NLD အပေါ် ဖိနှိပ်ချေမှုန်းမှုတွေ တိုးမြင့်လာနေ



အာဏာသိမ်း စစ်ကောင်စီရဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးချုပ်ကို ဖေဖော်ဝါရီ ၁၅ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်က ဝင်ရောက်စီးနင်းခဲ့ပါတယ်။ အဲဒီစီးနင်းမှုရဲ့ အဓိက ရည်ရွယ်ချက်ဟာ NLD ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဖြစ်ပြီး ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်တွေ ဖြစ်တဲ့ ဦးအောင်ကြည်ညွန့်နဲ့ ဒေါက်တာမေဝင်းမြင့်ကို ရှာဖွေနေတာလို့ သိရပါတယ်။

စစ်တပ်နဲ့ရဲက ရှာဖွေနေတဲ့ ဒေါက်တာမေဝင်းမြင့်နဲ့ ဦးအောင်ကြည်ညွန့်တို့ဟာ NLD ပါတီကိုယ်စား သတင်းမီဒီယာတွေမေးသမျှကို ဖြေကြားပေးနေသူတွေ ဖြစ်ပါတယ်။ ဘာ့ကြောင့် သူတို့နှစ်ဦးကို ရှာဖွေနေတယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

အဲသလို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက NLD ပါတီ ရုံးချုပ်ကို ဝင်ရောက်စီးနင်းချိန်မှာ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ရုံးတာဝန်ရှိသူ ၁၆ ဦးဟာ ရုံးအတွင်း ပိတ်မိနေခဲ့ပါတယ်။ NLD ရုံးချုပ်ရဲ့ အပြင်မှာတော့ ပါတီကိုဝန်းရံတဲ့ ပြည်သူထောင်ပေါင်းများစွာတွေက အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။

NLD ရုံးချုပ်ရှေ့မှာတော့ ရဲအချုပ်ကား ၁ စီး၊ ရဲကား ၄ စီး ၊ စစ်ကား ၃ စီး ရှိနေပြီး ရဲနဲ့ စစ်တပ်အင်အား တစ်ရာဝန်းကျင်က လမ်းနှစ်ဘက်စလုံးကို ပိတ်ဆို့ထားပါတယ်။

NLD ရုံးချုပ် အထပ် ၅ ထပ်စလုံးကို စိတ်ကြိုက်ဝင်ရောက်ရှာဖွေပြီး မတွေ့တဲ့အတွက် လူစုခွဲပြီး ပြန်ထွက်မယ်လို့ ဗဟန်းမြို့နယ် ရဲစခန်းမှူးက ပြောတဲ့အတွက် NLD ပါတီ တာဝန်ရှိသူတွေက ပြည်သူလူထုနဲ့ ရဲတပ်ဖွဲ့ဝင်တွေအကြား ပဋိပက္ခမရှိအောင် ထိန်းကျောင်းပေးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်ညကလည်း အခုလိုပဲ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် အရပ်ဝတ်ထားသူတွေက NLD ပါတီ ရုံးချုပ်ကို ဝင်ရောက် ရှာဖွေတာ ရုံးအတွင်းက ပစ္စည်းတွေကိုဖျက်ဆီး ယူဆောင်သွားတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး NLD ရုံးချုပ် တာဝန်ရှိသူတွေက ရဲစခန်းမှာ အမှုဖွင့်ထားပေမယ်။ ဒီအမှုနဲ့ပတ်သက်ပြီး အရေးယူတာရှိမရှိကိုတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

စစ်တပ်က အာဏာသိမ်းပြီးကတည်းက NLD ပါတီခေါင်းဆောင်တွေရဲ့ နေအိမ်တွေနဲ့ NLD ပါတီရုံးတွေကို ဝင်ရောက်စီးနင်းတာတွေ လုပ်နေတာပါ။ ဘာကြောင့် စီးနင်းနေတယ်ဆိုတာကိုတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဖေဖော်ဝါရီ ၉ ရက် ညနေကဆိုရင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်ကို နေအိမ်ကနေ လာရောက် ခေါ်ဆောင်သွားသလို NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်နဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ အပါအဝင် NLD ပါတီ ခေါင်းဆောင်တွေကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

အာဏာသိမ်းတဲ့နေ့ကတည်းက ထိန်းသိမ်းခြင်းခံရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို တရားရုံးထုတ်ရမယ့် နှစ်ပတ်ပြည့်တဲ့နေ့မှာ တရားရုံးမထုတ်ဘဲ ၁၇ ရက်နေ့မှ ရုံးထုတ်မှာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံနဲ့ သမ္မတတို့ရဲ့ အကျိုးတော်ဆောင်အဖြစ်လိုက်ပါမယ့် ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်.

အခုထိလည်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့နဲ့ အဆက်အသွယ် မရရှိသေးဘူးလို့လည်း ရှေ့နေဦးခင်မောင်ဇော်က ပြောပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်ဟာ NLD ပါတီနဲ့ ပတ်သက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံ၊ သမ္မတ၊တိုင်း/ ပြည်နယ် ဝန်ကြီးချုပ်တွေ၊ ပြည်သူကိုယ်စားလှယ်တွေ ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ အဲသလိုပဲ အာဏာသိမ်းစစ်ကောင်စီကို ကန့်ကွက်ဆန္ဒပြနေတဲ့ ဆရာဝန်တွေ ကျောင်းဆရာဆရာမတွေ၊ ကျောင်းသူကျောင်းသားတွေနဲ့ ပညာရေးဝန်ထမ်းတွေကို ဖမ်းဆီးခဲ့ပါတယ်။ အခုထိ စစ်တပ်က ဖမ်းဆီးထားသူစာရင်းအတိအကျကို ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ အထိ စုစုပေါင်း ဖမ်းဆီး၊ ထိန်းသိမ်းခြင်း ခံထားရသူ ၄၀၀ ဦး ထိရှိပြီး ဒီအထဲက ၃ ဦးကို ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း၊ ၂၅ ဦး ပြန်လည် လွတ်မြောက်လာကြောင်းနဲ့ လက်ရှိအချိန်ထိ ထောင်ဒဏ်ချမှတ်ခံထားရသူ ၃ ဦးအပါအဝင် ၃၇၅ ဦးမှာ ဆက်လက် ထိန်းသိမ်းခံနေရတယ်လို့ သိရပါတယ်။




RFA Burmese
NLD အပေါ် ဖိနှိပ်ချေမှုန်းမှုတွေ တိုးမြင့်လာနေ NLD အပေါ် ဖိနှိပ်ချေမှုန်းမှုတွေ တိုးမြင့်လာနေ Reviewed by THITHTOOLWIN on 10:00 Rating: 5

No comments:

Powered by Blogger.