သရုပ်ဆောင်ဒေါင်း |
မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို အဆုံးရှုံးမခံနိုင်တဲ့အတွက် စစ်အာဏာသိမ်းမှုကို ပွင့်ပွင့်လင်းလင်း ဝေဖန်နေရတာဖြစ်တယ်လို့ နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် ဒေါင်းက ပြောကြားလိုက်ပါတယ်။ လူငယ်တွေသူတို့ အနာဂတ်ကို ဘယ်လောက် တန်ဖိုးထားတယ်ဆိုတာ လက်တွေ့မြင်နေရတာမို့ စစ်အာဏာသိမ်းမှု အဆုံးသတ်သွားတဲ့အထိ ဆက်ပြီး တတ်နိုင်တဲ့ဘက်က ကြိုးစားသွားမယ်လို့ ပြောပါတယ်။ CDM လှုပ်ရှားမှုမှာပါဝင်လို့ ဒုက္ခရောက်တဲ့ အစိုးရဝန်ထမ်းတွေကို အကူအညီပေးသွားမယ်လို့လည်း သူက ကတိပေးထားပါတယ်။ အနုပညာအလုပ်အတွက် ပြည်ပမှာ ခေတ္တရောက်နေတဲ့ သရုပ်ဆောင် ဒေါင်းကို မစုမြတ်မွန်က ဆက်သွယ်မေးထားပါတယ်။
မစုမြတ်မွန်။ ။ အခုပေါ့နော်.... မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ တော်တော်လေး ဝေဖန်ပြောနေကြတဲ့အထဲအမှာ ဒေါင်းကလည်း တော်တော်လေး တက်တက်ကြွကြွပြောနေတာ မြင်ရပါတယ်။ အရင်ဆုံး ဘာကြောင့် အဲဒီလိုမျိုးတွေ ဝေဖန်နေလဲ၊ လှုပ်ရှားမှုတွေလုပ်ဖို့ တိုက်တွန်းနေလဲဆိုတာ သိပါရစေရှင့်။
ဒေါင်း။ ။ အဓိကက ကျနော်တို့ မျိုးဆက်မှာပေါ့နော်... ကျနော်တို့ လူငယ်မျိုးဆက်တွေမှာ အာဏာရှင်လက်အောက်မှာ မနေချင်ပါဘူး၊ မရှိချင်ပါဘူး။ အဲဒါကို ကျနော်တယောက်ထဲရဲ့ စိတ်ခံစားချက်လို့တော့ ကျနော်မယုံကြည်ဘူး။ ကျနော်တို့ တနိုင်ငံလုံးက ပြည်သူတွေ၊ လူငယ်တွေရဲ့ စိတ်ခံစားချက်လို့ ကျနော်ယုံကြည်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်ကိုယ်တိုင်လည်း အဲဒီလို ခံစားရတယ်။ ဒီလိုအခြေအနေမှာ ဒီမိုကရေစီကို ကျနော်တို့ ဘယ်လိုမှ အပျက်အစီးမခံနိုင်ဘူး။ အဲဒီအတွက် ကျနော်တို့ ဒီဟာကို ကျနော်တို့ ဆန့်ကျင်ခြင်းဖြစ်ပါတယ်။
မစုမြတ်မွန်။ ။ ဒေါင်းက သူများတွေနဲ့ မတူတာက မြန်မာနိုင်ငံမှာ ထိပ်တန်းသရုပ်ဆောင်မင်းသားတယောက်ဖြစ်ပါတယ်ဆိုတော့ ကိုယ့်ရဲ့ ပရိသတ်ကလည်း သန်းနဲ့ ချီပြီး ရှိပါတယ်။ ဖေ့ဘွတ် တခုထဲမှာ ဆိုရင်တောင် follower ၂၀၀,၀၀၀ လောက် ရှိတဲ့ အင်မတန်ကျော်ကြားတဲ့ ပုဂ္ဂိုလ်မျိုးပါ။ ဆိုတော့ အဲဒီလိုမျိုးကျော်ကြားသူတယောက်အနေနဲ့ အခုလိုမျိုးပေါ့နော်... စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြောကြားမှုတွေ ဒီတိုက်တွန်းမှုတွေကို လုပ်နေတာကရော ဘယ်လောက်ထိ ထိရောက်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ လုပ်နေတာပါလဲရှင့်။
ဒေါင်း။ ။ ကျနော်တွက် ထိရောက်မယ်ဆိုတဲ့ ကျနော်မျှော်လင့်ထားတဲ့အပိုင်းက ကျနော်တို့ ပြည်သူတွေ ဒီအာဏာရှင်စနစ်ကို တော်လှန်ဖို့လိုပါတယ်။ လိုတဲ့နေရာမှာ ဘယ်လိုနည်းလမ်းတွေနဲ့ တော်လှန်ကြမလဲ ဘယ်လို ပုံစံတွေနဲ့ ကျနော်တို့ ဖြတ်သန်းကြမလဲ။ ပြီးတော့ ပြည်သူတွေနဲ့ ကျနော် ထပ်တူထပ်မျှ ဖြတ်သန်းချင်တဲ့စိတ်က ပိုများပါတယ် အဲဒီအချိန်မှာ။ ဘယ်လိုထပ်တူထပ်မျှလဲဆိုတော့ ကျနော်တို့ တော်လှန်နေတဲ့အချိန်မှာ ဒီအာဏာရှင်စနစ်ကို ကျရှုံးဖို့အတွက် ပြည်သူတွေအားလုံး သပိတ်မှောက်တဲ့အချိန်မှာ သူတို့တွေအတွက် တကယ်လိုအပ်မယ့်အကြောင်းအရာတွေပေါ့နော်... အဲဒါတွေကနေ ကျနော်ကိုယ်တိုင် ပြည်သူတွေနေရာကနေ ခံစားချက်နဲ့ ထပ်တူထပ်မျှကျနော်သူတို့တွေကို ပြန်ပြီး မျှဝေပါတယ်။ ပြန်မျှဝေတဲ့အခါမှာ သူတို့တွေအတွက် တကယ်အသုံးတည့်မယ့် အနေအထား၊ တကယ်အသုံးတည့်မယ့် အခြေအနေ ပြီးတော့ ကျနော် အဓိက ဦးစားပေးပြီးလုပ်တာကတော့ Civil Disobedience Movement ပေါ့နော်။ အဲဒါကို အဓိက ဦးစားပေးပြီးတော့မှ တောက်လျှောက်လုပ်ဖြစ်ပါတယ်။ လုပ်ဖြစ်တဲ့နေရာမှာ စပြီးလုပ်ကတည်းက ဝန်ထမ်းတွေအားလုံးကို ကျနော်တို့ ပြည်သူတွေနဲ့ အတူတူပါဝင်ဖို့ပြောတယ်။ အခုကျတော့ ဝန်ထမ်းတွေကို ကျနော်တို့ ကူညီဖို့အတွက် ကြိုးစားနေပါတယ်။ ဒါပေမဲ့ ကျနော်က တခြားနိုင်ငံမှာ ရှိနေတဲ့အတွက် ကျနော့်မှာ အကန့်အသတ်နဲ့ လုပ်နေရသလိုတော့ ဖြစ်နေပါတယ်။ ကိုယ်ကိုယ်တိုင်သာ ကိုယ့်နိုင်ငံမှာ ရှိနေတယ်ဆိုရင်တော့ အစုအဖွဲ့အလိုက်အားလုံး အုပ်စုလိုက်ပေါင်းပြီးတော့မှ၊ အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးတော့မှ လုပ်ဖြစ်မယ်လို့ ထင်ပါတယ်။ အခုကျတော့ ကျနော်ဘယ်လိုမှ ပူးပေါင်းလို့မရတဲ့အနေအထားမှာ ကျနော်နေနေရတာ ဖြစ်တဲ့အတွက်တော့ ကိုယ့်ကိုကိုယ် မကျေနပ်ပါဘူး။
မစုမြတ်မွန်။ ။ ဒေါင်းကို အားပေးတဲ့ ပရိသတ်မှာလည်း ဒေါင်းနဲ့ အမြင်တူတဲ့သူ ရှိနိုင်သလို၊ အမြင်မတူဘူး အမြင်ကွဲတဲ့သူတွေရှိနိုင်ပါတယ်ဆိုတော့ အဲဒီလိုမျိုးပရိသတ်တွေ ဆုံးရှုံးသွားမှာမျိုးကိုရော၊ မဆိုးရိမ်ဘူးလားရှင့်။
ဒေါင်း။ ။ မစိုးရိမ်ပါဘူး ခင်ဗျ။ သူတို့အမြင်မတူခြင်းဟာ သူတို့ကိုသူတို့ မှန်လား၊ မှားလား ကိုယ်တိုင်ဆုံးဖြတ်ရပါလိမ့်မယ်။ ကျနော်ကိုယ်တိုင်လည်း ကျနော်မြင်တဲ့ ကျနော့်ရပ်တည်ချက်ကို မှန်လားမှားလား။ ကျနော်ကိုယ်တိုင် ဆုံးဖြတ်ထားပြီးသားပါ။ အားလုံးဟာ ကိုယ့်ရဲ့ ရပ်တည်မှု၊ ကိုယ့်ရဲ့ ဖြတ်သန်းမှုတွက် ကိုယ်ကိုယ်တိုင်မှန်နေလား၊ မှားနေလား ဆုံးဖြတ်ဖို့လိုပါတယ်။ အဲဒီဆုံးဖြတ်ချက်ကသာလျှင် ကျနော်တို့ရဲ့ သမိုင်းပါ၊ ကျနော်တို့ရဲ့ အနာဂတ်ပါ။ ကျနော်တို့လူငယ်တွေက အနာဂတ်တွက် တန်ဖိုးထားမယ်၊ အိပ်မက်တွေကို တန်ဖိုးထားတယ်ဆိုတာ အခုအချိန်မှာ အဖြေပါပဲ။ ကျနော်တို့လူငယ်တွေ ဘယ်လောက်ထိ အိပ်မက်တွေ၊ အနာဂတ်တွေကို တန်ဖိုးထားတယ်၊ ကိုယ့်နိုင်ငံကို ဘယ်လောက်ထိ တန်ဖိုးထားလဲဆိုတာ ကျနော် ပြောစရာမလိုလောက်အောင်အဖြေတွေရှိပါတယ်။
မစုမြတ်မွန်။ ။ ဒေါင်းပြောထားတာတခုရှိပါတယ်။ ဒီစစ်အာဏာရှင်တွေနဲ့ ဘယ်တော့မှ အလုပ်အတူတူတွဲမလုပ်ဘူးဆိုတာမျိုးထိ ပြောထားတာမျိုးတွေ ရှိပါတယ်။ အခုလိုမျိုး လှုပ်ရှားမှုတွေ လုပ်တဲ့အတွက်ကြောင့်မို့ ကိုယ့်ရဲ့ အလုပ်တွေမှာ ထိခိုက်လာမယ့်အပေါ်မှာရော စိုးရိမ်မှုရှိလားမသိဘူးရှင့်။
ဒေါင်း။ ။ မရှိပါဘူးရှင့်။ ကျနော့်အလုပ်က ကျနော့်အလုပ်ပါပဲ။ ကျနော့်အလုပ်ပေါ်မှာ ဆုံးဖြတ်ထားတဲ့အပိုင်းက ဒီအာဏာရှင်မရှိခင်ကတည်းက ကျနော်လုပ်တဲ့ အလုပ်တွေပေါ်မှာ ကျနော့်ရဲ့ စည်းမျဉ်းစည်းကမ်းတွေက ရှိထားပြီးသားပါ။ အဲဒီတော့ ဘယ်သူတွေရဲ့ ဝင်ငွေတွေနဲ့ လုပ်တဲ့အလုပ်တွေဆိုရင် ကျနော်မလုပ်ဘူးဆိုတာ ကျနော်ဆုံးဖြတ်ထားပြီးသားပါ။ ကျနော့်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ ကျနော့်ရဲ့ အစောကြီးကတည်းကရှိတဲ့ ကျနော့်ရဲ့ ရပ်တည်ချက်ပါ။ အခုလို အာဏာသိမ်းတဲ့ ဖြစ်ရပ်တွေဖြစ်လာတော့ ကျနော့်ရဲ့ ရပ်တည်ချက်က ပိုပြီး ခိုင်မာလာတယ်လို့ပဲ ကျနော်ပြောရမှာပါ။ အဲဒီတော့ ကျနော့်အလုပ်ကို ထိခိုက်လားလို့ပြောရင်... ကျနော့်အလုပ်က သရုပ်ဆောင် အလုပ်ပါ။ အဲဒီတော့ ကျနော် သရုပ်ဆောင်တယောက်အနေနဲ့ ဒီအာဏာရှင်လက်အောက်ကနေ မလွတ်မြောက်မခြင်းတော့ ကျနော့်ရဲ့ သရုပ်ဆောင်အလုပ်ကို ကျနော် မြန်မာနိုင်ငံမှာ ဆက်လုပ်ဖို့က မဖြစ်နိုင်သေးပါဘူး။ အဲဒီတော့ ကျနော် အာဏာရှင်တွေကို ရှေ့ဆက်ပြီး တော်လှန်နေရဦးမှာပါပဲ။ အားလုံးလည်း တော်လှန်နေရဦးမှာပါပဲ။ ကျနော်တို့ ဘယ်လိုမှ ဒီဟာကို လက်ခံပြီးတော့ ဖြတ်သန်းဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အဲဒီတော့ ကျနော်တို့တွေ ရှေ့ဆက်ဖြတ်သန်းနေရတဲ့ ကာလမှာ ကျနော်တို့ အနုပညာတွေနဲ့ ပတ်သက်ပြီးတော့ဖြစ်ဖြစ် လွတ်လပ်စွာ လုပ်နိုင်ဖို့ဆိုတာ ကျနော်တို့နိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ရှိဖို့လိုပါတယ်။ စစ်မှန်တဲ့ ခေါင်းဆောင်ရှိဖို့လိုပါတယ်။ အဲဒီတော့ ကျနော်တို့တွေအားလုံးက ခုချိန်မှာ ဘယ်သူတွေ၊ ဘယ်ပါတီတွေ၊ ဘယ်အရောင်တွေကိုမှ တွေးပြီးတော့ ဒီဟာကို တော်လှန်နေခြင်းမဟုတ်ပါဘူး။ ကျနော်တို့ ပြည်သူတွေအတွက် လွတ်လပ်တဲ့လမ်းစဉ်တခုကို ကျနော်တို့ပြည်သူတွေ ကိုယ်တိုင်ရှာဖွေနေခြင်းဖြစ်ပါတယ်။ အဲဒီအတွက် အားလုံးအတူတူ ပူးပေါင်းပါဝင်စေချင်ပါတယ်။
နာမည်ကျော်သရုပ်ဆောင် ဒေါင်းကို မစုမြတ်မွန် ဆက်သွယ်မေးခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင်ဒေါင်းနဲ့ မေးမြန်းခန်း ရုပ်သံဗီဒီယိုကို စနေနေ့မှာ အပြည့်အစုံ ကြည့်ရမှာဖြစ်ပါတယ်။
မစုမြတ်မွန်/ VOA Burmese
https://burmese.voanews.com/a/myanmar-military-coup-daung/5772620.html
No comments:
Post a Comment