အာဏာသိမ်းစစ်ကောင်စီကို တရားစွဲဖို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) ပြင်


မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ကောင်စီကို တရားစွဲနိုင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) အနေနဲ့ ဥပဒေအကြံပေးတွေနဲ့ ဆွေးနွေးနေတယ်လို့ CRPH ကော်မတီဝင်တစ်ဦးဖြစ်တဲ့ မဖြူဖြူသင်းက ဘီဘီစီကို ပြောပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်နေ့က ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အင်အားသုံးဖြိုခွဲခဲ့တဲ့ ဖြစ်ရပ်အရဆိုရင် အာဏာသိမ်း စစ်ကောင်စီကို တရားစွဲဖို့ အကြုံးဝင်တဲ့ အခြေအနေ ရှိနေပြီလို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်နေ့တုန်းက နေပြည်တော်၊ မန္တလေးနဲ့ မြို့တချို့မှာ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မီးသတ်ပိုက်တွေ၊ ရာဘာကျည်တွေ၊ ကျည်အစစ်တွေနဲ့ ပစ်ခတ် လူစုခွဲခဲ့ရာမှာ ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ပြီး ဦးခေါင်း ထိမှန်ခဲ့သူ မမြသွဲ့သွဲ့ခိုင်ဟာ အခြေအနေ စိုးရိမ်ရတယ်လို့ သိရပါတယ်။


ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနှောင်းပိုင်းကလည်း ရွှေဂုံတိုင်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရုံးချုပ်အဆောက်အဦးတွေထဲကို အာဏာပိုင်တွေက ဝင်ရောက် စီးနင်းရှာဖွေမှုတွေ လုပ်ခဲ့ပါတယ်။

ဒီလို ဝင်ရောက် စီးနင်းရှာဖွေတာဟာ ရာဇဝတ်မှု ကျူးလွန်တဲ့ ဥပဒေမဲ့လုပ်ရပ် ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်အစိုးရအပေါ် ဥပဒေနဲ့အညီ အရေးယူအပြစ်ပေးနိုင်ရေးအတွက် သူတို့ကျူးလွန်တဲ့ ပြစ်မှုဆိုင်ရာ သက်သေ အထောက်အထားတွေကို စုဆောင်းထားကြဖို့နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ထံ သတင်းအချက်အလက်တွေ ပေးပို့ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

သမ္မတ ဦးဝင်းမြင့်သာလျှင် တရားဝင် သမ္မတအဖြစ် ဆက်လက် တည်ရှိနေကြောင်းနဲ့ နိုင်ငံတကာအနေနဲ့ လက်ရှိ အာဏာသိမ်းစစ်အစိုးရကို အသိအမှတ် မပြုဘဲ ဦးဝင်းမြင့် ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့သာ တရားဝင် ဆက်သွယ်ကြဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)က နိုင်ငံတော် အတိုင်ပင်ခံဥပဒေကို ဆက်လက် ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကို ၅ နှစ် ထပ်မံ သက်တမ်း တိုးလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် နောက်ထပ် ၅ နှစ် ဆက်လက် တာဝန်ပေးအပ်တဲ့ ဥပဒေကို CRPH ထုတ်ဖော်ကြေညာ

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)ကနေ လွှတ်တော်ခေါ်တာ အပါအဝင် လွှတ်တော်လုပ်ငန်းစဉ်တွေကို ပုံမှန် ဆက်လုပ်နေချိန်မှာပဲ စစ်အာဏာသိမ်းအစိုးရရဲ့ နိုင်ငံတော် စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကောင်စီက အသစ်ဖွဲ့စည်းလိုက်တဲ့ ရွေးကောက်ပွဲ ကော်မရှင်သစ်က တပ်မတော်က နိုင်ငံတော်အာဏာကို ရယူလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး လွှတ်တော်တွေနဲ့ ဆက်စပ်ကော်မတီတွေရဲ့ ဥပဒေပြုရေး လုပ်ငန်းတွေ ရပ်ဆိုင်းလိုက်တယ်လို့ ကြေညာထားပါတယ်။

ဖေဖော်ဝါရီ ၅ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ အဲဒီကြေညာချက်မှာ ရွေးကောက်ပွဲ မဲမသမာမှုတွေကို စတင် စုံစမ်းစစ်ဆေးနေပြီလို့လည်း ဖော်ပြထားပါတယ်။ ဒီလို စုံစမ်းစစ်ဆေးနေတဲ့ ကာလအတွင်း ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးကောက်ပွဲကော်မရှင်က ထုတ်ပေးထားတဲ့ အသိအမှတ်ပြုစာတွေက အကျိုးသက်ရောက်မှု ရှိမှာ မဟုတ်ဘူးလို့လည်း ရွေးကောက်ပွဲကော်မရှင်အသစ်က ကြေညာထားပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/burma-55910349

အာဏာသိမ်းစစ်ကောင်စီကို တရားစွဲဖို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) ပြင်  အာဏာသိမ်းစစ်ကောင်စီကို တရားစွဲဖို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) ပြင် Reviewed by THITHTOOLWIN on 01:13 Rating: 5

No comments:

Powered by Blogger.