စစ်ကောင်စီနဲ့ရော CRPH နဲ့ပါဆွေးနွေးနေတယ်လို့ အင်ဒိုနီးရှားပြော


အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေ ပြေလည်စေဖို့ အင်ဒိုနီးရှားဟာ မြန်မာစစ်အစိုးရနဲ့ရော ရွေးကောက်ခံ လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မီတီ CRPH နဲ့ပါလေးနက်တဲ့ဆွေးနွေးမှုတွေပြုလုပ်နေပါတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တနိုမာဆုဒီက ပြောပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဒွန်ပရာမုဝီနိုင်း တို့ နဲ့ ဒီကနေ့တွေ့ဆုံဆွေးနွေးခဲ့အပြီး အင်ဒိုနီးရှားနိုင်ငံကို ပြန်ရောက်လာချိန်မှာ နိုင်ငံခြားရေးဝန်ကြီး ရက်တနိုမာဆုဒီက မီဒီယာသမားတွေကို ပြန်ရှင်းပြခဲ့တာဖြစ်ပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ အင်ဒိုနီးရှားအနေနဲ့ မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်းနဲ့ မြန်မာပြည်သူတွေရဲ့ လုံခြုံဘေးကင်းရေးဟာ အထူးအရေးကြီးတဲ့ ကိစ္စဖြစ်ကြောင်း ထုတ်ဖော်ပြောခဲ့တယ်လို့ ဆိုပါတယ်။ သက်ဆိုင်သူ အားလုံးက ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ဖို့၊ သွေးထွက်သံယိုမဖြစ်အောင် ထိခိုက်သေဆုံးမှုတွေ မဖြစ်အောင် အကြမ်းဖက်မှုတွေကို ရှောင်ရှားဖို့လည်းတိုက်တွန်းခဲ့ပြီး အားလုံးပါဝင်တဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဖြစ်ပေါ်လာဖို့ အင်ဒိုနီးရှားအနေနဲ့ ဆက်လက်အလေးထားတိုက်တွန်းနေတယ်လို့ ဝန်ကြီး မာဆုဒီကပြောပါတယ်။

“ဒါကြောင့် ဒီလိုဖြစ်လာစေဖို့ အခြေအနေကောင်းတွေ ဖန်တီးဖို့လိုပါတယ်။ တွေ့ဆုံဆွေးနွေးဖို့၊ ပြန်လည်သင့်မြတ်ဖို့နဲ့ နှစ်ဘက်ယုံကြည်မှုတည်ဆောက်ဖို့ လိုပါတယ်။ အင်ဒိုနီးရှားဟာ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပါတယ်” လို့ပြောပြီး ဘက်စုံက လူတွေနဲ့ ဆက်လက်ဆက်သွယ်ဆောင်ရွက်သွားမယ်လို့လည်း သူက ဆိုပါတယ်။

ဝန်ကြီးရက်တနိုဟာ ကြာသပတေးနေ့မှာ မြန်မာနိုင်ငံကို သွားဖို့စီစဉ်ထားပြီးမှ မြန်မာပြည်သူတွေက ကန့်ကွက်ဆန္ဒပြမှုတွေကြောင့် ခရီးစဉ်ကို ဖျက်ခဲ့ပါတယ်။ ဆန္ဒပြသူတွေက အဲဒီခရီးစဉ်ဟာ အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်ပြုရာရောက်လိမ့်မယ်လို့ဆိုပြီး ကန့်ကွက်ကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ ၁ရက်နေ့က စစ်တပ်က အာဏာသိမ်းယူခဲ့ပြီး ရွေးကောက်ခံအစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးထားခဲ့တာက ဆက်ပြီ ဖြစ်ပေါ်လာနေတဲ့ ပြဿနာတွေကို အာဆီယံအဖွဲ့အနေနဲ့ ကြားဝင်ဖြေရှင်းပေးဖို့ အင်ဒိုနီးရှားက ဦးဆောင်ကြိုးစားလာနေတာဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56140135

စစ်ကောင်စီနဲ့ရော CRPH နဲ့ပါဆွေးနွေးနေတယ်လို့ အင်ဒိုနီးရှားပြော  စစ်ကောင်စီနဲ့ရော CRPH နဲ့ပါဆွေးနွေးနေတယ်လို့ အင်ဒိုနီးရှားပြော Reviewed by THITHTOOLWIN on 20:42 Rating: 5

No comments:

Powered by Blogger.