ရွေးကောက်ပွဲကော်မရှင်သစ်ပြောဆိုချက် လက်မခံဘူးလို့ NLD ပါတီတုံ့ပြန်


NLD ပါတီက မဲအပြတ်အသတ် အနိုင်ရခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲရလဒ်တရားဝင် ပျက်ပြယ်သွားပြီလို့ စစ်ကောင်စီကခန့်အပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကသစ် ဦးသိန်းစိုးက ဒီကနေ့နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပွဲမှာ ပြောခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့အပြီးမှာ အဲဒီလို ပြောဆိုချက်တွေကို လုံးဝလက်ခံအသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ NLD ဘက်က ထုတ်ပြန်ချက်ထုတ် တုံ့ပြန်ပြောဆိုပါတယ်။

နေပြည်တော်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ နိုင်ငံရေးပါတီ ၅၀ ကျော်နဲ့ ဒီကနေ့ တွေ့ဆုံရာမှာ ရွေးကောက်ပွဲရလဒ် ပျက်ပြယ်တယ်လို့ ပြောခဲ့တဲ့အကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

NLD ရဲ့ ထုတ်ပြန်ချက်ထဲမှာ ရွေးကောက်ပွဲ ကော်မရှင်သစ်ဟာ စစ်ကောင်စီက တရားမဝင်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သစ်ဖြစ်လို့ တရားမဝင် အဖွဲ့အစည်းဖြစ်ပြီး အဲဒီအဖွဲ့ရဲ့ ပြောဆိုချက်တွေဟာ တရားမဝင် ပြောဆိုချက်တွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဲဒါမတိုင်ခင်ကလည်း တပ်မတော်ကို အာဏာလွှဲပြောင်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက် ကစပြီးလွှတ်တော်တွေနဲ့ ဆက်စပ်ကော်မတီတွေရဲ့ ဥပဒေပြုရေး လုပ်ငန်းတွေရပ်ဆိုင်းလိုက်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်သစ်က ကြေညာထားပါတယ်။

ဖေဖော်ဝါရီ ၅ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ အဲဒီကြေညာချက်မှာရွေးကောက်ပွဲ မဲမသမာမှုတွေကို စတင်စုံစမ်းစစ်ဆေးနေပြီလို့လည်းဖော်ပြထားပါတယ်။

အဲဒါကြောင့် အဲဒီစုံစမ်းစစ်ဆေးနေတဲ့ကာလအတွင်း လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပေးထားတဲ့ အသိအမှတ်ပြုစာတွေက အကျိုးသက်ရောက်မှု ရှိမှာ မဟုတ်ဘူးလို့လည်း ကြေညာတယ်လို့ ဖော်ပြထားပါတယ်။


RFA Burmese

https://www.bbc.com/burmese/live/burma-56140135

ရွေးကောက်ပွဲကော်မရှင်သစ်ပြောဆိုချက် လက်မခံဘူးလို့ NLD ပါတီတုံ့ပြန် ရွေးကောက်ပွဲကော်မရှင်သစ်ပြောဆိုချက် လက်မခံဘူးလို့ NLD ပါတီတုံ့ပြန် Reviewed by THITHTOOLWIN on 21:15 Rating: 5

No comments:

Powered by Blogger.