ရန်ကုန်မြို့ရှိ လမ်းတခုပေါ်မှာ တွေ့ရတဲ့ ရဲများ။ (ဖေဖော်ဝါရီ ၂၈၊ ၂၀၂၁) |
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့မှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဆန္ဒပြသူတွေကို သေနတ်နဲ့ပစ်ဖို့ အထက်အရာရှိက အမိန့်ပေးခဲ့ပေမဲ့ သူမပစ်ဘဲ ငြင်းခဲ့တယ်လို့ အိန္ဒိယဘက် ထွက်ပြေးခိုလှုံနေတဲ့ ရဲဒုတပ်ကြပ် ထာပန်းက ပြောပါတယ်။
"ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကစပြီး ဆန္ဒပြပွဲတွေကို ခွင့်မပြုဘဲ ဖြိုခွဲရပါတယ်။ ဆန္ဒပြသူတွေက မလိုက်နာဘူးဆိုရင် ပစ်ဖို့ ကျနော်တို့အရာရှိက အမိန့်ပေးပါတယ်။ ကျနော့်လူထုကို ပစ်ခတ်ရမယ့် အရာရှိရဲ့ အမိန့်ကို ကျနော်မလိုက်နာနိုင်တာကြောင့် ထွက်ပြေးခဲ့တာပါ။"လို့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းမြို့မှာရောက်နေတဲ့ ရဲ ဒုတပ်ကြပ် ထာပန်းကပြောပါတယ်။
သူဟာ မိသားစုကို ကန်ပက်လက်မှာ ချန်ထားခဲ့ပြီး မတ်လ ၁ ရက်နေ့မှာ အိန္ဒိယဘက် ထွက်ပြေးခိုလှုံခဲ့တာပါ။
ရဲတပ်ဖွဲ့ရဲ့တာဝန်ဟာ လူထုကို အကာအကွယ်ပေးဖို့ဖြစ်ပြီး ရဲနဲ့စစ်တပ်က မြန်မာလူထုကို ပစ်ခတ်တာဟာ ဥပဒေနဲ့မညီတာကြောင့် အမိန့်ကို သူမလိုက်နာနိုင်တာဖြစ်တယ်လို့လည်း ဒုတပ်ကြပ်ထာပန်းက ပြောပါတယ်။
ဘယ်သူဆိုတာ အမည်ထုတ်မပြောတဲ့ သူ့ရဲ့အရာရှိက ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ပေးတဲ့အမိန့်ကို သူနဲ့ တခြားလုပ်ဖော်ကိုင်ဘက် ၆ ယောက် မလိုက်နာခဲ့ဘူးလို့ ဒုတပ်ကြပ်ထာပန်းက ပြောပါတယ်။
ဒုတပ်ကြပ်ထာပန်း ပြောတာဟာ ရိုက်တာသတင်းဌာနက ကြည့်ခွင့်ရခဲ့တဲ့ အိန္ဒိယရဲတပ်ဖွဲ့ ဌာနတွင်း လ ျှို့ဝှက်မှတ်တမ်းအရ နောက်ထပ် ရဲ ဒုတပ်ကြပ်တဦးနဲ့ တပ်ဖွဲ့ဝင်သုံးဦးတို့ မတ်လ ၁ ရက်နေ့က မီဇီုရမ်မှာ အိန္ဒိယရဲတပ်ဖွဲ့ကို ပြောထားတာနဲ့ ကိုက်ညီပါတယ်။
အိန္ဒိယဘက်မှာ ခိုလှုံနေတဲ့ ရဲတပ်ဖွဲ့ဝင် ၈ ဦးကို ဖမ်းဆီးပြီး ပြန်ပို့ပေးဖို့ မြန်မာ စစ်ဘက်အုပ်ချုပ်ရေးကောင်စီက အိန္ဒိယဘက်ကို အကြောင်းကြားထားပါတယ်။
မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ကတော့ မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေကို သူ့ပြည်နယ်အစိုးရက စားနပ်ရိက္ခာနဲ့ နေစရာပေးထားမှာဖြစ်ပြီး ပြန်ပို့တာ၊ မပို့တာကတော့ အိန္ဒိယ ဗဟိုအစိုးရကိစ္စဖြစ်တယ်လို့ ရိုက်တာသတင်းဌာနကိုပြောပါတယ်။
VOA Burmese
No comments:
Post a Comment