်ထား ပိတ်ဆို့ အရေးယူမှုတွေ လုပ်ဆောင်ပေးဖို့၊

(၃) စစ်တပ်ကို လုံးဝ လက်နက်မရောင်းချနိုင်အောင် ပိတ်ဆို့အရေးယူပေးဖို့နဲ့

(၄) စစ်ကောင်စီရဲ့ အင်အားသုံး အကြမ်းဖက်မှုတွေကို ဝေဖန်ရှုတ်ချဖို့၊ အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့ ပြစ်မှုကျူးလွန်နေသူတွေကို တရားဥပဒေအရ အရေးယူပြီး နိုင်ငံတကာ ပြစ်မှုဥပဒေတွေအရ လွတ်ငြိမ်းခွင့် မရှိအောင် အရေးယူပေးဖို့တွေ ပါဝင်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/un-security-council-and-myanmar-military-coup-03052021165636.html

လုံခြုံရေးကောင်စီကနေ အရေးယူနိုင်မည့်နည်းလမ်း ဆက်စဉ်းစားမည်  လုံခြုံရေးကောင်စီကနေ အရေးယူနိုင်မည့်နည်းလမ်း ဆက်စဉ်းစားမည် Reviewed by THITHTOOLWIN on 07:03 Rating: 5

No comments:

Powered by Blogger.