မနေ့က သေနတ်မှန်သေဆုံးရသူတွေရဲ့ ဈာပနတွေ နေရာအသီးသီးမှာကျင်းပ



မနေ့က ဖေဖော်ဝါလ ၂၈ ရက်နေ့ ရန်ကုန်မြို့က ဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က သေနတ်တွေနဲ့ ပစ်ခတ်အကြမ်းဖက်ဖြိုခွဲလို့ သေဆုံးသွားရတဲ့သူတွေထဲက လှိုင်သာယာမြို့နယ်က အလယ်တန်းပြ ဆရာမ ဒေါ်တင်နွဲ့ရီ၊ ကိုဇင်လင်းထက်နဲ့ ရွှေပြည်သာက ကိုညီညီအောင်ထက်နိုင်တို့ရဲ့ ဈာပနတွေကို ဒီနေ့ ကျင်းပခဲ့ပါတယ်။

အသက် ၅၃ နှစ်အရွယ် အလယ်တန်းကျောင်း ဆရာမ ဒေါ်တင်နွဲ့ရီဟာ ဆန္ဒပြဖို့ ကြည့်မြင်တိုင်မြို့နယ် ပညာရေးမှူးရုံးရှေ့ လူစုနေချိန်မှာ ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲခဲ့တာကြောင့် ရာဘာကျည် သူ့လက်ကိုမှန်ပြီး နှလုံးရောဂါအခံနဲ့ နေရာမှာတင် ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

ဆရာမ ဒေါ်တင်နွဲ့ရီကို အရေးပေါ်သူနာပြုနည်းတွေနဲ့ အသက်ကယ်ဖို့ကြိုးစားခဲ့တယ်လို့ သပိတ်စစ်ကြောင်း မှာပါဝင်ခဲ့တဲ့ ပညာရေးလုပ်သားများသမဂ္ဂအဖွဲ့ဝင်တစ်ဦး က ပြောပါတယ်။

ဆရာမ ဒေါ်တင်နွဲ့ရီ၊ ကိုဇင်လင်းထက်နဲ့ ကိုညီညီအောင်ထက်နိုင်တို့ရဲ့ ရုပ်အလောင်းတွေကို ဒီနေ့မနက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကနေ ထုတ်ယူတဲ့အချိန်မှာ ပြည်သူတွေက လက်သုံးချောင်းထောင်ပြီး အလေးပြု ခဲ့ကြပါတယ်။

သင်္ကန်းကျွန်းမြို့နယ် ဘဝမြင့်လမ်းဆုံမှာလည်း မနေ့ သေနတ်ထိမှန်သေဆုံးသွားတဲ့ မောင်ဟိန်းထွဋ်အောင် အတွက် ဒီကနေ့မနက်ပိုင်းက ဆုတောင်းပွဲကို လုပ်ခဲ့ကြပါတယ်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာလည်း မနေ့ကဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ပစ်လိုက်တဲ့ ကျည်ဆန်ဦးခေါင်း ထိမှန် သေဆုံးသွားတဲ့ အသက် ၂၁ နှစ်အရွယ် မောင်ဇင်မျိုးသူ (ခ) ရရှစ်ဟာရဲ့ ဈာပနကို၊ ဒါရ်ကာကုန်း ကဘရ်စတန် (ပိန္နဲကုန်းသုသာန်) မှာ ဒီနေ့မနက်က ပြုလုပ်ခဲ့ပါတယ်။

မန္တလေးမြို့မှာလည်း ဦးခေါင်းကို သေနတ်ကျည်ထိမှန် သေဆုံးခဲ့ရတဲ့ ဦးမောင်မောင်ဦး အသက် ၄၁ နှစ်ရဲ့ ရုပ်အလောင်းကို ဆေးရုံကြီးကနေ ဒီကနေ့ ထုတ်ယူခဲ့ပါတယ်။ သူဟာ ရွှေမန်းတံခွန် ဂေါက်အိတ်ထမ်း အခြေခံအလုပ်သမား အဖွဲ့အစည်းအဖွဲ့ဝင်ဖြစ်ပါတယ်။ ဆန္ဒပြလို့ ၆၂ လမ်းကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပိတ်ဆို့ထားတဲ့အချိန် ဆိုင်ကယ်နဲ့ ရှောင်ကွင်းမောင်းလာတဲ့ အချိန်မှာ ဦးခေါင်းကို ကျည်ထိမှန်သွားတာပါ။

ဝန်ထမ်းပေါင်းစုံ အထွေထွေ သပိတ်ကော်မတီမှာပါဝင်တဲ့ ပညာရေး၊ ကျန်းမာရေး၊ အလုပ်သမား၊ အင်ဂျင်နီ ယာတွေပါတဲ့ စစ်ကြောင်းအနေနဲ့ ဆန္ဒပြဖို့ ကြည့်မြင်တိုင်မြို့နယ် တိုင်းပညာရေးမှူးရုံးရှေ့ဖြိုခွင်းချိန်မှာ အမျိုးသား၊ အမျိုးသမီး ၁၀ ယောက်လောက် ရိုက်နှက်ဖမ်းဆီးခံရပြီး၊ အဲဒီအထဲမှာ ကျောင်းဆရာ၊ ဆရာမ ၇ ယောက်ပါဝင်ပါတယ်။ သူတို့ကို လက်ရှိဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးပါဘူး။

ဒီနေ့မှာဆိုရင် အဲဒီပညာရေးဝန်ထမ်းတွေ အကြမ်းဖက်ခံရတဲ့ ကြည့်မြင့်တိုင် တိုင်းပညာရေးမှူးရုံးရှေ့မှာ အမှတ်တရ ဆုတောင်းပွဲတွေလုပ်သလို လှိုင်သာယာမြို့နယ်က ဗိုလ်ချုပ်အောင်ဆန်းပန်းခြံမှာလည်း ဆုတောင်းပွဲတွေ လုပ်ခဲ့ကြပါတယ်။ ပညာရေးဝန်ထမ်းတွေအနေနဲ့ ရည်ရွယ်တဲ့ပန်းတိုင်မရောက်မချင်း ဆက်ပြီးတိုက်ပွဲဝင်သွားမယ်လို့ ပြောကြပါတယ်။ အာဏာဖီဆန်ရေး CDM မှာ ပါဝင်တဲ့ ဆရာ၊ ဆရာမပေါင်းက ၄ သိန်း ၃ သောင်းဝန်းကျင်ရှိတယ်လို့ အခြေခံပညာ ပညာရေးလုပ်သမားများ သမဂ္ဂကနေ သိရပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက် မနေ့က ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် အင်အားသုံးအကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့လို့ သေဆုံးသူ အနည်းဆုံး ၁၈ ယောက်၊ ဒဏ်ရာရသူ ၃ဝ ကျော်ရှိတယ်လို့ ခိုင်လုံတဲ့ သတင်းတွေအရ သိရှိရ ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီးရုံး (OHCHR) ချက်ချင်းကြေညာချက်ထုတ်ပြန်ခဲ့ ပါတယ်။

စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်ကစလို့ ၂၈ ရက်နေ့ထိ တလအတွင်း စစ်တပ်နဲ့ ရဲရဲ့ အကြမ်းဖက်ဖြိုခွဲမှုတွေကြောင့်သေဆုံးရတဲ့သူ အနည်းဆုံး အယောက် ၃၀ ရှိပြီး၊ အဖမ်းခံရတဲ့သူပေါင်း ၁၁၀၀ ကျော်နေပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းအရ သိရပါတယ်။

RFA Burmese



မနေ့က သေနတ်မှန်သေဆုံးရသူတွေရဲ့ ဈာပနတွေ နေရာအသီးသီးမှာကျင်းပ မနေ့က သေနတ်မှန်သေဆုံးရသူတွေရဲ့ ဈာပနတွေ နေရာအသီးသီးမှာကျင်းပ Reviewed by THITHTOOLWIN on 00:13 Rating: 5

No comments:

Powered by Blogger.