စစ်တပ်အာဏာသိမ်းယူပြီး ၃၇ ရက်မြောက် ရန်ကုန်ဆန္ဒပြမှုများ ဆက်ဖြစ်ပွား

မတ်လ ၉ ရက်နေ့ မြောက်ဥက္ကလာမြို့နယ် သပိတ်စစ်ကြောင်း မြင်ကွင်း။ (Credit Zeyar Htun)

အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး စစ်တပ်က အာဏာသိမ်းလိုက်တာ ဒီကနေ့ဆို ရက်ပေါင်း ၃၇ ရက် ရှိလာပါပြီ။ အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြသူတွေကို ဖမ်းဆီးအရေးယူတာနဲ့ အကြမ်းဖက်နှိမ်နင်းတာတွေ ရှိနေတာကြောင့် ပျောက်ဆုံးသူနဲ့ သေဆုံးခဲ့သူတွေ များလာနေပေမဲ့ ရန်ကုန်မြို့က ဆန္ဒပြသပိတ်စစ်ကြောင်းတွေကတော့ ဆက်ရှိနေဆဲပါ။

မတ်လ ၈ ရက်နေ့၊ မနေ့တုန်းက ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်မှာ ဆန္ဒပြသပိတ်ကို လက်နက်ကိုင်တွေဘက်က အကြမ်းဖက်ဖြိုခွဲလို့ နီးစပ်ရာနေရာတွေမှာ ပိတ်မိသူတွေလည်း ရှိခဲ့ပါတယ်။ ပိတ်မိသူတွေကို ကယ်ထုတ်နိုင်ဖို့ ပြည်သူအချင်းချင်း လမ်းပေါ်ထွက်ဝန်းရံသူတွေ ရှိခဲ့ကြပေမဲ့ လက်နက်ကိုင်တွေဘက်ကတော့ မနက်အချိန်ထိ စောင့်ကြည့်နေခဲ့တာပါ။ ကုလသမဂ္ဂနဲ့ ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးအပါအဝင်၊ နိုင်ငံတကာအဖွဲ့အစည်းတွေဘက်ကလည်း စမ်းချောင်းမြို့နယ်မှာ ပိတ်မိနေတဲ့ပြည်သူတွေ ဘေးအန္တရာယ်ကင်းကင်း အိမ်ပြန်နိုင်ဖို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တောင်းဆိုစာ ထုတ်ပြန်ခဲ့ပါတယ်။

စမ်းချောင်းမှာ ပိတ်မိသူတွေကို ကယ်ထုတ်နိုင်ဖို့ မြို့နယ်အသီးသီးက ရပ်ကွက်နေပြည်သူတွေဟာ လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီလို လမ်းပေါ်ထွက်ဆန္ဒပြနေချိန်မှာ လမ်းမတော်မြို့နယ်အတွင်း ဝင်ရောက်လာတဲ့ အိမ်စီးကားတစီးကို စစ်ဆေးရင်း လက်နက်တွေနဲ့အတူ အရပ်ဝတ်အမျိုးသား ၅ ဦးကို ပြည်သူတွေက ထိန်းသိမ်းခဲ့ပါတယ်။ သူတို့ကို လမ်းမတော် ၃ လမ်းမှာ ထိန်းသိမ်းစစ်ဆေးပြီး ပြန်လွှတ်ပေးခဲ့ပေမယ့် ညဥ့်သန်းခေါင်အချိန်မှာတော့ လက်နက်ကိုင်တွေရောက်လာပြီး လမ်းထဲက အမျိုးသား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီကနေ့မှာတော့ ဆန္ဒပြသပိတ်အင်အား အများအပြားဆက်ရှိနေတယ်လို့ လမ်းမတော် ၃လမ်းအနီးမှာ နေထိုင်သူတဦးက ပြောပါတယ်။

"မနေ့ညက လမ်းမတော် ၃ လမ်းမှာ ဖြစ်သွားတာ။ ဒီနေ့ကတော့ ဆန္ဒပြသပိတ် ထွက်တဲ့သူများတယ်။ ဟိုဘက်ကမ်း (ဒလနဲ့ တွံတေး) က လူတွေလည်း လာပေါင်းကြတယ်။ လူအင်အားကတော့ များတယ်။"

တာမွေ - ကျောက်မြောင်း သပိတ်စစ်ကြောင်း၊ ကြည်မြင့်တိုင်၊ သုဝဏ္ဏ၊ လှိုင်မြို့နယ်၊ သမိုင်း - ဗဟိုလမ်း အပါအဝင်၊ မြောက်ဥက္ကလာပနဲ့ တခြားနေရာတွေမှာလည်း ဆန္ဒပြပြည်သူတွေဟာ နီးစပ်ရာအချင်းချင်း စုဝေးပြီး တက်ညီလက်ညီ ဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြရက်တွေ တောက်လျှောက်မှာ လူအသေအပျောက် အများဆုံးဖြစ်ခဲ့တဲ့ မတ်လ ၃ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ်လည်း ပါဝင်ခဲ့ပြီးတော့ ဒီကနေ့အထိ ဆန္ဒပြသူအင်အားအများအပြား ဆက်ရှိနေဆဲပါ။

ဒီကနေ့ မြောက်ဥက္ကလာပမြို့နယ်က သုဓမ္မာလမ်းမမှာ စုဝေးတဲ့ ဆန္ဒပြသပိတ်ကို အကြမ်းဖက်ဖြိုခွဲမှုတွေအပြီး တကျော့ပြန် ဆန္ဒပြခဲ့ကြတယ်လို့ အဲဒီသပိတ်မှာ ပါဝင်ခဲ့သူတဦးက ပြောပါတယ်။

"အမတို့က သုဓမ္မာလမ်းမ၊ နွယ်နီသပိတ်မှာ ဆန္ဒပြနေကြတာ။ နေ့လယ် ထမင်းစားနားပြီး ၁၂ လောက်ရောက်တော့ ရဲနဲ့ စစ်အင်အား ၂၀ လောက်ရှိတယ်.. ရောက်လာတာ။ အမတို့လုပ်ထားတဲ့ ထဘီတန်းနဲ့ ခံတပ်တွေကို ဖျက်စီးပြီး နွယ်နီထိပ်ထိ သူတို့ရောက်လာတော့ အမတို့ကနောက်ပြန်ဆုတ်ကြတယ်။ မျက်ရည်ယိုဗုံးအရင် ပစ်တာ၊ ရှေ့တန်းက ကလေးတွေပါ နောက်ဆုတ်ပြေးတော့ အသံဗုံးထပ်သုံးတယ်။ သူတို့တွေက လမ်းတွေထဲထိ နွယ်နီ ၇လမ်း၊ ၈ လမ်း၊ အဲလိုလမ်းအတွင်းထဲထိ လိုက်ရှာသောင်းကျန်းတာ။ အမိုးစိမ်းအကာတွေကိုလည်း မီးရှို့ဖျက်စီးခဲ့တယ်။ သူတို့ပြန်သွားပြီး လမ်းကြောင်းရှင်းတော့ ၁ နာရီခွဲကျော်လောက်ကနေ ၃ နာရီထိ သပိတ်ပြန်စပြီး ကျဆုံးသွားတဲ့သူတွေအတွက် ဝမ်းနည်းကြောင်း အထိမ်းအမှတ် ဆုတောင်းပွဲပါ လုပ်ဖြစ်တယ်။"

ရန်ကုန်မြို့က ရပ်ကွက်တချို့မှာ မနေ့ညက ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ အဖြစ်အပျက်တွေ ရှိခဲ့ပေမယ့် ဒီကနေ့မှာတော့ ဆန္ဒပြသပိတ်တွေ ဆက်ရှိနေပြီး၊ ပြည်သူတွေက သူတို့လိုလားတဲ့ ဒီမိုကရေစီရရှိရေးနဲ့ အာဏာရှင်စနစ် ပျက်သုဉ်းရေးအတွက် ကြွေးကြော်နေကြဆဲ ဖြစ်ပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-military-coup-protest/5807382.html

စစ်တပ်အာဏာသိမ်းယူပြီး ၃၇ ရက်မြောက် ရန်ကုန်ဆန္ဒပြမှုများ ဆက်ဖြစ်ပွား စစ်တပ်အာဏာသိမ်းယူပြီး ၃၇ ရက်မြောက် ရန်ကုန်ဆန္ဒပြမှုများ ဆက်ဖြစ်ပွား Reviewed by THITHTOOLWIN on 21:20 Rating: 5

No comments:

Powered by Blogger.