မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် တိုင်းရင်းသားဒေသတွေက စစ်ရှောင်ဒုက္ခသည်တွေအရေး ဆောင်ရွက်နေတဲ့ အစီအစဉ်တွေကို ထိခိုက်မှာ စိုးရိမ်မှုတွေလည်း ထွက်ပေါ်လာပါတယ်။ အုပ်ချုပ်မှု အပြောင်းအလဲတွေကြောင့် နေရပ်ပြန်ရေး အစီအစဉ်တွေမှာပါ ရိုက်ခတ်လာမှာကို အကူအညီပေးနေသူတွေ စိုးရိမ်နေကြတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က တင်ပြပေးပါမယ်။
လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာခဲ့ကြရတဲ့ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး အစီအစဉ်တွေ ဒီနှစ်ထဲစနိုင်ဖို့ စီစဉ်ထားပေမဲ့ တပ်မတော်က အာဏာသိမ်းလိုက်တာကြောင့် မရေမရာ အခြေအနေတွေ ကြုံနေရတာပါ။ ၂၀၁၁ ခုနှစ်က တိုက်ပွဲတွေ စဖြစ်ရာက ထွက်ပြေးတိမ်းရှောင်လာပြီး စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေသူ ၉၆,၀၀၀ လောက်ရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားတဲ့ ကချင်ပြည်နယ်မှာဆိုရင်လည်း ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့လည်း တပ်မတော်က အာဏာသိမ်းလိုက်ပြီးနောက် အစီအစဉ်တွေမှာ ဘာတွေဆက်ဖြစ်လာမယ်ဆိုတာ မရေမရာဖြစ်နေတယ်လို့လည်း အကူအညီပေးရေး လုပ်ငန်းတွေလုပ်နေတဲ့ ကချင်နှစ်ချင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် ဒေါက်တာခါလမ်ဆမ်ဆွမ်က ဗွီအိုအေကို ပြောပါတယ်။
“လုပ်လက်စ လုပ်ငန်းတွေကလည်း ရုံးပိုင်းဆိုင်ရာ လုပ်ငန်းတွေက အရင်အစိုးရနဲ့ ကျနော်လုပ်တာ များတာပေါ့။ ကျန်းမာရေး၊ ပညာရေး၊ မှတ်ပုံတင် ဒီအိမ်ထောင်စုကိစ္စတွေက အစပေါ့နော် နိုင်ငံတကာနဲ့ ဆောင်ရွက်တဲ့ကိစ္စအပါအဝင် အားလုံးပေါ့... အစိုးရတွေနဲ့ လုပ်ဆောင်ခဲ့တဲ့ အပိုင်းက ပိုများတယ်။ အစိုးရသစ် ဖြစ်လာပြီဆိုရင် လုပ်ငန်းတွေက အသစ်ပြန်ဖြစ်မလားပေါ့ ကျနော်တို့ရဲ့ စိုးရိမ်မှုပေါ့။”
တပ်မတော်ကတော့ စစ်ရှောင်ဒုက္ခသည်တွေ နေရပ်ပြန်ရေးအစီအစဉ်အတွက် မြေမြှုပ်မှိုင်းရှာဖွေရေး လုပ်ငန်းတွေကို ဆက်လုပ်မယ့်အကြောင်း အသိပေးထားတယ်လို့လည်း ဒေါက်တာခါလမ်ဆမ်ဆွမ်က ပြောပါတယ်။ ကိုဗစ်ကပ်ရောဂါနဲ့ ကြုံနေရချိန် တပ်မတော်က အရေးပေါ်အခြေအနေ ကြေညာပြီး နိုင်ငံတော် အုပ်ချုပ်ရေး ကောင်စီကို ဖွဲ့စည်းလိုက်လို့ ထိတ်လန့်တုန်လှုပ်စရာ အခြေအနေနဲ့အတူ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်တွေကို ထိခိုက်မှာ စိုးရိမ်ကြောင်းလည်း KBC က ဗုဒ္ဓဟူးနေ့မှာပဲ သတင်းထုတ်ပြန်ထားပါတယ်။
“မြန်မာပြည်ရဲ့ အစိုးရတလျှောက်ပေါ့ဗျာ... နှစ်ပေါင်း ၆၀ လောက်သက်တမ်းမှာ လူထုတွေက အမြဲတမ်း အဖိခံ အနှိပ်ခံ အခွင့်အရေး ဆုံရှုံးမှုတွေနဲ့ ရင်ဆိုင်နေရတာပေါ့။ အခုထက်ထိ။ ခေါင်းဆောင်ပိုင်းတွေရဲ့ အာဏာလုပွဲနဲ့ ပဋိပက္ခကြောင့် ပြည်သူတွေ ဒုက္ခရောက်တာ အခုထက်ထိ အဖြေရှာမရ နှစ်ပေါင်းများပြီဆိုတော့ ကျနော်တို့အနေနဲ့ ပြည်သူတွေရဲ့ အခွင့်အရေးကို ဦးထိပ်ထားတဲ့ အစိုးရရယ်၊ တိုင်းရင်းသားအရေးကို ဦးစားပေးတဲ့ အစိုးရရယ် ဖြစ်ဖို့တော့ လိုလားတယ်ဆိုတဲ့အကြောင်း ထုတ်ပြန်ရခြင်း ဖြစ်ပါတယ်။”
မကြာသေးခင်ကအထိ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA တိုက်ပွဲတွေကြောင့် တိမ်းရှောင်လာသူ ၁၈၀,၀၀၀ ကျော် ရှိမယ်လို့ ခန့်မှန်းထားတဲ့ ဒေသခံ အကူအညီပေးရေးအဖွဲ့တခုဖြစ်တဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများ အစည်းအရုံး REC ကလည်း ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့ မရေမရာ ဖြစ်နေတဲ့အပေါ် စိုးရိမ်နေပါတယ်။ တိုက်ပွဲတွေ ငြိမ်သက်နေတာ လအနည်းငယ် ရှိလာနေပေမဲ့ ဒုက္ခသည်တွေ ပြန်နိုင်ဖို့ကတော့ စိတ်ချရတဲ့အခြေအနေ မရှိသေးဘူးလို့လည်း REC ရဲ့ တာဝန်ရှိသူ ဦးဇော်ဇော်ထွန်းက ပြောပါတယ်။
“ကချင်မှာ KIO ဧရိယာ တပ်တော်ထိန်းချုပ်တဲ့ ဧရိယာက ရှိနေပြီးသားဆိုတော့ မိုင်းရှင်းလင်းရေးကိစ္စတွေက ကျနော်တို့ထက်စာရင် အဆင်ပြေနိုင်တဲ့ အခြေအနေ ရှိတာပေါ့။ ဒီမှာကျတော့ နှစ်ဘက်နယ်မြေပိုင်းခြားသတ်မှတ်မှု ဆွေးနွေးမှုတွေ သဘောတူညီချက် မရသေးဘူး ဆိုရင်တော့ မိုင်းရှင်းလင်းရေး ကိစ္စတွေကို မလုပ်နိုင်သေးဘူး ဆိုရင်လည်း နေရပ်ပြန်ရေးက ကိစ္စက ထူးခြားမယ့်အခြေအနေ မရှိပါဘူး။ ဒါပေမဲ့လည်း တိုက်ပွဲတွေ သိပ်ပြီတော့မှ မရှိခဲ့တဲ့နေရာတွေ ဆိုရင် အနည်းငယ် ပြန်ကောင်း ပြန်နိုင်တာပေါ့။ ဒါကတော့ တည်ငြိမ်အေးချမ်းနိုင်မှုအပေါ်မှာ မူတည်ပါတယ်ခင်ဗျ။”
ဖေဖော်ဝါရီ ၁ ရက်မှာ တပ်မတော်က အာဏာသိမ်းပြီး နောက်တနေ့မှာပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၉ အတိုင်းဆိုပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီကို ပုဂ္ဂိုလ် ၁၁ ယောက်နဲ့ ဖွဲ့စည်းပြီး ပြည်နယ်နဲ တိုင်းအသီးသီးအတွက် တာဝန်တွေခွဲပေးလိုက်ပါတယ်။ ဒီလိုခန့်ထားလိုက်တဲ့ ကောင်စီဥက္ကဋ္ဌတွေဟာ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို ဘယ်လို လက်တွဲဆောင်ရွက်မလဲဆိုတာတော့ စောင့်ကြည့်ရလိမ့်မယ်လို့ နိုင်ငံရေးလေ့လာသူ တချို့က သုံးသပ်ပါတယ်။
ဇော်ထက်/ VOA Burmese
https://burmese.voanews.com/a/idp-military-myanmar-coup/5763664.html
No comments:
Post a Comment