ဦးခေါင်းကျည်ဆံမှန်၍ သေဆုံးခဲ့သည့် အမျိုးသမီး၏ နာရေး


မန္တလေးမြို့ ၇၆ လမ်း နှင့် ၃၅ လမ်းထောင့်တွင် ဦးခေါင်းကျည်ဆံမှန်၍ သေဆုံးခဲ့သည့် အမျိုးသမီး၏ နာရေးကို မတ်လ ၁ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့သည်။ 

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေ ၆ နာရီခန့်တွင် အသက်၃၂နှစ်အရွယ် မိခင်သည် သားဖြစ်သူအတွက် မုန့်သွားဝယ်ရန် လမ်းပေါ်ထွက်စဉ် သေနတ်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပစ်ခတ်မှုဖြစ်ပွားသည့် နေရာတွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များ တပ်မတော်လုံခြုံရေးများ ထိပ်တိုက်ဖြစ်ပွားနေသည့်အခြေအနေများမရှိပဲ သပစ်ခတ်ခံရခြင်းဖြစ်သည် ။ 

“ကလေးတွက်မုန့်လေးသွားဝယ်တာ။ ဝယ်ပြီးပြန်လာတဲ့အချိန်မှာ ဟိုဘက်မှာ ရဲတွေရောစစ်တပ်တွေရောရှိတော့ လူတွေကပြေးလာကြတယ်။ အဲလိုလူတွေကပြေးလာကြ၊ ရပ်ကြည့်ကြတာတွေကို သူကလည်း ရပ်ကြည့်လိုက်မိတယ်။ အဲလိုရပ်ကြည့်တဲ့ချိန်မှာ ပစ်သွားတာပါ။ နားထင်ကို ပစ်သွားတာပါ။ အရပ်ဝတ်နဲ့လို့လည်းပြောပါတယ်။ သေချာတော့မသိရဘူး။ချက်ချင်းသူ့ကိုကယ်ဖို့ကြလည်း သေနတ်တွေက တောက်လျောက်ပစ်နေတော့ ပြန်ဝင်ကြရတယ်။ အလောင်းကောက်ဖို့လည်းမရဘူး”ဟု သေဆုံးသူ ဒေါ်ဒေစီ၏ အဒေါ်ဖြစ်သူက ပြောပြခဲ့သည်။ 

သေဆုံးသူ ဒေါ်ဒေစီသည် အသက်၃၂နှစ်အရွယ်ရှိပြီဖြစ်ကာ ခုနစ်နှစ်အရွယ်သားဖြစ်သူနှင့် နှစ်ဦးတည်းသာရှိကြောင်းသိရသည် ။ ၄င်း၏ နာရေးကို အစ္စလာမ်ဘာသာထုံးတမ်းစဉ်လာအတိုင်း သေနတ်ကျည်ဆံထိမှန်ခဲ့သည့်နေရာတွင် ဝတ်ပြုဆုတောင်းခြင်း ပြုလုပ်ကာ အေးရိပ်ငြိမ်သုသာန်သို့ ပို့ဆောင်သဂြိုလ်ခဲ့ကြောင်း သိရသည် ။ 

မန္တလေးမြို့တွင်  ဖေဖော်ဝါရီလ ၂၈ ရက်နေ့၌ ရဲတပ်ဖွဲ့နှင့်တပ်မတော်အဖွဲ့များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိသူ ၁၆ ဦးနှင့် သေဆုံးသူ ၃  ဦးထိ ရှိကြောင်း သိရသည်။





















မင်းမင်းလတ်၊ သုလှိုင်

TheMandalayNewsJournal

https://www.facebook.com/TheMandalayNewsJournal

ဦးခေါင်းကျည်ဆံမှန်၍ သေဆုံးခဲ့သည့် အမျိုးသမီး၏ နာရေး ဦးခေါင်းကျည်ဆံမှန်၍ သေဆုံးခဲ့သည့် အမျိုးသမီး၏ နာရေး Reviewed by THITHTOOLWIN on 23:51 Rating: 5

No comments:

Powered by Blogger.