စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေကို အာဏာပိုင်တွေ အင်အားသုံး နှိမ်နင်းလာမယ်ဆိုရင် လူထုဘက်က ကာကွယ်ပေးမှာဖြစ်ကြောင်း ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ KIO ကပြောလိုက်ပါတယ်။ အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ နိုင်ငံရေး ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းဖို့လည်း တိုက်တွန်းထားပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီးလိုက်ပြီး တပ်မတော်က အာဏာသိမ်းလိုက်တဲ့နောက် လူထုအုံကြွမှုတွေ ပေါ်ပေါက်နေတဲ့အပေါ် ပထမဆုံးအကြိမ်အဖြစ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO က သဘောထား ထုတ်ပြန်ရာမှာ လူထုကို အကာအကွယ်ပေးမယ့်အကြောင်း ပြောဆိုလိုက်တာပါ။
KIO ရဲ့ သဘောထားကိုလည်း တပ်မတော်ထံ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ကတဆင့် ပေးပို့ခဲ့ပါတယ်။ တပ်မတော်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ ကြားဝင်ဆောင်ရွက်ပေးနေတဲ့ PCG အဖွဲ့ကို KIO က ခေါ်ယူတွေ့ဆုံပြီး သတင်းစကားပါးခဲ့တာ ဖြစ်ကြောင်းလည်း PCG အဖွဲ့ဝင် ဦးလမိုင်ဂွန်ဂျာက ဗွီအိုအေ ကို ပြောပါတယ်။
“KIO ဘက်က သဘောထားကတော့ ပြည်သူလူထုတွေက သူတို့ရဲ့ Rights ပဲ ပေါ့လေ။ သူတို့ရဲ့ သဘောထား၊ သူတို့ရဲ့ဆန္ဒထုတ်ဖော်တဲ့အပေါ်မှာ သူတို့က ဘာမှ ပြောစရာမရှိဘူးပေါ့။ အပြောင်းအလဲအချိန်မှာ ပြည်သူလူထုက ပါဝင်လာတာ ဖြစ်တဲ့အတွက်ကြောင့် ပြည်သူလူထုနဲ့၊ တပ်မတော်နဲ့၊ ရဲတွေနဲ့ ထိပ်တိုက် အဓိကရုဏ်းဖြစ်ပြီးတော့မှ ထိခိုက်ဒဏ်ရာ သေကြေပျက်ဆီးတာမျိုး မဖြစ်ရလေအောင် ပြည်သူလူထုကို ဝိုင်းဝန်းထိန်းဖို့ အတွက်၊ အစိုးရဘက်ကရော၊ စစ်တပ်ဘက်ကရော ဒီလိုမျိုး ပဋိပက္ခဖြစ်မှာကို ရှောင်ရှားပြီးတော့မှ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြစ်ဖို့ အရေးကြီးပါတယ်။ မနေ့ကပေါ့လေ... ၁၄၄ လည်း ဒီဘက်မှာ ပြန်ထုတ်လိုက်တဲ့အခါကျတော့ မမျှော်လင့်ဘဲ ပြဿနာအမျိုးမျိုးဖြစ်သွားမှာကြောင့်မို့ သူတို့ဘက်လည်း တော်တော်လေး စိုးရိမ်တယ်ဆိုတဲ့အကြောင်းကို သူတို့ မှာလိုက်တာဖြစ်ပါတယ်။”
ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ပစ်ခတ်တာ အပါအဝင် အင်အားသုံး နှိမ်နင်းတဲ့ သတင်းတချို့ ထွက်ပေါ်လာပြီးနောက်မှာပဲ KIO ရဲ့ သဘောထား ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ PCG အဖွဲ့က ဦးလမိုင်ဂွန်ဂျာကတော့ လူထုကို အကြမ်းဖက်နှိမ်နင်းမယ်ဆိုရင် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာပါ ထိခိုက်လာနိုင်တဲ့အထိ ဖြစ်လာနိုင်တယ်လို့ KIO က သတိပေးထားတယ်လို့လည်း ပြောပါတယ်။
“နောက်တစ်ခုက အစိုးရတပ်မတော်ကို မှာလိုက်တာလည်းပဲ သွေးထွက်သံယိုဖြစ်လာလို့ ရှိရင်တော့ သူတို့အနေနဲ့လည်း ပြောရဆိုရတာမျိုးတွေ ဖြစ်လာမှာပေါ့လေ။ ပြောရဆိုရတာမျိုးတွေဆိုတဲ့နေရာမှာ တဘက်နဲ့ တဘက် မကောင်းဘူးပေါ့ဗျာ။ ဒါကြောင့် မဖြစ်အောင် ထိန်းသိမ်းဖို့ ဆိုတဲ့ ပုံစံမျိုးနဲ့ မှာလိုက်တာဖြစ်ပါတယ်။”
နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပြီး အစိုးရသစ်နဲ့ လွှတ်တော်တွေ စတင်ဖွဲ့စည်းဖို့ ရှိနေချိန်မှာပဲ စစ်တပ်က ရွေးကောက်ပွဲလုပ်ငန်းစဉ်က အားနည်းချက်တွေကို အကြောင်းပြပြီး အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ပေါ်ပေါက်နေတဲ့ နိုင်ငံရေးပြဿနာတွေကို စောင့်ကြည့်နေကြောင်းလည်း KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ် နိုင်ငံအနှံ့ လူထုအုံကြွမှုတွေ ပေါ်ပေါက်နေတာကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကိုပါ ရိုက်ခတ်လာမှာ စိုးရိမ်ကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
“ဆန္ဒပြနေတဲ့ မငြိမ်မသက်ဖြစ်မှုကတော့ မထိန်းချုပ်နိုင်ရင် ကျနော်တို့ ငြိမ်းချမ်းရေးကိုလည်း ထိခိုက်နိုင်တာပေါ့။ နောက်ပြီးတော့ ပြည်သူလူထုအတွက်လည်း အခက်အခဲပိုပြီးတော့ ကြုံနိုင်တဲ့ အကြောင်းကိုတော့ ကျနော်တို့က စိုးရိမ်တာပါ။ ဒုတိယအချက်အနေနဲ့ကတော့ ကျနော်တို့ရဲ့ ဒေသမှာ ပြည်သူလူထုကို အကြမ်းဖက်တာတွေ ထိခိုက်နစ်နာမှု ရှိစေလို့ရှိရင်တော့ ကျနော်တို့ KIO အနေနဲ့လည်း ပြည်သူလူထုကိုတော့ ကာကွယ်ဖို့ တာဝန်ယူရမှာဖြစ်ပါတယ်။ အဲဒီအခြေအနေရောက်လို့ရှိရင်တော့ အခြေအနေက ပိုပြီးတော့ ဆိုးသွားနိုင်တာကို ကျနော်တို့လည်း စိုးရိမ်တာပေါ့။ ဒီငြိမ်းချမ်းတဲ့နည်းနဲ့ အဆင်ပြေအောင်ဖြေရှင်းဖို့ကတော့ အားလုံးအတွက် ပိုပြီးမှ အကျိုးရှိလာမယ်လို့ ကျနော်တို့ကတော့ အဲဒီလိုပဲ ယူဆပါတယ်။ အဲဒီလိုပဲ ပြောလိုပါတယ်။”
တပ်မတော်က အာဏာသိမ်းပြီးနောက် ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာတော့ ငြိမ်းချမ်းရေးနဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး NCA သဘောတူညီချက်တွေအတိုင်း တတ်နိုင်သမျှ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဖော်ပြထားပြီး၊ အဖွဲ့ဝင် ၄ ဦးပါ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီကိုလည်း အဖွဲ့ဝင် ၇ ဦးနဲ့ တိုးချဲ့ဖွဲ့စည်းလိုက်ကြောင်း ပြောဆိုထားပါတယ်။
KIO အဖွဲ့ဟာ ၁၉၉၄ ခုနှစ်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေါ် နဝတ အစိုးရနဲ့ အပစ်အခတ် ရပ်စဲခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန်အစိုးရတာဝန်ယူချိန်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပြီး အခုအခါမှာ မြောက်ပိုင်းမဟာမိတ်ခေါ် TNLA တအန်း(ပလောင်)၊ MNDAA ကိုးကန့်၊ AA ရခိုင်စတဲ့အဖွဲ့တွေနဲ့အတူ Bilateral ခေါ် နှစ်ဘက်အပစ်ရပ်စာချုပ် ချုပ်ဆိုရေးအတွက် ဆွေးနွေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။
မိုးဇော်/ VOA Burmese
https://burmese.voanews.com/a/kio-protest-military-coup/5772571.html
No comments:
Post a Comment