မြန်မာစစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး Milk Tea လှုပ်ရှားမှုအတွက် တက်ကြွသူတွေလှုံ့ဆော်

ဩစတြေးလျ၊ ထိုင်ဝမ်၊ ထိုင်း၊ ဟောင်ကောင် Milk Tea လှုပ်ရှားမှု


ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၈ ရက် တနင်္ဂနွေနေ့မှာ Milk Tea Alliance လို့နံမယ်ပေးထားတဲ့အဖွဲ့က ပြည်လုံးကျွတ်သပိတ် ဆင်နွှဲဖို့ လုပ်ဆောင်နေပါတယ်။

လက်ဖက်ရည်သောက်သုံးတဲ့ နိုင်ငံတွေ ဖြစ်တဲ့ မြန်မာမှာသာမက အိမ်နီးချင်း ထိုင်းနဲ့အတူ အင္ဒိုနီးရွား၊ ဟောင်ကောင်၊ တိုင်ဝမ်၊ အိန္ဒိယနိုင်ငံတွေမှာပါ ဆန္ဒပြပွဲကြီးတွေ ဆင်နွှဲကြဖို့ #MilkTeaAlliance ဆိုတဲ့ hashtag နဲ့ နှိုးဆော် ထားတာပါ။

ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးအတွက် လှုပ်ရှားတဲ့ နိုင်ငံစုံပါဝင်တဲ့ ဒီ Milk Tea Alliance အွန်လိုင်းလှုပ်ရှားမှု ကို ဟောင်ကောင်၊ တိုင်ဝမ်၊ ထိုင်းနဲ့ မြန်မာနိုင်ငံတွေက စတင်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးတဲ့ နောက် အာဏာသိမ်းစစ်တပ်ရဲ့ အမိန့်အာဏာတွေကို အကြမ်းမဖက်ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှု လုပ်ဆောင်လာကြသလို ဖေဖေါ်ဝါရီ ၆ ရက်မှာတော့ လမ်းမပေါ်ထွက် ဆန္ဒပြမှုတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့မှာတော့ ၂ ငါးလုံး အထွေထွေ သပိတ်ကို ဆင်နွှဲခဲ့ကြတာ ဖြစ်ပြီး အခု ဖေဖေါ်ဝါရီ ၂၈ ရက်မှာတော့ မြန်မာနိုင်ငံမှာသာ မက အိမ်နီးချင်းနိုင်ငံတွေကပါ ပါဝင်ဖို့ နှိုးဆော်လာကြတာ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းတာကို လက်မခံကြောင်း သေနတ်နဲ့ ဖိနှိပ်နေတာကို လက်မခံကြောင်း ပြသတဲ့ အနေနဲ့ သနပ်ခါး တိုက်ပွဲလို့ခေါ်တဲ့ သေနတ်ကို ခါးခါးသီးသီး မုန်းကြောင်း ပြသပြီး သနပ်ခါးလိမ်း ဆန္ဒပြမှုမျိုးလို မြန်မာပြည်သူတွေ လက်နက်မပါတဲ့ နည်းမျိုးစုံနဲ့ ဆန့်ကျင်နေရာက အခု လက်ဖက်ရည် သောက်သုံးတဲ့မဟာမိတ် နိုင်ငံတွေ ကြားမှာပါ မြန်မာ့အရေးကို အားပေးကြောင်း ပြသတဲ့ လှုပ်ရှားမှု ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

#MilkTeaAlliance Myanmar ကတော့ အာရှရဲ့ နွေဦးတော်လှန်ရေးအဖြစ် တနင်္လာနေ့မှာ ပြုလုပ်ဖို့ လူမှုမီဒီယာတွေမှာ နှိုးဆော်နေတာတွေ့ရပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြုလုပ်မယ့် ဒီလူထုဆန္ဒ ဖေါ်ထုတ်မဲ့ပွဲကို အကာအရံတွေ ထားပြီး လုပ်ဆောင်မှာ ဖြစ်ကြောင်းနဲ့ ဒီဆန္ဒပြပွဲမှာ Milk tea လဖက်ရည် တိုက်ဖို့ပါ စီစဉ်ထားတယ်လို့ ရေးသားထားကြပါတယ်။ 


VOA (မြန်မာပိုင်း)

https://burmese.voanews.com/a/milk-tea-myanmar/5795715.html

မြန်မာစစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး Milk Tea လှုပ်ရှားမှုအတွက် တက်ကြွသူတွေလှုံ့ဆော် မြန်မာစစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး Milk Tea လှုပ်ရှားမှုအတွက် တက်ကြွသူတွေလှုံ့ဆော် Reviewed by THITHTOOLWIN on 08:19 Rating: 5

No comments:

Powered by Blogger.