နိုင်ငံတဝန်းမှာရှိတဲ့ အစိုးရဝန်ထမ်းတွေအနေနဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ မနက်ဖြန် ဖေဖော်ဝါရီ ၈ ရက်နေ့ကစပြီး အလုပ်မဆင်းဘဲ သပိတ်မှောက်ကြဖို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဒီနေ့ပန်ကြားလိုက်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ၈၈ မျိုးဆက်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီကို ဆက်သွယ်မေးမြန်းထားပါတယ်။ ကျနော်ရန်နိုင်ပါ။
ရန်နိုင်။ ။ ကိုဂျင်မီတို့ ၈၈ မျိုးဆက်က မနက်ဖြန်ကစပြီး ဌာနပေါင်းစုံက ဝန်ထမ်းတွေကို အလုပ်မဆင်းဘဲ သပိတ်မှောက်ဖို့ဆိုပြိး ပန်ကြားထားတယ်။ ဒါက တနိုင်ငံလုံးကို အထွေထွေသပိတ်မှောက်ဖို့ ပြောတာလား။
ကိုဂျင်မီ။ ။ ကျနော်တို့ အခု စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး အကြမ်မဖက်လှုပ်ရှားမှု ၂၀၂၀-၂၁ ပေါ့၊ အဲဒီအောက်မှာသွားနေတာက လှုပ်ရှားမှု ၃ မျိုးရှိပါတယ်။ ပထမလှုပ်ရှားမှုကတော့ ကျနော်တို့ ပြည်ထောင်စုလွှတ်တော်လှုပ်ရှားမှု၊ အဲဒီလွှတ်တော်ကနေ လွှတ်တော်လုပ်ငန်းတွေကနေ သွားရမဲ့ လှုပ်ရှားမှု၊ လွှတ်တော်လှုပ်ရှားမှုတခုရှိမယ်။ နောက်ဒုတိယကဘာလဲဆိုတော့၊ ဝန်ထမ်းတွေရဲ့ (CDM) လှုပ်ရှားမှု၊ ဒါက ဒုတိယလှုပ်ရှားမှု။ နောက်တတိယကတော့ ပြည်သူလူထုရဲ့လှုပ်ရှားမှုဆိုတော့ လှုပ်ရှားမှု ၃ မျိုးကို တွေ့ရမယ်။
လွှတ်တော်လှုပ်ရှားမှုဆိုရင် ပြည်ထောင်စုလွှတ်တော်ဘက်ကလည်း သူလွှတ်တော်လှုပ်ရှားမှုတွေ ဆက်လုပ်နေပြီး၊ နောက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကျမ်းသစ္စာကျိန်ပြီ စသဖြင့် ဒီအလုပ်တွေလုပ်နေတယ်။ တဘက်မှာလည်း ဒုတိယ (CDM) လှုပ်ရှားမှု၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု သပိတ်မှောက်လှုပ်ရှားမှုမှာလည်း ဖဲကြိုးနီလှုပ်ရှားမှုနဲ့ အလုပ်မဆင်းရေးလှုပ်ရှားမှုဆိုတဲ့ လှုပ်ရှားမှု ၂ မျိုးကိုတွေ့ရတယ်။ အဲဒီတော့ အထူးသဖြင့် (CDM) ကို ကျနော်တို့က တွန်းတွန်းတိုက်တိုက်လုပ်စေချင်တယ်။ အင်နဲ့အားနဲ့လုပ်စေချင်တယ်။
အထွေထွေသပိတ်ဆိုတာထက် တနိုင်ငံလုံးကဝန်ထမ်းတွေ သပိတ်မှောက်ကြဖို့ကို ဆော်သြထားတာပါ။ ဘာကြောင့်လဲဆိုတော့ ဝန်ထမ်းယန္တရားကြီး ရပ်ဆိုင်းသွားပြီဆိုရင်တော့ ဘာမှဆက်လုပ်လို့ မရတော့ဘူး။ တကယ်လို့ ဝန်ထမ်းယန္တရားကြီး ရပ်ဆိုင်းသွားမယ်ဆိုလို့ရှိလျှင်၊ အလုပ်ထုတ်ခံရတဲ့ဝန်ထမ်းတွေပဲဖြစ်ဖြစ်၊ အလုပ်ထွက်ရတဲ့ဝန်ထမ်းတွေပဲဖြစ်ဖြစ်၊ တခုခု စားဝတ်နေရေး အခက်အခဲရှိတယ်ဆိုလို့ရှိလျှင် ကျနော်တို့ ကူညီရေးအဖွဲ့တွေရှိထားပါတယ်။ ကူညီရေးအဖွဲ့တွေ လုပ်ထားတယ်။ နောက်ရပ်ကွက်အလိုက် ကျေးရွာအလိုက်တွေရှိတယ်။ ပြောချင်တာကဘာလဲဆိုရင် မနက်ဖြန်တနင်္လာနေ့က စပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ ဝန်ထမ်းသပိတ်ပေါ့။ အဲဒါကို လုံးဝအလုပ်ရပ်နားပြီးတော့မှ မှောက်တဲ့သပိတ်မျိုးကို ကျနော်တို့ပန်ကြားနေတာပါ။ အလုပ်တော့ဆင်းတယ်၊ ဖဲကြိုးနီတပ်တယ်ဆိုတာတော့ ကောင်းပါတယ်။ သို့သော်ငြားလည်း ဒါက ယဉ်ကျေးတဲ့အစိုးရအဖွဲ့တွေကမှ ဒါကိုနားလည်တာပါ။ Civilized ဖြစ်တဲ့အစိုးရအဖွဲ့တွေမှ နားလည်တာပါ။ Civilized မဖြစ်တဲ့ အစိုးရအဖွဲ့တွေက နားမလည်ဘူး။ အဲဒီလိုအစိုးရမျိုးကို ဆုံးမဖို့ဆိုလိုရှိလျှင် လုံးဝအလုပ်မဆင်းဘဲ ခပ်ပြတ်ပြတ်နေပစ်လိုက်တာဟာသည် ပိုပြီးတော့ ထိရောက်တယ်။
အဲဒီတော့ ကျနော်တို့မှာ အတွေ့အကြံတွေ အများကြီးရှိပါတယ်။ ၁၉၈၈ တုန်းကလည်း ဒီလိုပါပဲ။ ကျနော်တို့ဝန်ထမ်းတွေပါတဲ့ ယန္တရားကြီးရပ်သွားချိန်မှာ၊ မဆလအစိုးရပြုတ်ကျသွားတာပါပဲ။ အဲဒီတော့ အခုချိန်မှာ (CDM) လှုပ်ရှားမှုဟာ အရှိန်မြှင့်တင်တဲ့သဘောပါပဲ၊ မြင့်တင်တဲ့နေရာမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ငန်းခွင်တွေပါ ရပ်လိုက်ပြီ ဆိုလို့ရှိရင် သေချာပေါက် ကျနော်တို့ အနိုင်ရဖို့များသွားပါတယ်။ အဲဒါကြောင့် ဝန်ထမ်းတွေအားလုံးက ပူးပေါင်းပါဝင်ဖို့၊ စိတ်ချပါ ကျနော်တို့ အာမခံပါတယ်။ ဘာအတွက် အာမခံလဲဆိုလို့ရှိလျှင်၊ ကျနော်တို့ မေတ္တာနဲ့ အာမခံပါတယ်။ ပြည်သူတရပ်လုံးကလည်း ဒါကိုမျှော်လင့်နေကြတယ်။ ပြီးတော့ တကယ်လို့ ထုတ်ခံရလို့ပဲဖြစ်ဖြစ်၊ ထွက်လာခဲ့လို့ပဲဖြစ်ဖြစ်၊ ရပ်ကွက်ထဲမှာ လမ်းထဲမှာ တကယ်ဖြစ်နေတယ်ဆိုလို့ရှိလျှင် ရပ်ကွက်သူ/သားတွေ၊ လမ်းသူ၊ လမ်းသားတွေကို အကြောင်းကြားပါ။ အချိန်မရွေး ကျနော်တို့နဲ့ဆက်သွယ်လိုက်ပါ။ ဒါပေမဲ့လည်း ကျနော်တို့ကြည့်ရသလောက်တော့၊ ရပ်ကွက်တွေကလည်း ဘာလုပ်ပေးရမလဲဆိုတဲ့ ပြင်ဆင်မှုတွေရှိလာကြပါပြီ။ အခုကျနော်တို့ နာမည်ကြီးတဲ့ ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တွေကိုယ်တိုင်ကလည်း စုစည်းပြီးတော့ ပြင်ဆင်ထားတဲ့ဟာတွေလည်းရှိပါတယ်။
ကိုရန်နိုင်။ ။ ဒီကနေပြီးတော့ ဘယ်လောက်ထိ ဖြစ်လာမယ်လို့ မျှော်လင့်ထားလဲ။
ကိုဂျင်မီ။ ။ မျှော်လင့်ထားလဲဆိုတာထက် ကျနော်တို့က ဝန်ထမ်းတွေရဲ့ပူးပေါင်းပါဝင်မှုကို လိုလားတယ်လို့ပဲ အပြတ်ပြောပါရစေ။ ဒါက ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်အတွက် သိပ်ကို အရေးကြီးလို့ပါ။ အာဏာသိမ်းတဲ့အစိုးရ သက်ဆိုးရှည်ဖို့၊ အထူးသဖြင့် စစ်အာဏာရှင် သက်ဆိုးရှည်ဖို့ကို မပေးချင်တော့ဘူး။ ကျနော်တို့က ဘာအငြိုး အာဃာတတွေ တခုမှ မပါပါဘူး။ တိုင်းပြည်ကောင်းဖို့အတွက်ပါပဲ။ နောက်လာနောက်သားတွေ ကျနော်တို့လိုမျိုး စစ်တပ်က အာဏာသိမ်းလိုက်၊ ရုန်းလိုက် ကန်လိုက်၊ ပစ်လိုက်ခတ်လိုက်နဲ့ အဲဒီလိုဘဝမျိုးတွေနဲ့ သံသရာလည်နေရမယ်ဆိုရင် ကျနော်တို့ ဒီလူတွေဟာ တာဝန်မကျေသလို ခံစားရတယ်။ ခံစားရတယ်ဆိုတာ ဝန်ထမ်းတွေကလည်း ဒီလို သောကတွေနဲ့၊ ကြောက်စိတ်တွေနဲ့ပဲ ပြီးသွားရမယ်ဆိုတာမျိုး သူတို့ ဘယ်တော့မှ အဖြစ်မခံဘူးလို့ ကျနော်တို့က ယုံကြည်တယ်။ ဘာလို့လဲဆိုတော့ သူတို့ တော်တော် သတ္တိကောင်းကြတယ်။ တော်တော် သတ္တိရှိကြတယ်။ ထပ်ပြီး ပြောရမယ်ဆိုရင် ဒီသပိတ်တိုက်ပွဲကို စတင်လိုက်တာသည် ဝန်ထမ်းတွေပဲ။ ဝန်ထမ်းတွေပဲဖြစ်တဲ့အတွက် ကျနော် တော်တော်အားရတယ်။ ဝန်ထမ်းတွေ အကုန်လုံးပါလာမယ်လို့လည်း ကျနော်က တကယ်ယုံကြည်အားကိုး မျှော်လင့်တယ်ဆိုတာကိုတော့ ကျနော်ပြောပါရစေ။
ကိုရန်နိုင်။ ။ ဟုတ်ကဲ့။ အခုနက အကိုပြောသလိုပဲ ဒီသပိတ်တိုက်ပွဲကိုစတာတော့ ဝန်ထမ်းတွေပဲ။ ဒါပေမဲ့ ဒီဝန်ထမ်းတွေ အကုန်လုံးပါလာဖို့က စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး အကြမ်းမဖက်လှုပ်ရှားမှု ၂၀၂၁ အောင်မြင်ဖို့အတွက် ဝန်ထမ်းတွေအလုပ်မဆင်းဖို့က ဘယ်လောက်ထိ အရေးကြီးတယ်၊ အရေးပါတယ်ဆိုတာကို ပြောပြပေးပါအုံး။
ကိုဂျင်မီ။ ။ သူတို့မဆင်းတော့ဘူးဆိုရင် ယန္တရားက ရပ်သွားပြီလေဗျာ။ ဝန်ထမ်းကြားထဲမှာ လုပ်လို့ကိုင်လို့ဘာမှမရတော့ဘူးလေ။ မရတော့ဘူးဆိုရင် ဝန်ကြီးဌာနတွေ ဘာလို့ဖွဲ့ထားတော့မလဲ။ ဝန်ကြီးဌာနတွေ ဘာမှ အလုပ်မဖြစ်တော့ဘူး။ အနည်းဆုံး ကွန်ပြူတာစာရေးတွေကအစ၊ လက်နှိပ်စက်ရိုက်တဲ့သူတွေကအစ သူတို့ဖာသာဆင်းလုပ်နိုင်ရင် လုပ်ကြပေတော့ပေါ့ဗျာ။ နောက် စာရင်းကိုင်တွေကအစ၊ စာရင်းကိုင်တွေ၊ လက်နှိပ်စက်ရိုက်တဲ့လူတွေ၊ ကွန်ပြူတာရိုက်တဲ့လူတွေ ပါလာလို့ရှိရင် ကျနော် ပိုတောင်ကြိုက်သေးတယ်။ ဒီအချိန်မှာ ကြိုက်တဲ့သူအစားထိုးလေ။ နောက်ပြီးတော့ အစဉ်အဆက် ကျွမ်းကျင်နားလည်တဲ့ ရုံးစာရေးလို ပုဂ္ဂိုလ်မျိုးတွေပေါ့ဗျာ။ အဲဒီလို ရုံးစာရေးလို ပုဂ္ဂိုလ်မျိုးတွေသာ ပါလာခဲ့မယ်ဆိုရင်တော့ ကျနော်တော့ အများကြီးဝမ်းသာတာပေါ့။ အများကြီးကြိုဆိုတာပေါ့ဗျာ။ ဒါကလည်း အရေးကြီးလို့ ဒီအခြေအနေကို တောင်းဆိုနေတာပါ။ ကျနော်တို့တိုင်းပြည်အတွက်အများကြီးအလုပ်ဖြစ်သွားလိမ့်မယ်။ ဒီစစ်အာဏာသိမ်းအစိုးရဟာ ချာလပတ်ကို လည်သွားစေရမယ်။ ဝန်ထမ်းအားလုံးသာ မယုံရင် ရပ်ကြည့်။ ဒါက သမိုင်းအဆက်ဆက်မှာလည်း ရှိပြီးသား။ ကမ္ဘာ့သမိုင်းမှာလည်း ဒါတွေက ရှိပြီးသား။ ဝန်ထမ်းအင်အားက သိပ်ကိုအရေးကြီးပါတယ်။
ကိုရန်နိုင်။ ။ ဒီနေ့ဆိုရင် ရန်ကုန်ရော၊ တခြားမြို့တွေရောပေါ့နော်။ အဓိက ရန်ကုန်မှာဆိုရင်လည်း လုူတွေက အများကြီးပဲ ထွက်ပြီးတော့ ဆန္ဒပြကြတယ်။ ဒီအပေါ်မှာရော အကို့အနေနဲ့ ဘယ်လိုများ သတင်းစကားပါးချင်လဲ။ ကိုပေါ် (ကိုမင်းကိုနိုင်) ကိုတော့ ဟိုမှာ တွေ့လိုက်တယ်။ ဆန္ဒပြပွဲတွေထဲမှာ တွေ့တဲ့သူလည်းတွေ့တယ်။ ပါဝင်ပြီးတော့ သူ့ကို မတွေ့လိုက်တဲ့လူတွေကို အကိုတို့ ဘာများသတင်းစကားထပ်ပြီးတော့ ပါးချင်လဲ။
ကိုဂျင်မီ။ ။ ဒီလိုပါဗျာ။ ဒီစစ်တပ်က အချိန်မရွေးအာဏာသိမ်းနိုင်တယ်ဆိုတာကို ကျနော်တို့ခေါင်းထဲမှာ အမြဲတမ်းထည့်ထားတာဗျ။ ဘာကြောင့်လဲဆိုတော့ သူက- သူ့ရဲ့စိတ်ထဲမှာ ဘယ်လိုခံစားနေရလဲဆိုတော့ ကျနော်တို့ကိုသူက ၇၅ % တောင် ပေးထားရတယ်ဆိုတဲ့ ခံစားချက်မျိုး သူ့မှာရှိနေပုံရတယ်ဗျ။ ”ကျနော်တို့က ပြည်သူ့အာဏာ ၁၀၀% ပြည့် ရ ရမှာ။ ခင်ဗျားတို့က အစိတ်ယူထားတယ်။ အဲဒီအစိတ်ပြန်ပေးပါ။” လို့ ပြောနေတဲ့အချိန်မှာ သူတို့က ၇၅% ဆုံးရှုံးနေတယ်ဆိုတဲ့ အဲဒီအတွေးတွေ ရှိနေကြသေးတယ်ဗျ။ ရှိနေတဲ့အတွက် အချိန်မရွေး အာဏာသိမ်းဖို့အတွက် သူတို့ပြင်ဆင်တာပဲ။ ပြင်ဆင်တဲ့အတွက် ဒါကိုလည်း ကျနော်တို့ခေါင်းထဲမှာ အမြဲတမ်းတွက်ထားတယ်။ ဒီရွေးကောက်ပွဲ နိုင်သွားပြီးတဲ့အချိန်မှာ။ ဒါပေမဲ့ ကျနော်တို့ ကြိုပြောထားတာ ရှိပါတယ်။ တခြားအချိန်မှာ အာဏာသိမ်းရင်တောင်မှ လုပ်ရကိုင်ရတာ၊ ဒီဘက်က ဆော်သြရတာ နည်းနည်း ကြပ်အုံးမယ်။ အခု ရွေးကောက်ပွဲမှာ ပြည်သူလူထုတရပ်လုံးကြီးကို ဆန့်ကျင်ပြီး အာဏာသိမ်းတယ်ဆိုတဲ့လုပ်ရပ်ကတော့ သိမ်းရင် ပြည်သူတွေနဲ့ သေချာပေါက်တွေ့မယ်ဆိုတာ ကျနော်တို့က ကြိုပြောပြီးသား။ မှတ်တမ်းတွေ ကျနော်တို့မှာရှိတယ်။ အဲဒီတော့ အခုဖြစ်တဲ့လူထုလှုပ်ရှားမှုဟာ - လူထုလှုပ်ရှားမှုကို အကြမ်းမဖက်တဲ့လှုပ်ရှားမှုဖြစ်အောင်ပဲ ကျနော်တို့က ဝိုင်းပြီးထိန်းသိမ်းပေးတယ်၊ ဝိုင်းကူပေးတဲ့သဘောပဲ၊ ဝိုင်းပြီး ပူးပေါင်းဆောင်ရွက်ပေးတဲ့သဘောပဲ။
ကျနော်တို့ယုံကြည်တာလေး ရှိပါတယ်။ ခေါင်းတွဲကြီးပြုတ်သွားပေမဲ့လည်း ကျနော်တို့က တွဲတိုင်းမှာ ဆက်ပြီး စက်ခေါင်းတွေပါနေကြတဲ့အတွက် ပြောရမယ်ဆိုလို့ရှိရင်တော့ဗျာ- ကျနော်တို့ မြက်ပင်သီအိုရီလိုပေါ့ဗျာ။ “မြက်ပင်သီအိုရီမှာ ဘယ်ကနေစပေါက်လဲဆိုတာ မသိရဘူး။ အဆစ်တိုင်းမှာ အမြစ်ထွက်မယ်၊ အမြစ်တိုင်းကနေပြီးတော့ အပင်ဖြစ်နိုင်တယ်ဆို”တဲ့ အဲဒီသီအိုရီကို ကျနော်တို့က နှစ်ပေါင်း ၂၀ လောက်ကတည်းက ယုံကြည်ခဲ့ကြတဲ့သူတွေပါ။ အဲဒီလိုလူတွေဖြစ်တဲ့အတွက် အခု လူထုလှုပ်ရှားမှုက အကြမ်းမဖက်တဲ့လှုပ်ရှားမှုဖြစ်ရင်ပြီးရော၊ လှုပ်ရှားမှုပုံစံတွေက အမျိုးမျိုး လုပ်ကြလိမ့်မယ်။ သူတို့ဉာဏ်ကွန့်မြူးနိုင်ရင် ကွန့်မြူးနိုင်သလောက် လုပ်ကြလိမ့်မယ်။ တချို့လုပ်တဲ့ပုံလေးတွေ တော်တော်လှတယ်။ အိုင်ဒီယာလေးတွေဆိုရင် ကျနော်ကြည့်နေတာ- ကြွေးကျော်သံတွေကအစ ကျနော်တို့ စောင့်ကြ့ည့်နေတာ၊ နားထောင်နေတာပေါ့ဗျာ။ အဲဒီတော့ လူထုက သတ္တိကောင်းတဲ့အပြင် အတွေ့အကြုံပါ ရင့်ကျက်လာပြီးတော့ အကြမ်းမဖက်တဲ့လှုပ်ရှားမှုကိုလည်း တော်တော်လေး ကျေကျေလည်လည်သဘောပေါက်လာတာကို မြင်ရတယ်။ အဲဒါကတော့ ကျနော် သိပ်အားရတယ်ဗျာ။
ကိုရန်နိုင်။ ။ ဟုတ်ကဲ့ပါ။ ကိုဂျင်မီ။ ကျေးဇူးပါပဲ။
ရန်နိုင်/ VOA Burmese
https://burmese.voanews.com/a/jimmy-myanmar-military-coup/5768660.html
No comments:
Post a Comment