လားရှိုး ကချင်နှစ်ချင်းခရစ်ယာန်ဘုရားကျောင်း ရဲတပ်ဖွဲ့စီးနင်း ဖမ်းဆီး

လားရှိုးမြို့ ကချင်နှစ်ချင်းခရစ်ယာန်ဘုရားကျောင်းမှာ တွေ့ရတဲ့ ရဲတပ်ဖွဲ့ဝင်များ။ (မတ် ၁၊ ၂၀၂၁)

လားရှိုးမြို့ ကချင်နှစ်ချင်းခရစ်ယာန်ဘုရားကျောင်းကို ရဲတပ်ဖွဲ့က ဝိုင်းဝန်းပြီး သင်းအုပ်ဆရာ ၉ ဦးအပါအဝင် အနည်းဆုံး လူ ၁၁ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ ဒီလို ဖမ်းဆီးတာဟာ ရဲသတင်းပေးလို့ ယူဆသူတစ်ဦးကို ဆန္ဒပြသူတွေက ဘုရားကျောင်းဝန်းအတွင်း ဖမ်းဆီးခေါ်ဆောင်လာတာကြောင့်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

လားရှိုးမြို့က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ဒုတိယနေ့အဖြစ် လုံခြုံရေးတပ်ဖွဲ့တွေက ဖြိုခွဲအပြီး နေ့ခင်း ၁ နာရီလောက်မှာ အခုလို ဖမ်းဆီးတာတွေ ဖြစ်ပွားခဲ့တာပါ။

ဒီဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး ကချင်နှစ်ချင်းခရစ်ယာန် ဘုရားကျောင်းနဲ့ နီးစပ်သူတစ်ဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

ဖျက်ဆီးခံခဲ့ရတဲ့ လားရှိုးမြို့ ကချင်နှစ်ချင်းခရစ်ယာန်ဘုရားကျောင်း။ (မတ် ၁၊ ၂၀၂၁)

“ဒီကချင်ကျောင်းဘက် ဝင်စစ်တယ်ပေါ့နော်။ တံခါးတွေလည်း ရိုက်ဖျက်ထားတယ်။ အဲဒီနားမှာ ရဲကားတွေလည်း အများကြီး ရောက်လာပြီးတော့ ပစ်ခတ်မှုတွေလည်း ဖြစ်ခဲ့တယ်ခင်ဗျ။ လောလောဆယ်ကတော့ အတိအကျ မသိရဘူး။ ရာဘာကျည်နဲ့လို့ ထင်တာပဲ။ ထိခိုက်မှုကတော့ မသိသေးဘူး။ ကချင်ကျောင်းကျတော့ သူ့ဝန်းအကျယ်ကြီးလေ။ အဲဒီထဲ ဝင်ဖမ်းတယ်လို့ ပြောတာပဲ။ ၁၁ ယောက် လို့ ပြောတယ်။”

ကချင်ဘုရားကျောင်းမှာ ဒီလို ဘာကြောင့် ဖမ်းဆီးတာလဲဆိုတာကိုတော့ ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက သူ့အမြင်ကို အခုလို ပြောပါတယ်။

“သူတို့ရဲ့ Informer လို့ ထင်ရတဲ့ သူတစ်ယောက်ကိုတော့ ဖမ်းမိတယ်။ အဲဒီတစ်ယောက်ကတော့ ဟုတ်၊ မဟုတ်တော့ စစ်နေတုန်းပဲ ရှိသေးတယ်။ အခု ဒီ Church ကျောင်းကို ဖျက်ဆီးတဲ့ ကိစ္စကလည်း ဒီ Informer ကို ဖမ်းထားလို့ မကျေနပ်လို့ ဖမ်းထားတဲ့ ကိစ္စ၊ အဲဒီထဲမှာ ဖမ်းတဲ့ လူတွေက ရှိတယ်။ Church ကျောင်းကို ခေါ်သွားတယ်ထင်လို့ အဲဒီ Church ကျောင်းကို ဖျက်ဆီးပြီးတော့ သွားတာ။ အဖမ်းအဆီးက Church ကျောင်းဆရာတွေရော၊ ဆန္ဒပြ ဝင်ရောက်နားခိုတဲ့လူတွေရော အားလုံးပေါင်း ၇ ယောက်လောက် ပါသွားတယ်လို့တော့ ကြားတယ်။”

လားရှိုးမြို့က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲမြင်ကွင်း။ (မတ် ၁၊ ၂၀၂၁)

ဒီနေ့ မနက် အစောပိုင်းက ဆန္ဒပြသူတွေ စုရုံးစဉ်မှာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်လူစုခွဲခဲ့ကြောင်း၊ အဲဒီနောက်မှာ လူပြန်စုပြီးဆန္ဒပြချိန်မှာ ထပ်မံလူစုခွဲခံခဲ့ရပြီး ဆန္ဒပြသူတွေက ရဲသတင်းပေးလို့ ယူဆသူတစ်ဦးကို ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

အခြားဒေသခံတွေကတော့ ၁၄ ယောက် ဖမ်းဆီးခံရကြောင်းပြောဆိုတာ ရှိသလို ဘုရားကျောင်းနဲ့ နီးစပ်သူတချို့ကတော့ ကချင်နှစ်ချင်းခရစ်ယာန်ကျောင်းက ဓမ္မဆရာ ၉ ယောက် ဖမ်းဆီးခံရပြီး ကျန်သူတွေ ဘယ်လောက်ပါသွားတယ်ဆိုတာတော့ မသိရဘူးလို့ ဆိုပါတယ်။

ကချင်နှစ်ချင်းခရစ်ယာန်ကျောင်းက ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်ရာမှာ ဆက်သွယ်လို့ မရခဲ့သလို လားရှိုးမြို့ မြို့မ ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ ဖမ်းဆီးတာ မသိကြောင်းသာ ပြန်လည် ဖြေကြားပါတယ်။

လားရှိုးမြို့ ဆန္ဒပြလှုပ်ရှားမှုတွေကို တနင်္ဂနွေနေ့က မျက်ရည်ယိုဗုံး၊ ရာဘာကျည်စတာတွေ အသုံးပြုပြီး စတင် ဖြိုခွဲခဲ့တာပါ။ တနင်္ဂနွေနေ့ကတော့ ၇ ယောက် ဖမ်းဆီးခံရပြီး လူ ၁၂ ယောက်အနည်းဆုံး ထိခိုက်ခံရကြောင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်သူတွေက ပြောပါတယ်။

လောလောဆယ် ဖမ်းဆီးခံရသူတွေ ပြန်လည်လွှတ်ပေးတာတော့ မရှိသေးပါဘူး။


မိုးဇော်/ VOA Burmese

https://burmese.voanews.com/a/lasho-myanmar-military-coup-protest/5796870.html

လားရှိုး ကချင်နှစ်ချင်းခရစ်ယာန်ဘုရားကျောင်း ရဲတပ်ဖွဲ့စီးနင်း ဖမ်းဆီး လားရှိုး ကချင်နှစ်ချင်းခရစ်ယာန်ဘုရားကျောင်း ရဲတပ်ဖွဲ့စီးနင်း ဖမ်းဆီး Reviewed by THITHTOOLWIN on 00:22 Rating: 5

No comments:

Powered by Blogger.