အာဏာဖီဆန်ရေး အကြမ်းမဖက် လူထုလှုပ်ရှားမှု CDM မှာ ပါဝင်တဲ့ ပြည်သူ့ဝန်ထမ်းတွေ စားသောက်နေ ထိုင်ရေး အခက်အခဲဖြစ်လာရင် ကူညီစောင့်ရှောက်ပေးဖို့ ရည်ရွယ်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေ အများအပြားရှိနေပါတယ်။
အဲဒီအထဲက CDM မှာ ပါဝင်နေတဲ့ ပညာရေးဝန်ထမ်းတွေကို အဓိကထား ကူညီပေးနေတဲ့ PiTi- ပီတိ အဖွဲ့က လူငယ်တွေစုပေါင်းပြီး ဖွဲ့စည်းထားတာပါ။ ပီတိအဖွဲ့က CDM မှာ ပါဝင်နေတဲ့ ပညာရေးဝန်ထမ်း နှစ်ရာ နီးပါးကို ကူညီပေးနေတယ်လို့ အဖွဲ့ဝင် မသူသူက ပြောပါတယ်။
“ပုံစံနှစ်မျိုးရှိတယ်။ လိုအပ်တဲ့အပေါ်မှာ မူတည်ပြီးတော့ သွားတယ်။ ညီမတို့ဖက်က Financial support ပေးတယ်။ Financial support ပေးရာမှာ သူတို့လိုအပ်ခဲ့မယ်ဆိုရင်တော့ ဆန်၊ ဆီ၊ ကုန်ခြောက်လေးတွေ ကူညီပေးတာရှိတယ်။ အလုပ်ကိုင်နဲ့ ပတ်သက်ပြီးတော့လည်း ကူညီပေးတာရှိပါတယ်။ အခု အဖွဲ့ကို ဆက်သွယ်လာတဲ့ ပညာရေးဝန်ထမ်း နှစ်ရာနီးပါးလောက်ရှိမယ်။ အခုများသောအားဖြင့် တက္ကသိုလ် ဆရာမတွေက သိပ်မပါဘူး။ အခုညီမတို့ဆီကို လာဆက်သွယ်တဲ့အခါမှာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းက ဆရာမတွေပိုပြီးပါတယ်။ နေရာစုံကပေ့ါ”
CDM မှာ ပါဝင်နေသူတွေအနေနဲ့ အကူအညီလိုအပ်လာရင် ဆက်သွယ်ဖို့ ဖော်ပြထားတဲ့ ဖုန်းနံပါတ်အပြင် PiTi - ပီတိ ဆိုတဲ့ စာမျက်နှာနဲ့ မက်ဆင်ဂျာကနေ ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။
ဝန်ထမ်းရဲ့အခြေအနေအပေါ်မူတည်ပြီး နေစရာ၊ စားစရာနဲ့ လစာရဲ့ တစ်စိတ်တစ်ပိုင်း ထောက်ပံ့ပေးမှုတွေ အလုပ်ကိုလည်း Get Well Soon Myanmar အဖွဲ့က လုပ်ဆောင်နေပါတယ်။ Get Well Soon Myanmar အဖွဲ့က ကျန်းမာရေးဝန်ကြီးဌာန၊ အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဆည်မြောင်း၊ စည်ပင်သာ ယာရေးနဲ့ စိုက်ပျိုးရေး ဝန်ကြီးဌာန စတဲ့ ဌာနအသီးသီးက CDM မှာပါဝင်တဲ့ ပြည်သူ့ဝန်ထမ်းတွေကို အကူအညီပေးထားတယ်လို့ ဆိုပါတယ်။
CDM လုပ်နေတဲ့ ဝန်ထမ်းတွေ ဒီထက်ပိုပြီး အခက်အခဲမကြုံရစေဖို့ အစိုးရ ဝန်ထမ်းစုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်း တပြိုင်နက်တည်း CDM လုပ်ဖို့လိုတယ်လို့ Get Well Soon Myanmar အဖွဲ့က လုံခြုံရေးအရ အမည်မဖော် လိုတဲ့ တာဝန်ရှိသူတဦးက တိုက်တွန်းပါတယ်။
“CDM လုပ်တဲ့ ဝန်ထမ်းနဲ့ မလုပ်တဲ့ ဝန်ထမ်းမှာ လုပ်တဲ့ ဝန်ထမ်းတွေကတော့ လုပ်ပြီးသွားပြီ။ လုပ်တဲ့ ဝန်ထမ်းတွေက သူတို့မှာ ဘာဖြစ်ကြလဲဆိုတော့ ငါတို့ကို ဘယ်လောက်ကြာကြာ ထောက်ပံ့မှာလဲဆိုတဲ့ မေးခွန်းလူတိုင်းမေးကြတယ်။ တကယ်တော့ ကျွန်တော်တို့က လက်ရှိမှာ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ဝန်ထမ်းယန္တရားရဲ့ ၇၅ ရာခိုင်နှုန်းက CDM လုပ်မယ်ဆိုရင် ချက်ချင်းအာဏာပြန်ရမယ်။ ဒါကိုသူတို့တွေက လုပ်ဖို့မတွေးကြသေးဘဲ ဘယ်လောက်ကြာကြာ ထောက်ပံ့မှာလည်းဆိုတဲ့ တွေဝေမှုတွေကြောင့် ရှေ့မှာ CDM လုပ်ထားတဲ့သူတွေက ရက်တွေကြာလာပြီးတော့ သူတို့အတွက် ပိုပြီး အန္တရာယ်များတယ်။ တစ်နိုင်ငံလုံးက ဝန်ထမ်းတွေက ၄၈ နာရီလောက် တစ်ပြိုင်တည်း CDM လုပ်ပါတယ်။ ဒါဆို ဘယ်သူ့ဘယ်သူမှ ထောက်ပံ့ကြေး လိုမှာမဟုတ်ဘူး။ ၄၈ နာရီတောင့်ခံဖို့ဆိုတာ အရမ်းလွယ်တယ်။ ဒါကြောင့် တပြိုင်တည်း ပါဝင်ကြပါတယ်“
လက်ရှိ အာဏာသိမ်းစစ်ကောင်စီ အစိုးရကို တစ်ပြည်လုံးမှာ ဆန္ဒပြနေကြသလို ကျန်းမာရေး၊ ပညာရေး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေ စတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကလည်း အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်နေကြတာပါ။ မတရားမှုကို ဆန့်ကျင်ချင်တာကြောင့် CDM လှုပ်ရှားမှုမှာ ပါဝင်တာလို့ ဆရာမ တစ်ဦးက ဆိုပါတယ်။
“အခုအချိန်ထိတော့ ဘာမှအခက်အခဲမရှိဘူး။ ဆရာ၊ ဆရာမတွေက ဒါဟာ တရားဓမ္မမှုကနေ လွဲချော်နေ တဲ့အတွက် ဝန်ကြီးဌာနတစ်ခုအနေနဲ့ ဝင်ပါတဲ့ သဘောမျိုးပါ“
CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ပညာရေးဝန်ထမ်းတွေရဲ့ အခြေခံလစာ ထောက်ပံ့ပေးနိုင်ဖို့ တက္ကသိုလ် ဆရာ၊ ဆရာမများ CDM လှုပ်ရှား မှုကော်မတီက စီစဉ်နေတာတွေလည်းရှိတယ်လို့ အထက်မြန်မာပြည် ဆရာများ သမဂ္ဂ ဥက္ကဋ္ဌ ဦးသုတက ပြောပါတယ်။
“အစီအစဉ်ကတော့ ရှိတယ်။ ကျွန်တော်တို့ ဝန်ထမ်းတွေကို၊ ကျွန်တော်တို့က ဆက်လက်ပြီး ချိတ်ဆက် ဆောင်ရွက်နေပါတယ်“
CDM မှာ ပါဝင်ကြတဲ့ ပညာရေး ဝန်ထမ်းတွေအနေနဲ့ လစာငွေမရခဲ့ရင် ဒေါက်တာအာကာမိုးသူရဲ့ ဖေ့စ်ဘွတ်ခ် (Arkar Moethu) ဒါမှမဟုတ် မက်ဆင်ဂျာကတဆင့် ဆက်သွယ်ပေးဖို့ တက္ကသိုလ် ဆရာ၊ ဆရာမများ CDM လှုပ်ရှားမှုကော်မတီဝင် ရန်ကုန် တက္ကသိုလ် ပါမောက္ခ ဒေါက်တာ အာကာမိုးသူက အသိပေး ရေးသားထား ပါတယ်။
CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ဝန်ထမ်းတွေကို မူလတာဝန်ရာထူးတည်မြဲဖို့ ဥပဒေနဲ့အညီ ကာကွယ်ပေးမယ်လို့ NLD ပါတီက ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီကလည်း ကြေညာချက် ထုတ်ပြန်ပေးထားပါတယ်။
CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းတွေအနေနဲ့ ရုံးအမြန်ပြန်တက်ဖို့နဲ့ ရုံးပြန်မတက်ဘူးဆိုရင် အရေးယူမယ် လို့ ဖိအားပေးအမိန့်ကြေညာစာတွေ ထုတ်ပြန်ပြန်ထားသလို နေ့စဉ် ညပိုင်းတွေမှာ လိုက်လံဖမ်းဆီးတာတွေ လည်း ရှိနေပေမယ့် စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ လူထုဆန္ဒပြပွဲတွေမှာ အစိုးရဝန်ထမ်းတွေ ပါဝင်လာမှု ကတော့ မြင့်တက်နေဆဲပဲ ဖြစ်ပါတယ်။
RFA Burmese
CDM လုပ်တဲ့ ဝန်ထမ်းတွေကို အဖွဲ့ဖွဲ့ပြီး ကူညီပံ့ပိုးနေ
Reviewed by THITHTOOLWIN
on
19:58
Rating:
No comments:
Post a Comment