NLD ထိပ်ပိုင်းခေါင်းဆောင်တွေကို ထပ်မံ ဖမ်းဆီး




နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်ကို မနေ့ညနေ ၄ နာရီခွဲမှာ နေအိမ်ကနေ သက်ဆိုင်ရာက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ တဆက်တည်း ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကှဋ္ဌ ဦးထွန်းထွန်းဟိန်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ဖွံ့ဖြိုးရေးဝန်ကြီး ဦးသန်းနိုင်တို့ကို ဖမ်းဆီးသွားပါတယ်။

နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို ည ၁၀ နာရီခွဲ လောက်မှာ စစ်တပ်က နောက်တကြိမ် ဖမ်းဆီးသွားတာပါ။ ဒီအပြင် NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ အရပ်သားတွေ၊ နိုင်ငံရေးအရ လှုပ်ရှားသူတွေ၊ ဆရာဆရာမတွေနဲ့ လူမှုကူညီရေးအသင်းဝင် ၁၁ ယောက်မနေ့က ဖမ်းဆီးခံရပါတယ်။

စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်က ၉ ရက်နေ့ထိ လူ ၂၂၀ ဖမ်းဆီးခံထားရပြီး မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရကြပါဘူး။ ဘယ်ခေါ်သွားမှန်း ဘယ်မှာထားမှန်း မိသားစုဝင်တွေကို သက်ဆိုင်ရာက အကြောင်းကြားအသိပေးတာလည်း မရှိပါဘူး။ ၂၂၀ ထဲက လူ ၂၀ ကို ပြန်လွှတ်ပေးတဲ့အတွက် ၂၀၀ ဖမ်းဆီးခံထားရတယ်လို့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ဒီမနက်ကူးစထိ ရထားတဲ့ စာရင်းကို ဖော်ပြပါတယ်။

ရှမ်းပြည်နယ်ပြည်သူ့ပါတီ အတွင်းရေးမှုုး ဦးဝင်းကို၊ ပြင်ဦးလွင်မြို့နယ် ပြည်သူ့ပါတီ အတွင်းရေးမှူး ကိုဒီပတို့ပါ သက်ဆိုင်ရာက မနေ့ ဖမ်းဆီးသွားတဲ့အကြောင်းနဲ့ ပဲခူးမြို့နယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေကို ဖေဖော်ဝါရီ ၉ ရက်က ဖမ်းဆီးသွားတဲ့ အကြောင်း NLD ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးကြည်တိုးက သူ့ facebook လူမှုကွန်ရက်ကနေ အသိပေးပါတယ်။

ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကှဋ္ဌ ဦးထွန်းထွန်းဟိန်ရဲ့ ဇနီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမား အငြိမ်းစားပါမောက္ခ ဒေါက်တာစိန်စိန်သိန်းကို ဆက်သွယ်လို့မရဘဲ သမီးဖြစ်သူ စာရေးဆရာ မေသင်္ကြန်ဟိန်ကို ဆက်သွယ်တဲ့အခါ သူဦးစီးတဲ့ မြစ်မခမီဒီယာ မန်နေဂျာက အတည်ပြုပေမဲ့ အသေးစိတ်မသိဘူးလို့ ပြောပါတယ်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို နေအိမ်အကျယ်ချုပ်နဲ့ထားရာက မနေ့ည ၈ နာရီကျော်မှာ စစ်တပ်က လာရောက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတယောက်က အတည်ပြုပြောကြားပါတယ်။

ဒေါက်တာအေးဇံကို ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းတဲ့နေ့က ဖမ်းဆီးခဲ့ပြီး နေအိမ် အကျယ်ချုပ်နဲ့ ထားရာက ဒုတိယအကြိမ်ဖမ်းဆီးတာပါ။ စစ်ကိုင်းတိုင်းကလေးမြို့နယ် NLD တွဲဖက်အတွင်းရေးမှူး ဦးကျော်ကျော်မိုးနဲ့ NLD အဖွဲ့ဝင် ဦးကျော်မြင့်၊ ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်က မဇ္ဈိမ လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးတင့်ဆွေ၊ မန္တလေး မြို့တော်စည်ပင်သာယာရေးနဲ့ ဖွံ့ဖြိုးရေးကော်မတီဝင် ဦးကျော်ဇေယျ၊ ရှမ်းပြည်နယ် တောင်ကြီးမြို့က နိုင်ငံရေးအကျဉ်းသားဟောင်း ဦးမြင့်ဌေးတို့ အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးထားတယ်လို့ AAPP ကပြောပါတယ်။ စစ်အာဏာသိမ်းပြီးတဲ့နောက် ဦးကျော်ဇေယျဟာ မန်းစည်ပင်အဖွဲ့ဝင်အဖြစ်က နုတ်ထွက်ထားသူဖြစ်ပြီး သူ့ကို ပြီးခဲ့တဲ့ တနင်္လာနေ့ ညဉ့်သန်းခေါင်မှာ စစ်သားတွေက ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်က NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်ကို ဒီလ ၉ ရက်ကဖမ်းဆီးသွားပြီး အဆက်အသွယ်မရဘူးလို့ မိသားစုဝင် တယောက်က ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းတဲ့နေ့ကတည်းက စစ်အရာရှိတွေ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားတဲ့ NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းနဲ့ ခုထိ အဆက်အသွယ်မရဘူးလို့လည်း ဆွေမျိုးတယောက်ကပြောပါတယ်။



RFA Burmese
NLD ထိပ်ပိုင်းခေါင်းဆောင်တွေကို ထပ်မံ ဖမ်းဆီး NLD ထိပ်ပိုင်းခေါင်းဆောင်တွေကို ထပ်မံ ဖမ်းဆီး Reviewed by THITHTOOLWIN on 07:01 Rating: 5

No comments:

Powered by Blogger.