![]() |
Photo Credit - original uploader |
၁.၃.၂၀၂၁
ဒီနေ့တနေကုန် စိတ်ပင်ပန်းလွန်းလို့ မရေးတော့ဘူးစဥ်းစားမိပေမဲ့ ဒီနေ့အဖြစ်အပျက်ကို မှတ်တမ်းတင်ချင်လို့ရေးထားမယ်။ မနေ့ကတည်းက မြေနီကုန်းကို လုပ်ချင်နေကြတာ။ မနေ့ကမနက်က ထမင်းဗူးအတွက်ဓမ္မာရုံမှာပြင်ဆင်နေတုန်း ပစ်သံတွေကြားရပြီး ကလေးတွေပြေးဝင်လာခဲ့ကြတယ်။
ကလေးတယောက် သူ့အမေဆီက ဖုန်းလာတော့ သားအခုပြေးနေတယ်။ ပစ်နေလို့ပြေးလာတာတဲ့။ ညနေမှရောက်မလာရင်တော့ ဖမ်းခံထိပြီလား။ သေပြီလားသာမှတ်လိုက်ပါအမေတဲ့။ တကယ်ကို သူတို့တွေက ဖောင်ဖျက်ပြီးသားတွေ။
တကယ်ဆို ဒီနေ့က လမ်းထဲမှာ လမ်းတောင်ပိတ်မထားပဲ နေနေကြတဲ့အချိန် ပစ်သံတွေနဲ့အတူ တချို့တွေ ပြေးဝင်လာကြတယ်။ မနေ့ကလိုလည်း မများပါဘူး။ ဒါပေမဲ့ လမ်းမကျယ်ကြီးတွေတင် မကျေနပ်နိုင်လို့ လမ်းတွေထဲထိဝင်လာ ခြိမ်းခြောက်ခဲ့ကြတယ်။ ဆန္ဒထုတ်ဖော်နေသူတွေဟာ ဘယ်သူမှအကြမ်းမဖက်ကြဘူး။ မိမိတို့လိုချင်တာကို တောင်းဆိုတာပဲရှိကြတယ်။ သီချင်းတွေဆိုကြတယ်။ ဆဲသံတောင်မကြားရပါဘူး။ မတရားတာအတွက် ပြည်သူတိုင်း၊ လူသားတိုင်းမှာတောင်းဆိုဆန္ဒထုတ်ဖော်ပိုင်ခွင့်ရှိတာ ပြည်သူတွေရဲ့ လူ့အခွင့်အရေးပါ။
လမ်းထဲက လမ်းဆုံကနေ သူတို့ကိုယ်သူတို့ စစ်မြေပြင်ရောက်နေတဲ့အတိုင်း အသင့်ပြင်နေကြတယ်။လက်နက်မရှိတဲ့ပြည်သူတွေကို လက်နက်တကားကားနဲ့ ခြိမ်းခြောက်တယ်။ အသံဗုံးအချက် ၂၀လောက်ကိုဆက်တိုက်ပစ်နေတာ စစ်မြေပြင်ထင်နေလားမသိဘူး။ လူသိန်းနဲ့ချီနေနေကြတဲ့ လူနေရပ်ကွက်ထဲမှာပါ။အိမ်တွေထဲမှာ လူကြီးတွေရှိမယ်၊ ကလေးတွေရှိမယ်၊ မွေးကင်းစကလေးတွေရှိနေတယ်။ အားလုံးကိုခြောက်လှန့်လိုက်သလိုဖြစ်ကုန်တယ်။
အဆောင်တခုက အမျိုးသမီးတွေကို တိုက်အပေါ်ထပ်ထိတက်ပြီး ခေါ်သွားကြတယ်။ ရှေ့လမ်းထဲက တယောက်ဆွဲသွားခံရတဲ့အချိန်မှာတော့ ပြည်သူတွေရဲ့ ဒေါသက ထိန်းရခက်သွားပြီ။
အိမ်တွေထဲကနေ ကြွေးကြော်သံတွေအော်တယ်၊ သီးချင်းတွေဆို၊ သံပုံးတွေတီးကြတယ်။ အဲဒီလိုအသံတွေကြားတာနဲ့ သူတို့ကပစ်ဖို့ချိန်ကြပြီပဲ။ စဥ်းစားကြည့်မိတယ်။ မဟုတ်တာလုပ်နေတဲ့သူတွေကို မဟုတ်ဘူးတည့်တည့်ပြောတော့နာတတ်သလိုမျိုး သူတို့က ဆဲတယ်။
ဒိုင်းတွေ၊ ကျည်ကာတွေ၊ လက်နက်မျိုးစုံ၊ မျက်ရည်ယိုဗုံးကိုင်ထားပြီး ပြည်သူတွေရဲ့ ကြွေးကြော်သံတွေကိုကြောက်တယ်။
ခဏငြိမ်နေတဲ့အချိန် သူတို့က ဦးဝိစာရလမ်းထိပ်နားမှာနေရာယူထားတယ်။ အပေါ်ထပ်တွေကပြောပုံအရ လမ်းထိပ်က ကား၄စီး သူဘာသာသူ ရပ်ရမဲ့နေရာရပ်ထားတာကို ကရိမ်းနဲ့ဆွဲယူသွားတယ်တဲ့။ အဲဒီတော့မြင်တဲ့သူတွေက ဆဲကြတော့တာ။ အဲဒီကားတွေထဲမှာ လမ်းထဲက ဖုန်းဆိုင်လာဖို့ ကားထိုးခဲ့တဲ့ သူငယ်ချင်းအကိုကားပါ ပါသွားတယ်။ သူက ဖုန်းဆိုင်ထဲမှာ ပိတ်မိနေခဲ့တာ။ အပြန်တောင် ကူညီလိုက်ပို့ပေးသူတွေရဲ့ကားနဲ့ပြန်သွားခဲ့ရတယ်။
ကားတွေဆွဲသွားပြီး ခဏနေတော့ သူတို့တွေဆီကနေ ဆဲသံတွေကြားရတယ်။ အဲဒီတော့ ဒီဘက်လမ်းဆုံမှာ လမ်းကြားတွေထဲကထွက်လာကြတဲ့ ရပ်ကွက်သားတွေက ပြန်အော်၊ သံပုံးခေါက်၊ ဆဲတဲ့သူကဆဲနဲ့ ရှေ့တက်ကြမယ်လုပ်တော့ မျက်ရည်ယိုဗုံးနဲ့လူစုခွဲပါတယ်။ အသံဗုံးနဲ့လည်းခဏခဏပစ်နဲ့။ ရုန်းရင်းဆန်ခတ်တွေဖြစ်ကုန်တယ်။ အိမ်ပေါ်တွေကနေ ရေလောင်းချပေးကြတယ်။ အဲဒါ သူတို့ကို လောင်းချတာမဟုတ်ပဲ မျက်ရည်ယိုဗုံးထိသူတွေကို လောင်းချပေးတာပါ။
ခဏနေသူတို့ငြိမ်နေပါလားလို့နေတော့ ပြည်သူတွေရဲ့အနောက်ဖက် စျေးထိပ်ကနေနောက်တဖွဲ့ကဝင်လာတော့ အားလုံး အိမ်ထဲဝင်ပြေးကြရတယ်။ အဲဒီမှာ အမိန့်ပေးသူပါ ပါလာပြီး အဲဒီသူက တော်တော်ရိုင်းတာပါ။ ချကွာ၊ ပစ်ကွာနဲ့ စစ်မြေပြင်ရောက်နေသလို၊ ပြည်သူကို ရန်သူလိုဆက်ဆံတာပါ။ အဲလိုလည်းပြောရော ရဲတွေအားလုံးအမျိုးစုံဆဲပြီး ဟိုအိမ်က ရေနဲ့လောင်းတယ်၊ ဒီအိမ်ကရေနဲ့လောင်းတယ်နဲ့ပြောပြီး တိုက်အပေါ်တွေကို လက်နက်နဲ့ချိန်ပါတယ်။ ပြည်သူတွေကို
ဘာထွက်ကြည့်တာလည်း သေသွားချင်လို့လား ပစ်ထည့်လိုက်မယ်။
ခေါင်းထွက်မလာနဲ့ အသေပစ်သတ်ပစ်လိုက်မယ်။(ဆဲနည်းပေါင်းစုံနဲ့)
အဲဒီအချိန်လမ်းကြားထဲက ကြွေးကြော်သံတွေထွက်လာတော့ အဲဒီလမ်းကြားထဲကိုတက်ဆိုပြီး ညာသံပေးပြီး တက်သွားကြပြီး အိမ်တွေထဲဝင်ဖမ်းတယ်။ အိမ်တအိမ်ကသူတို့ပေါ်ကို ရေလောင်းချလိုက်သေးတယ်(အဲဒါမှသူတို့ကိုလောင်းတာပါ။) အဲဒီအိမ်ကတော့ ပါသွားပုံပေါ်တယ်။
၅ယောက်ကို နောက်လက်ပြန်တုတ်ပြီး လမ်းထိပ်ထွက်လာတော့ အဲဒီအမိန့်ပေးတဲ့သူက
လှုပ်ရဲလှုပ်ကြည့်ကြ၊ ဒီမှာကြည့်ထားကြ၊ အိမ်တံခါးသော့ခတ်ထားလည်း ဖျက်ဝင်ဖမ်းထားတာ မြင်တယ်မလားဆိုပြီး လမ်းပေါ်ကနေ ပြည်သူတွေကိုခြိမ်းခြောက်သွားတယ်။ လမ်းပေါ်ရေကွက်ရှိတဲ့အိမ်တွေရှေ့မှာ ခြိမ်းခြောက်ပြောဆိုကြတယ်။
ပြည်သူကို ရန်သူလိုသဘောထားပြီးသတ်ဖို့ဝန်မလေးကြတော့ဘူး။
မိမိပိုင်အိမ်ခန်းရဲ့ ဝရံတာကနေ အသံလည်းထွက်ခွင့်မရ၊ ဝရံတာကနေတောင်ကြည့်ခွင့်မရတဲ့ ကိုယ်ပိုင်အခွင်ြအရေးတွေ ဆုံးရှုံးနေခဲ့ကြရတယ်။
ဒီလိုကိစ္စမျိုးတွေကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်စတဲ့ နေရာတွေမှာ နှစ်တွေအများကြီးလုပ်လာခဲ့ကြတာ။ အခုတော့ မြို့ကြီးပေါ်မှာ ပေါ်ပေါ်ထင်ထင်ကိုလုပ်နေတော့တာ။ ၈၈တုန်းကလည်း လုပ်ခဲ့ကြတယ်။
စစ်ဘေးရှောင်စခန်းတွေသွားခဲ့တုန်းကလည်း တပ်မတော်လိုခေါ်တဲ့ စစ်တပ်ဆိုတာနဲ့တွေ့ရင် မလုံခြုံမှုကိုခံစားခဲ့ရတယ်။ ဒီနေ့အဲဒီခံစားမှုထက်ဆိုးတဲ့ခံစားမှုကိုခံစားလိုက်ရတယ်။ (တိုင်းရင်းသားလက်နက်ကိုင်တွေကြားထဲသွားဖူးခဲ့တယ်။ သူတို့က ကိုယ်တွေကို ကာကွယ်ပေးခဲ့တယ်။)
မင်းမဲ့စရိုက်ဆန်ဆန် လက်နက်အားကိုးနဲ့ ပြည်သူတွေကို ရန်သူသဖွယ် ပစ်ခတ်သတ်ဖြတ်၊ အသက်အိုးအိမ်စည်းစိမ်တွေကို ဖျက်ဆီးနေသူတွေကို ထိန်းမဲ့တားမဲ့သူမရှိကြတော့ဘူးလားရယ်လို့ ကိုယ်မွေးဖွားရာဒီတိုင်းပြည်အတွက် စိတ်မကောင်းတော်တော်ဖြစ်ရသလို ပြည်သူတွေကို ရိုင်းပြစော်ကားဆဲရေးတိုင်းထွာခြိမ်းခြောက်တာတွေကြားရတဲ့အခါ အသားတဆတ်ဆတ်တုံအောင် မခံနိုင်ဖြစ်မိတယ်။
ဆန္ဒထုတ်ဖော်နေသူတွေကို လူစုခွဲဖို့ရည်ရွယ်ချက်နဲ့ ရာဘာကျည်၊ မျက်ရည်ယိုဗုံးသုံးတာတောင် လက်မခံနိုင်တာ ကျည်အစစ်သုံးပြီး ခေါင်းပွင့်အောင်၊ ရင်ဘတ်တည့်တည်ထိအောင်၊ ဆီးစပ်ကိုထုတ်ချင်းပေါက်ပစ်တာမျိုးဟာ သေစေလိုတဲ့ရည်ရွယ်ချက်အထိဖြစ်နေတာပါ။
လက်နက်ကိုင်အချင်းချင်းသူသေကိုယ်သေတိုက်ရတဲ့တိုက်ပွဲမဟုတ်ပါဘူး။ မတရားမှုတွေမှာ မတရားမှု့ဆင့်လို့ကျူးလွန်နေတာ ကာကွယ်ရေး၊ ပြည်ထဲရေးဆိုတဲ့ဌာနတွေက အရင်ကလည်း ပြည်သူအားလုံးအတွက် မဟုတ်ခဲ့သလို အခုလည်းပြည်သူတွေအတွက်လုံးဝမဟုတ်တော့ဘူးဆိုတာ ဒီတပွဲမှာ သက်သေပြလိုက်ပြီ။
Phyu Ei Thein' facebook

No comments:
Post a Comment