မြန်မာစစ်တပ်ရဲ့ ရက်စက်တဲ့နှိမ်နင်းမှု ရှုတ်ချနေရုံနဲ့ မလုံလောက် (ကုလ အထူးကိုယ်စားလှယ်)


မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်နေသူတွေကို စစ်အာဏာရှင်ဘက်က တဖက်သတ် တိုးပြီး ရက်ရက်စက်စက် ခြေမှုန်းနေတာကြောင့် ကမ္ဘာကလည်း တုန့်ပြန်မှုတွေ တိုးမြှင့် လုပ်ဆောင်ဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ အထူူးကိုယ်စားလှယ် Tom Andrews က တနင်္ဂနွေနေ့မှာ တွစ်တာကနေပြောကြားလိုက်ပါတယ်။

ဒီလို လုပ်ရပ်တွေကို ရှုတ်ချကြောင်း ပါးစပ်နဲ့ ပြောနေတာအတွက် ကြိုဆိုပေမယ့် အပြောနဲ့တင် မလုံလောက်ပဲ လက်တွေ့လုပ်ဆောင်ဖို့ လိုအပ်ကြောင်း ပြောကြားလိုက်သလို ကြေညာချက် တစောင်ပါ ထုတ်ပြန်လိုက်ပါတယ်။ တနင်္ဂနွေနေ့မှာ ဆန္ဒပြပြည်သူ အနည်းဆုံး ၁၈ ဦး ရဲတွေကြောင့် သေဆုံးခဲ့ရကြောင်းနဲ့ ဒီရာဇဝတ်မှုခင်းတွေကို သူတို့ မှတ်တမ်းတင်နေကြောင်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် စစ်ခေါင်းဆောင်တွေက သူတို့ရဲ့ ရက်စက်နိုင်တဲ့ အတိုင်းအတာကို ပြသခဲ့တာ ဖြစ်ပြီး ဒီကနေ့တော့ သူတို့ဟာ မြန်မာပြည်သူတွေကို ဆက်ပြီး နှိပ်စက်အနိုင်ကျင့်မယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ပြသခဲ့တာ ဖြစ်ပြီး ဒါကို ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီကို အစီရင်ခံ တင်ပြမှာ ဖြစ်ကြောင်း ပြောပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်ရဲ့ တရားမဝင် အာဏာသိမ်းမှုကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အားလုံးက ကန့်ကွက်ကြဖို့၊ အခုအချိန်ဟာ နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုကို မြန်မာပြည်သူတွေ အလိုအပ်ဆုံး အချိန်ဖြစ်တဲ့အတွက် အားလုံးတညီတညွတ်တည်း တုန့်ပြန်ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်တာပါ။

စစ်တပ်က အခုလို ခြေမှုန်းမှုတွေ တိုးမြှင့်လုပ်ဆောင်လာတဲ့ အတွက် နိုင်ငံတကာ အသိုင်းဝိုင်းကလည်း တုန့်ပြန်မှုတွေတိုးမြှင့်ရမှာ ဖြစ်ပြီး နိုင်ငံအားလုံး အနေနဲ့ မြန်မာစစ်တပ် လက်နက်မရအောင် လုပ်ဖို့၊ အာဏာသိမ်းမှုမှာ ပါဝင်ပတ်သက်နေသူတွေ ပြည်သူကို ခြေမှုန်းနေသူတွေကို ပြင်းပြင်းထန်ထန် ပစ်မှတ်ထား အရေးယူဖို့၊ စစ်ခေါင်းဆောင်တွေနဲ့ သူတို့နဲ့ဆက်နွယ်သူတွေရဲ့ စီးပွါးရေးဆိုင်ရာတွေကို အရေးယူဒဏ်ခတ်ဖို့ တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အနေနဲ့လည်း မြန်မာနိုင်ငံ့အခြေနေသိရအောင် အရေးပေါ်အစည်းဝေး ခေါ်ယူပြီး လက်နက်ရောင်းချမှု တားမြစ်တာ၊ ပြင်းထန်တဲ့ ဒဏ်ခတ်မှု လုပ်တာ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက စုံစမ်းစစ်ဆေးဖို့ ပြောဆိုတာ အပါအဝင် လုပ်ဆောင်ချက်တွေ နဲ့ တုန့်ပြန်နိုင်ကြောင်း ဖေါ်ပြထားပါတယ်။


VOA (မြန်မာပိုင်း)

https://burmese.voanews.com/a/tom-andrews-un/5796226.html

မြန်မာစစ်တပ်ရဲ့ ရက်စက်တဲ့နှိမ်နင်းမှု ရှုတ်ချနေရုံနဲ့ မလုံလောက် (ကုလ အထူးကိုယ်စားလှယ်) မြန်မာစစ်တပ်ရဲ့ ရက်စက်တဲ့နှိမ်နင်းမှု ရှုတ်ချနေရုံနဲ့ မလုံလောက် (ကုလ အထူးကိုယ်စားလှယ်) Reviewed by THITHTOOLWIN on 08:03 Rating: 5

No comments:

Powered by Blogger.